အပန်းဖြေလေ့လာစရာ နတ်မတောင်အမျိုးသားဥယျာဉ်ဆီသို့သာ

၁၄ ဇွန်

 

နတ်မတောင်အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံတွင် ထင်ရှားသောအမျိုးသားဥယျာဉ် တစ်ခု ဖြစ်ပါသည်။ နတ်မတောင်အမျိုးသား ဥယျာဉ်ကား ကန်ပက်လက်မြို့အနီးတွင် တည်ရှိသည်။ ကန်ပက်လက်မြို့သည် ချင်း ပြည်နယ်တောင်ပိုင်းတွင်ရှိပြီး ကန်ပက်လက် သို့ မော်တော်ယာဉ်ဖြင့် လာပါက ညောင်ဦး-ကန်ပက်လက် ၁၀၃ မိုင်၊ ရန်ကုန် -ချောက် ၄၀၉ မိုင်၊ ချောက်-ကန်ပက်လက် ၈၅ မိုင်၊ ကျောက်ထု-ကန်ပက်လက်-မင်းတပ် ၃၇ မိုင်၊ မတူပီ-မင်းတပ် ၁၀၂ မိုင် သွားလာရသည်။ ကန်ပက်လက်မြို့သည် ရပ်ကွက်နှစ်ခု၊ ကျေးရွာ အုပ်စု ၂၆ ခု၊ ကျေးရွာ ၁၀၉ ရွာ၊ လူဦးရေ ၂၃၀၀၀ ကျော် နေထိုင်ကြသော တောင်ပေါ် အပန်းဖြေစခန်းမြို့လည်း ဖြစ်သည်။

 

နတ်မတောင် အမျိုးသားဥယျာဉ်ရှိသည့် ဝိတိုရိယ (ခေါ်) ခေါ်နူးစုမ်တောင်သည် ဟိမဝန္တာတောင်၏ တောင်ဘက်အကျဆုံး ဖြစ်သည်။ ခေါ်နူးစုမ်ဆိုသည်မှာ “ခေါ်-နယ်မြေ၊ နူး-အမေ၊ စုမ်-တောင်ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ မူလမီးတောင်တစ်ခုဖြစ်ပြီး အရှေ့ တောင်အာရှတွင် အမြင့်ဆုံးမြေသားတောင် ဖြစ်သည်။ ၁၉၃၆ခုနှစ်က ဘောလီမိုးကြိုးဝိုင်း အဖြစ် တည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နတ်မတောင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ကန်ပက်လက်၊ မင်းတပ်ဖြင့် ဖွဲ့စည်းထားသော မင်းတပ်ခရိုင်တွင် တည်ရှိပါ သည်။ ကန်ပက်လက်ဟု ခေါ်ရခြင်းမှာ ယခင် က လောင်နူး(ခေါ်) ရေကန်ကြီးတစ်ခုရှိပြီး ပုလဲရောင်ကျောက်တုံးကြီးတစ်လုံး ရေထဲရှိနေ သောကြောင့် ကန်ပုလဲဟုခေါ်ရာမှ ကန်ပက်လက်ဟု ပြောင်းလဲခေါ်တွင်လာကြောင်း သိရ ပါသည်။

 

နတ်မတောင်အမျိုးသားဥယျာဉ်ကို ၁၉၉၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ပြီး အခြေ စိုက်ရုံးကို ကန်ပက်လက်မြို့၌ ဖွင့်လှစ်ထား သည်။ နတ်မတောင်အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံသာမက ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲများ မှီခိုကျက်စားရာ အရေးကြီးသော သဘာဝထိန်းသိမ်းနယ်မြေလည်း ဖြစ်သည်။ ယခုအခါ နတ်မတောင်အမည်အား ခေါ်နူးစုမ် အဖြစ် ပြောင်းလဲခေါ်ဝေါ်ရန် တင်ပြထား ကြောင်း သိရှိရသည်။

