အနီရောင်အသားတွေရှောင်လွန်းတာလည်း သိပ်မကောင်းဘူးနော်

၂၁ နိုဝင်ဘာ

 

ကြင်နာစိတ်ကြီးသူတွေ၊ ရောဖြစ်မှာကိုကြောက်တတ်သူတွေက အနီရောင်အသားတွေကို ရှောင်ကြတာ များတယ်နော်။ အနီရောင်အသားစားတာများရင် အူမကြီးကင်ဆာဖြစ်တတ်တယ်။ ရောဂါတွေ တိုးစေတယ်ဆိုတာကိုး။ ဒီလိုပြောဆိုမှုတွေက လူတော်တော်များများကို အနီရောင်အသားတွေကို ရှောင်သွားစေပါတယ်။ ဒီအလေ့အထက တကယ်ကောကျန်းမာရေးကို အထောက်အကူပြုရဲ့လား။ ခန္ဓာကိုယ်ဆိုတာကလည်း ထိုက်သင့်တဲ့ အာဟာရပြည့်ဝပါမှ ကျန်းမာမှာပါ။

 

အနီရောင်အသားစားသုံးမှုနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်ရပ်

 

အနီရောင်အသား စားသုံးမှုများတာ၊ ပြုပြင်ထားတဲ့ အသားတွေစားတာက ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ တော်တော်များများက သိထားပြီးသားပါ။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှု တစ်ရပ်အရတော့ ဒီအစားအစာတွေကို လျှော့စားတာကလည် အသက်တိုစေနိုင်ပါတယ်တဲ့နော်။ အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပေါ့။

 

ကမ္ဘာတလွှားမှာ အနီရောင်အသားတွေဖြစ်ကြတဲ့ အမဲသား၊ ဆိတ်သား၊ သိုးသားနဲ့ ဝက်သား အပါအဝင် ကြက်သား၊ ဘဲသားတွေကို စားသုံးမှုနှုန်းကပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရော တော်တော်လေးများ လာခဲ့ပါတယ်။ ဒီလိုမြင့်မားလာတဲ့ စားသုံးမှုကပဲ လေ့လာသူတွေကို အနီရောင်အသားစားသုံးမှုများတာက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲဆိုတာကို လေ့လာဖို့တွန်းအား ဖြစ်စေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က လေ့လာခဲ့တဲ့ လေ့လာမှုအရကတော့ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေ စားသုံးမှုများသူတွေက အသက်တိုနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

ဒီလိုရလဒ်က လေ့လာမှုတစ်စုံတရာမရှိဘဲ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေကို လျှော့စားရင် အသက်ရှည်မယ်ရောဂါကင်းမယ်ဆိုတဲ့ ယူဆလက်ခံချက်ကို ဖြစ်စေခဲ့ပါတယ်။ အနီရောင်အသာနဲ့ ပြုပြင်ထားတဲ့ အသားဆားနယ်၊ ဝက်ပေါင်ခြောက်တို့လိုမျိုး အသားတွေကို စားမယ်ဆိုရင် ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ခံစားရစေနိုင်တယ်ဆိုတော့ ကျန်းမာရေးထိခိုက်မှာ စိုးတာကြောင့် ဒီအသားတွေကို လျှော့စားတာကလည်းဖြစ်သင့်တဲ့ အချက်တစ်ခုပဲကိုး။ ဒါပေမယ့် ထိုက်သင့်သလောက်လေးတော့ စားဖို့ပြောပါရစေနော်။

 

အနီရောင်အသားမစားဘူးဆိုတိုင်း ရောဂါကင်းပြီး အသက်ရှည်မယ်လို့ မဆိုနိုင်ပါဘူး

 

အနီရောင်အသားစားလို့ အသက်တိုတာကိုသာ လေ့လာထားတာကြောင့် မတူတဲ့လေ့လာမှု တစ်ရပ်အနေနဲ့ အနီရောင်အသားစားသုံးမှုနည်းတာကရော ဘာတွေများကောင်းလို့ ဘာတွေများ ဆိုးကျိုးဖြစ်စေနိုင်လဲ ဆိုတာကို သိနိုင်ဖို့ သုတေသီတွေက လူဦးရေ ၉၆၀ဝ၀ ကို ၂၀ဝ၂ ခုနှစ်ကနေ ၂၀ဝ၇ ခုနှစ်အထိ လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ အနီရောင်အသားကို အလွန်အကျွံ စားသုံးသူတွေတင်မဟုတ်ဘဲ အနီရောင်အသားနဲ့ပြုပြင်ထားတဲ့ အသားတွေကို နည်းနည်းပဲ စားသုံးသူတွေဟာလည်း အသက်တိုနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

 

လေ့လာမှုတွေ့ရှိချက်အရ တစ်နေ့ကို အနီရောင်အသား ၂ အောင်စ ဒါမှမဟုတ် ၂ အောင်စ ထက်နည်းတဲ့ ပမာဏ စားသုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာလည်း အရွယ်မတိုင်ခင် သေဆုံးကြရတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အနီရောင်အသားကို တစ်ပတ်မှာ ၂ ကြိမ်အောက် စားသုံးသူတွေဟာလည်း အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားတွေကို အစားများသူတွေ နည်းတူ အဝလွန်တာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါတွေဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားစားသုံးမှုနည်းတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ခံစားရစေနိုင်ပါတယ်နော်။

 

အနီရောင်အသားကို အကြောင်းအရင်းတစ်ခုခုကြောင့် မစားချင်ဘူးဆိုရင်တောင်မှ ထိုက်သင့် သလောက်တော့ စားပေးပါ။ ဒါမှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေလည်းပြည့် ကျန်းမာပျော်ရွှင်ပြီး အသက်လည်းရှည်စေမှာပါ။ အနီရောင်အသားစားလို့ ရောဂါဖြစ်စေနိုင်သလို စားတာနည်းရင်လည်း ရောဂါဖြစ်စေနိုင်ပါသေးတယ်နော်။ ဒါကြောင့် မကြိုက်ဘူးဆိုရင်တောင် ဆေးဖြစ်ဝါးဖြစ်လေးတော ့နည်းနည်းစားပါနော် Hello ဆရာဝန်ပရိသတ်ကြီးရေ………….

 

ရေးသားသူ -Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”