အင်ဒိုနီးရှား၌ မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ စွန့်ခွာ

ဂျကာတာ ၃၀  နိုဝင်ဘာ

နိုဝင်ဘာ ၂၉ ရက်က အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတင်ဂါရာပြည်နယ်၊ လင်ဘာတာခရိုင်၌ မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၄၆၂၈ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ပြောကြားသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် နေအိမ်စွန့်ခွာသွားသည့် အဆိုပါဒေသခံပြည်သူများသည် ယာယီခိုလှုံရေးစခန်း ခုနစ်ခုသို့ ပြောင်းရွှေ့သွားပြီး ခရိုင်ရုံးဟောင်းတွင် လူဦးရေ ၃၆၇၂ ဦး၊ ဒေသဆိုင်ရာ အစိုးရရုံးတွင် ၃၃၈ ဦး၊ တာပိုလန်ဂူကျေးရွာတွင် ၂၈၇ ဦး၊ အန်ကာရာခန်းမတွင် ၁၄၈ ဦး၊ အလယ်ဝိုလယ်ဘာ ကျေးရွာတွင် ၁၄၀ ဦး၊ ဟာနားစ်ကွင်းတွင် ၂၈ ဦးနှင့် ဘာအိုပါနာကျေးရွာတွင် ၁၅ ဦးစသည်ဖြင့် တာဝန်ရှိသူများက နေရာချပေးထားကြောင်း သိရသည်။

 

a1

 

ထို့အပြင် တာဝန်ရှိသူများသည် နေအိမ်စွန့်ခွာသူများအတွက် အများသုံး မီဖိုချောင်များနှင့် ကျန်းမာရေး စောင့်ရှောက်ရေးစင်တာများကို တည်ဆောက်ပေးထားသည့်အပြင် သန့်ရှင်းသော သောက်သုံးရေကိုလည်း ပံ့ပိုးပေးထားကြောင်း သိရသည်။

သို့သော် မီးတောင်ဘေးသင့် ပြည်သူများသည် ကယ်ဆယ်ရေးတဲများ၊ ငါးနှစ်အောက် ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများ၊ နှာခေါင်းစည်းများ၊ စောင်များ၊ အိပ်ယာခင်းဖျာများ၊ တာပေါ်လင်စများနှင့် ကလေးများအတွက် စေတနာ့ဝန်ထမ်း မလောက်မငမှုများနှင့် လောလောဆယ် ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

အီလီလယ်ဝိုတိုလော့ခ်ဟုခေါ်သည့် အဆိုပါ မီးတောင်သည် နိုဝင်ဘာ ၂၉ ရက်က ၁၀ မိနစ်ကြာ ပေါက်ကွဲခဲ့ပြီးနောက် ပြာမှုန့်များကို အမြင့် မီတာ ၄၀၀၀ အထိ မှုတ်ထုတ်ခဲ့သည်။  မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားမီးတောင်နှင့် ဘူမီဗေဒဘေးအန္တရာယ် လျှော့ချရေးအေဂျင်စီက မီးတောင်ဆိုင်ရာ သတိပေးချက် အဆင့်လေးဆင့်ရှိသည့်အနက် သတိပေးချက်အဆင့်သုံးကို ထုတ်ပြန်ကြေညာလိုက်သည်။

တစ်ချိန်တည်းမှာပင် ဒေသဆိုင်ရာအာဏာပိုင်များက မီးတောင်ထိပ်ဝမှ ဘေးပတ်ပတ်လည် လေးကီလိုမီတာအတွင်း သွားလာလှုပ်ရှားမှု မပြုကြရန်နှင့် မီးတောင်မှ မြစ်ဖျားခံသော မြစ်ချောင်းများမှ ခပ်ဝေးဝေးနေကြရန်နှင့် မီးတောင်ပြာမှုန့်ကြောင့် ဖြစ်ပေါ်နိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာမှ ရှောင်ရှားရန်အတွက် နှာခေါင်းစည်းများကို အတတ်နိုင်ဆုံး တပ်ဆင်ကြရန် ဒေသခံပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များအား အကြံ ‌ေပးထားကြောင်းသိရသည်။

ကိုးကား - ဆင်ဟွာ  Photo - VOI, AFP
ဘာသာပြန် - ဂျေတီ