 

နတ်မတောင်အမျိုးသားဥယျာဉ် ထားရှိ ခြင်းရည်ရွယ်ချက်များမှာ တောင်ပေါ် ဇီဝမျိုးစုံမျိုးကွဲ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတော်၏ အရေးကြီးသော ရေဝေဒေသကို အချိန်မီ ထိန်းသိမ်းကာကွယ်ရန်၊ အမျိုးသားဥယျာဉ် တည်ဆောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက် လာစေရန်၊ သဘာဝကိုအခြေခံသော ခရီးသွား လုပ်ငန်း (Ecotourism)ဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာစေရန်တို့ ဖြစ်သည်။ မြေမျက်နှာ သွင်ပြင်မှာ တောင်ကုန်း၊ တောင်တန်းများ ပေါ များပြီး သက်နုကျောက်တုံးများနှင့် သလင်း ကျောက်တို့ဖြင့် ဖွဲ့စည်းထားသည်။

 

နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၆၅ လက်မရှိပြီး အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၃ ဒီဂရီစင်တီဂရိတ်ရှိသည်။

 

နတ်မတောင် အမျိုးသားဥယျာဉ်တွင် ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်း ထားသည်။ ယနေ့အထိ ငှက်မျိုးစိတ်ပေါင်း ၂၈၄ မျိုးအား မျိုးစိတ်ခွဲခြားပြီး ဖြစ်သည်။ မျက်ခုံးမွှေးဖြူငှက်ပြာခြောက်သည် တစ်ကမ္ဘာလုံး၌ နတ်မတောင်တွင်သာ တွေ့ရသော ဇာတိငှက်မျိုးစိတ် ဖြစ်သည်။ မျိုးငှက် ၃၄၅ မျိုး ရှိသည်။ တွေ့ရှိရသည့် ငှက်မျိုးစိတ်များတွင် ရှားပါးငှက်မျိုးစိတ်များဖြစ်သည့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်၊ လင်းတကျောဖြူ၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ အောင်လောင်ရင် အုပ်နီ၊ ဇာမဏီတို့ပါဝင်ပြီး မျက်ခုံးဖြူ ငှက်ပြာ ခြောက်သည် နတ်မတောင် အမျိုးသားဥယျာဉ် နှင့် ပတ်ဝန်းကျင်ဒေသတွင်သာ တွေ့ရှိရသည့် ဒေသရင်း ငှက်မျိုးစိတ် ဖြစ်သည်။

 

သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ ကိုချီ ပြည်နယ်ရှိ မာကီနိုရုက္ခဗေဒဥယျာဉ်တို့ ပူးပေါင်းပြီး ရေညှိပင် (Mosses)မျိုးစိတ် ခွဲခြား ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ရေညှိပင် (Mosses) ၁၅၂ မျိုးအား မျိုးစိတ်ခွဲခြားနိုင်ခဲ့ပြီ ဖြစ်သည်။ Hyprodontopis Spatalata သည် ကမ္ဘာပေါ်တွင် နတ်မတောင်တွင်သာ တွေ့ရ သော ဇာတိမျိုးစိတ် ဖြစ်သည်။

 

နတ်မတောင်အမျိုးသားဥယျာဉ်အတွင်း၌ ပိုးတောင်မာ (Beetle) မျိုးစိတ်ပေါင်း ၁၀၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ပိုးတောင် မာ ၃၂ မျိုးသာ မျိုးစိတ်ခွဲခြားရရှိပြီး ဖြစ်သည်။ လိပ်ပြာ မျိုးစိတ်ပေါင်း ၇၇ မျိုး ခွဲခြားနိုင်ခဲ့ပြီး ဖြစ်သည်။

 

