အနုပညာသက်တမ်းငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကလေးများအတွက် လှူဒါန်းခဲ့တဲ့ Seventeen

မေ ၂၇

 

တောင်ကိုရီးယားအမျိုးသား တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Seventeen ဟာ လတ်တလောမှာ တေးဂီတလောကအတွင်း စတင်ဝင်ရောက်ခဲ့တာ ငါးနှစ်ပြည့် ခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ပညာရေးနဲ့ပတ်သက်တဲ့ လှူဒါန်းမှုတွေပြုခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ယနေ့မှာ Seventeen ဟာ အနုပညာသက်တမ်း ငါးနှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါနေ့မှာ အဖွဲ့ရဲ့ တတိယမြောက် စတီရီယိုတေးအယ်လ်ဘမ် An Ode ကို ရိုက်ကူးစဉ် လျှပ်တစ်ပြက်ရိုက်ကူးထားတဲ့ အဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေ ပါဝင်နေတဲ့ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒါ့အပြင် ယနေ့မှာ အမှန် တကယ်အကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် ပညာသင်ဆုတွေ ကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

 

အဖွဲ့ဝင်တွေဟာ ဒီလိုလှူဒါန်းရာမှာ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ နိုင်ငံအသီးသီး မှ ရွှေ့ပြောင်းနေထိုင်ကြတဲ့ မိသားစုတွေမှ ကလေးငယ်တွေအတွက် အဓိက ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ပညာသင်ဆုတွေနဲ့ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာပညာရပ်တွေ သင်ကြားဖို့အတွက် ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

 

Seventeen ဟာ အနုပညာသက်တမ်းတစ်လျှောက် နှစ်ပတ်လည်နေ့တွေမှာ ယခုလိုပင် ကလေးတွေအတွက် ရည်ရွယ်ကာ လှူဒါန်းမှုတွေ ပြုလေ့ရှိပါတယ်။ သုံးနှစ်ပြည့်နှစ်ပတ်လည်မှာလည်း အွန်ဖြုံးခရိုင်မှာရှိတဲ့ ကလေးများစင်တာကို လှူဒါန်းခဲ့ပြီး လေးနှစ်ပြည့်နှစ်ပတ်လည်မှာတော့ ကလေးများအတွက် လုံခြုံတဲ့ နေအိမ်ရရှိရေးလှုပ်ရှားမှုမှာ ပါဝင်လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

 

အေးပြည့် - စုစည်းသည်