အင်းဝဒေသရောက်သူတိုင်း အားထားလေ့လာ ဖူးမြော်သည့် ရတနာဆီမီး ဘုရားစု

အင်းဝ ၂၀ စက်တင်ဘာ

အင်းဝဒေသည် သမိုင်းဝင် ရှေးဟောင်းဘုရားများစွာ သမိုင်းဝင်နေရာများစွာ တည်ရှိလျက်ရှိရာ အင်းဝဒေသရောက် ဘုရားဖူးအများစုမှာ ရတနာ ဆီမီးဘုရားစုကို အားထားဖူးမြော်ကြကြောင်း သိရသည်။ အင်းဝမြို့ကို သက္ကရာဇ် (၇၂၆)ခုနှစ်တွင် သတိုးမင်းဖျားက စတင်တည်ထောင်ခဲ့သည်။ မြို့တော်ကို ရတနာပူရ၊ နန်းတော်ကို ရွှေဘုံသာနန်းဟု သမုတ်ပြီး စိုးစံခဲ့သည့် မင်းနေပြည်တော်ပင်ဖြစ်သည်။

အင်းဝမြို့မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။ ဟံသာဝတီဆင်ဖြူရှင်၏သားတော် ညောင်ရမ်းမင်း (မင်းရဲနန္ဒမိတ်)သည် ၉၅၉-၉၆၇ AD ၁၅၉၇-၁၆၀၅ ခုနှစ်တွင် အင်းဝမြို့ကို ဒုတိယအကြိမ် မင်းနေပြည်တော်အဖြစ် တည်ခဲ့ပြီး ညောင်ရမ်းမင်းဆက် (၁၀)ပါးစံမြန်းခဲ့သည်။ ထို့နောက် ကုန်းဘောင်မင်းဆက်မှ မြေဒူးမင်း(ဆင်ဖြူရှင်)နှင့် စစ်ကိုင်းမင်း(ဘကြီးတော်)တို့က မင်းနေပြည်တော်အဖြစ် မြို့တည်နန်းတည်ပြု၍ စံမြန်းခဲ့ကြရာ မင်းနေပြည်တော် လေးကြိမ်၊ မင်းဆက် (၃၁)ဆက် စံမြန်းခဲ့ပြီး နှစ်ပေါင်း (၄၀၀)ကျော် ထွန်းကားခဲ့သည့် စိတ်ဝင်စားဖွယ်ရာ မြို့ဖြစ်သည်။

အင်းဝဒေသရောက် နိုင်ငံတကာခရီးသွားများ အားထားလေ့လာသည့် ဘုရားများထဲတွင် ရတနာဆီမီး ဘုရားစုပါဝင်သည်။ ရတနာဆီမီးဘုရားစုမှာ အင်းဝမြို့ မီးသွေးတိုက်အုပ်စု၊ အပြင်စံရာရပ်၌တည်ရှိပြီး ထန်းပင် လက်ပံပင်များဝန်းရံကာ အစုလိုက်တည်ရှိနေသည့်အတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။ ရတနာဆီမီးဘုရားစုတွင် စေတီခြောက်ဆူ၊ အုတ်ပြာဿာဒ် တစ်ဆူနှင့် ဂန္ဓကုဋိတိုက် (၃)တိုက် တည်ရှိပြီး လက်ရာမျိုးစုံကို လေ့လာနိုင်သည်။

ရတနာဆီမီးဘုရားစုအတွင်းတွင် အဆောက်အအုံအမှတ် (၃၇၂)မှ (၃၈၁)အထိ အမှတ်စဉ်အလိုက် ဗိသုကာလက်ရာ (၁၀)ခုကို တစ်နေရာတည်းတွင် ပင်လေ့လာနိုင်သည်။ ဗိသုကာလက်ရာပုံစံများမှာ အမရပူရခေတ်လက်ရာ အုတ်ပြာသာဒ်၊ ရတနာပုံခေတ်လက်ရာ ဆင်းတုတော်နှင့် ကုန်းဘောင်ခေတ်ဦး လက်ရာများကို လေ့လာတွေ့ရှိနိုင်သည်။ ထိုလက်ရာများထဲတွင် အဆောက်အဦအမှတ် (၃၇၈)ဂန္ဓကုဋိတိုက်မှာ အုတ်ဖြင့် တည်ဆောက်ထားပြီး ထူးခြားလှသည်။ အရှေ့ဘက်နံရံ၌ ဝင်ပေါင်သုံးပေါက်ပါရှိပြီး ဝင်ပေါက်များကို မုခ်တံကဲပန်းများဖြင့် တန်ဆာဆင်ထားသည်။

အရှေ့ဘက်ဆုံး ဝင်ပေါက်(၃)ပေါက်၏ မြောက်ဘက်ဆုံးဝင်ပေါက်၌ ကြေးညီနောင်(၂)ပါး ပုံကိုမြင်တွေ့နိုင်သည်။ ဂန္ဓကုဋိတိုက်အတွင်းတွင် အရှေ့ဘက်သို့ မျက်နှာမူနေသော ပျက်စီးနေသည့် ပလ္လင်ခုံတစ်ခုရှိသည်။ ဂန္ဓကုဋိတိုက် အတွင်းနံရံများတွင် ဆင်းတုတော်များထားရှိရန် မုခ်ကပ်ငယ်များကို တွေ့မြင်နိုင်သည်။ မြောက်ဘက်၌ မုခ်ကပ်ငယ် (၇)ခု၊ တောင်ဘက်(၇)ခု၊ အနောက်ဘက်(၁၂)ခုနှင့် တောင်ဘက်တွင် လေသာပြတင်း (၂)ခုပါရှိသည်။ အခြားလက်ရာများမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်နေသည့်အတွက် ပြည်တွင်းဘုရားဖူးဧည့်သည်တိုင်း  လာရောက်လေ့လာခြင်း၊ မှတ်တမ်းရိုက်ကူးခြင်းများကို အများဆုံး ပြုလုပ်ကြကြောင်း သိရသည်။

တိမ်တမန်