ကုန်း၊ ရေနေနှင့် တွားသွားသတ္တဝါ မျိုးစိတ် သုတေသနပြု မျိုးခွဲခြင်းလုပ်ငန်းကို သစ်တော ဦးစီးဌာနနှင့် California Academy of Science (CAS) တို့ ပူးပေါင်း၍ ၁-၇-၂၀၀၅ မှ ၃၀-၇-၂၀၀၆ အထိ သုတေသနပြုလေ့လာခဲ့ရာ ဖားမျိုးစိတ် ၃၄ မျိုး၊ အခွံပျော့လိပ် တစ်မျိုး၊ လိပ်ဝါ တစ်မျိုး၊ ကင်းလိပ်ချောမျိုးစိတ် ၃၁ မျိုး၊ မြွေမျိုးစိတ် ၃၉ မျိုးအား မှတ်တမ်းတင် နိုင်ခဲ့သည်ကို တွေ့ရသည်။ နို့တိုက်သတ္တဝါ ၃၅ မျိုး၊ ငှက် ၃၄၅ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွား သွားသတ္တဝါ ၁၀၅ မျိုး၊ လိပ်ပြာ ၉၉ မျိုး၊ အခွံ မာပိုးကောင် ၃၅ မျိုး၊ အပင် ၁၀၂၄ မျိုး၊ သစ်ခွ ၉၁ မျိုး၊ ဆေးဖက်ဝင်အပင် ၇၁ မျိုးတို့ရှိ ကြောင်း သိရသည်။ အခြားမျိုးစိတ်များအဖြစ် ဝိတိုရိယဖားဘက်၊ ချင်းတောင်ပုတ်သင်၊ တောင်ဇလပ်အဖြူ၊ တောင်ဇလပ်အဝါတို့ ရှိသည်။ အဆိုပါမျိုးစိတ်များအနက် ၂၇ မျိုးသည် တစ်ကမ္ဘာလုံး၏ သိပ္ပံဆိုင်ရာမှတ်တမ်းသစ်များ ဖြစ်လာကြသည်။ ချင်းတောင်ပုတ်သင် (Calotes Chin Collium)၊ အမြဲစိမ်းတောပုတ်သင် (Ptyctotaemus Spp:)၊ တောက်တဲ့ကြား (Lytodactylus Spp:)များသည် ကမ္ဘာပေါ်တွင် ချင်းတောင်တန်းတစ်ခုတည်း၌သာ တွေ့ရသော ဇာတိမျိုးစိတ်များ ဖြစ်ကြသည်။

 

၂၀၀၂ ခုနှစ်မှစ၍ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ ကိုချီပြည်နယ်ရှိ မာကီနိုရုက္ခဗေဒ ဥယျာဉ်တို့ ပူးပေါင်း၍ သဘာဝအပင်များ၊ ဆေးဖက်ဝင်အပင်များကို မျိုးစိတ်ခွဲခြားမှု သုတေသနလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

 

ယနေ့အထိ အပင်နမူနာပေါင်း ၄၀၀၀ ခန့် စုဆောင်းရရှိပြီး မျိုးစိတ်ပေါင်း ၈၀၄မျိုးအား ခွဲခြားနိုင်ခဲ့သည်။ တောင်ဇလပ်ဖြူ၊ တောင် ဇလပ်နီ (Potentilia Montis Victoriae) သည် ကချင်ပြည်နယ်နှင့် နတ်မတောင်အပါအဝင် ချင်းပြည်နယ်အတွင်း၌ တွေ့ရှိရသော သဘာဝ ပေါက်ပင်အဖြစ် မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် သစ်ခွမျိုးစိတ်ပေါင်း အပင် ၁၂၀ စုဆောင်းရရှိပြီး ၃၅ မျိုးကို ခွဲခြားမှတ်တမ်းတင်နိုင်ခဲ့ပြီး ဖြစ်သည်။ သဘာဝအပင်မျိုးစိတ်ပေါင်း ၆၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

 

