အင်တာမီလန်အသင်းနည်းပြ ကွန်တီက တိုက်စစ်မှူး အူဘာမေယန်ကို ခေါ်ယူဖို့မျှော်လင့်

၁၈  ဖေဖော်ဝါရီ

အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းနည်းပြ ကွန်တီဟာ အာဆင်နယ်အသင်းမှ ဂါဘွန်တိုက်စစ်မှူး အူဘာမေယန်ကို ခေါ်ယူဖို့ မျှော်လင့်လျက်ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမေယန်ဟာ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းမှာ နောက်ဆုံး ၁၈ လသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်း အဆင့် ၄ စာရင်းမဝင်နိုင်တာက အူဘာမေယန်ကို အသင်းကနေ ဆုံးရှုံးရမယ့် အခြေအနေဖြစ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို ရောက်ရှိချိန်ကတည်းက ဥရောပပြိုင်ပွဲနဲ့ လွဲခဲ့ရတာမို့ တိုက်စစ်မှူး အူဘာမေယန်အနေနဲ့ မြောက်လန်ဒန်မှာ ဆက်ရှိမယ့် သူ့ရဲ့ အနာဂတ်အတွက် စဉ်းစားလာဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကလည်း ဂါဘွန်တိုက်စစ်မှူး အူဘာမေယန်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူဖို့ ပြောင်းလဲစီစဉ် နေတာဖြစ်ပါတယ်။

ဒါကြောင့် အင်တာမီလန်အသင်းက တိုက်စစ်မှူး မာတီနက်ဇ်ကို ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် အစားထိုး ကစားသမားအဖြစ် အသင့်ခေါ်ယူနိုင်ရေးအတွက် အာဆင်နယ်အသင်း တိုက်စစ်မှူး အူဘာမေယန်ကို ခေါ်ယူဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ငွေကြယ်