နတ်မတောင်တွင် ရုက္ခဗေဒပညာရှင်နှင့် ပထဝီဆရာတစ်ဦးဖြစ်သူ အင်္ဂလိပ်လူမျိုး Mr. Frank Kingdon Ward ၏ အနှစ် ၃၀ ကြာ နတ်မတောင်ပေါ်ဒေသ ရုက္ခဗေဒဆိုင်ရာ စုဆောင်းမှုများနှင့် သစ်ပင်များအကြောင်း စူးစမ်းရှာဖွေမှုကို ၁၉၅၆ ခုနှစ်တွင် ပြီးဆုံးခဲ့ သည်။ သူ၏ စူးစမ်းတင်ပြချက်ကြောင့် မြန်မာ့ပန်းမာန်များသည် ကမ္ဘာ့ဥယျာဉ်မှူးများ လောကတွင် ထင်ရှားလာခဲ့ပါသည်။ Mr. Frank Kingdon Ward နှင့် သူ၏ အဖော် Charles Nelion တို့ နှစ်ဦးသည် ၁၉၅၆ ခုနှစ်နောက်ပိုင်း နတ်မတောင်သို့ ပထမဆုံး တရားဝင်လာ ရောက်သော နိုင်ငံခြားသားများ ဖြစ်ကြသည်။ ကန်ပက်လက်မြို့ရှိ နတ်မတောင်သို့လာခဲ့ပါက ဧည့်သည် ငါးဦးထိ တည်းခိုနိုင်သော အမျိုးသား ဥယျာဉ်ဧည့်ရိပ်သာ တစ်လုံး၊ အဆင့်မြင့် တည်းခိုခန်းများ၊ တောတွင်းကင်းစခန်းများ၊ တောတွင်း ငှက်ကြည့်စခန်းများကိုလည်း ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။

 

နတ်မတောင်အမျိုးသားဥယျာဉ်တွင် နို့တိုက်သတ္တဝါများဖြစ်ကြသည့် ကျားသစ်၊ အင်းကျား၊ တောကြောင်၊ ဝက်ဝံ၊ ဆတ်၊ ချေ၊ တောဝက်၊ တောဆိတ်၊ တောင်ဆိတ်၊ မျောက်မြီး ရှည်၊ မျက်ကွင်းဖြူ မျောက်လွှဲကျော်၊ မျောက် ညို၊ မျောက်စပ်၊ မျောက်လောင်းပျံ၊ မျောက်လေ ပွေ၊ တောခွေး၊ သင်းခွေချပ်၊ ခွေးတူဝက်တူ၊ ဆတ်ခလောက်၊ ရှဉ့်မျိုးများ၊ စွေ့၊ ပွေး၊ ကြွက်မျိုးရင်းများ၊ မြွေပါ၊ ဖျံစသည်တို့ တွေ့ရှိ နိုင်ပါသည်။ အဆိုပါသတ္တဝါများသည် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှုနှင့် အမဲလိုက်မုဆိုးများ ကြောင့် တဖြည်းဖြည်းမျိုးပြုန်းနေပြီ ဖြစ်သည်။ အမဲလိုက်ခြင်း၊ တောင်ယာခုတ်ခြင်းများကို မပြုလုပ်ရန် နတ်မတောင်အမျိုးသားဥယျာဉ် ဧရိယာပတ်ဝန်းကျင်ရှိ ကျေးရွာတစ်ချို့ကို နတ်မတောင်အမျိုးသားဥယျာဉ်နှင့် Biodiversity and Nature Conservation Association (BANCA) နှင့် ပူးပေါင်း၍ ကျေးရွာများတွင် ထိန်းသိမ်းကင်းလှည့်အဖွဲ့များ ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

နတ်မတောင်အမျိုးသားဥယျာဉ်သည် အရေးကြီးသော ရေဝေဒေသတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ၏ မှတ်တမ်းသစ်များကို ဖော်ထုတ်ရာဒေသဖြစ်ကြောင်း သိရှိရသဖြင့် ဂုဏ်ယူဖွယ်ကောင်းလှသည်။ နတ်မတောင်သည် ကန်ပက်လက်မြို့ဘက်ခြမ်း၌ သွားလာရာတွင် ပိုမိုလွယ်ကူပြီး မင်းတပ်ဘက်၊ ချီချောင်းဘက်ခြမ်းသည် မတ်စောက်ပြီး တောင်တက်ရန် ပိုမိုခက်ခဲသည်။

 

ကန်ပက်လက်မြို့မှ Mountain Oasis Resort သို့ တက်ရသည်။ ထိုမှတစ်ဆင့် ကန်ပက်လက်မြို့ဟောင်းသို့ သွားရသည်။ (၁၀)မိုင်စခန်းမှစပြီး တောင်များသည် အလွန်မတ်စောက်နေသည်။ အစစသာလွန်ပြီး သဘာဝအလှနှင့် ဖွဲ့စည်းထားသောနေရာ ဖြစ်သည်။ နှင်းမှုန်မြူများ အမြဲဝေ့ဝဲလျက်ရှိပြီး မြို့မှာ တိမ်အောက်သို့ ရောက်နေသည်။

 

နတ်မတောင်အမျိုးသားဥယျာဉ်သည် နိုင်ငံတကာမှ ပန်းဝါသနာရှင်များ၊ ငှက်စောင့်ကြည့်သူများ၊ တောင်တက် ဝါသနာရှင်များ၊ ကမ္ဘာ့လှည့်ခရီးသွားများ နှစ်စဉ်မပြတ် လာရောက်သောနေရာဒေသတစ်ခု ဖြစ်သည်။ နတ်မတောင် အမျိုးသားဥယျာဉ်၏ စိတ်ဝင်စားဖွယ်ကောင်းသော သဘာဝနှင့် တောတောင်ရေမြေ အလှရှုခင်းများကို လေ့လာလိုကြသည့် ကမ္ဘာလှည့်ခရီးသည်တို့၏ ပါးစပ်ဖျား၌ သတင်းမွှေးရေပန်းစားနေပြီ ဖြစ်သည်။ သဘာဝတရားက ဖန်တီးပေးသော သဘာဝအလှရှုခင်းကြီးကား ကန်ပက်လက်မြို့၏ လက်ဆောင်၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံအတွက် လက်ဆောင်ပင် ဖြစ်သည်။

 

တစ်နှစ်ပတ်လုံး ချင်းပြည်နယ်နတ်မတောင်သို့ လာရောက်လည်ပတ်လေ့လာသူများပြားလှသည်။ ခေါ်နူးစုမ် တောင်ထိပ်သို့ လေ့လာကြသူများ၊ ဒေသခံကျေးရွာများသို့ လည်ပတ်သွားရောက်သူများ၊ ကော်လောင်းရေတံခွန်သို့ သွားလာကြသူ များပြားလှသည်။ တည်းခိုခန်းများကား ကြိုတင်မှာကြားထားရသည်အထိ လာရောက်သူများပြားလှသည်။ ရပ်ဝေးနိုင်ငံခြားသားများပင် လာရောက်လေ့လာကြသဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် ပို၍လာရောက်သင့်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။ နတ်မတောင်ကား လူမျိုး၊ ဘာသာ၊ အတန်းအစားပေါင်းစုံ မခွဲခြား သဘာဝပတ်ဝန်းကျင် ချင်းပြည်နယ်သို့ စွန့်စားလိုသူများအတွက် စူးစမ်းလေ့လာသင့်သော နေရာတစ်ခုလည်း ဖြစ်နေပါသည်။ လူသားတို့ တန်ဖိုးထားသလောက် တန်ဖိုးရှိနေမည့် အမျိုးသားဥယျာဉ်နေရာတစ်ခုဖြစ်သော နတ်မတောင်(ခေါ်) ခေါ်နူးစုမ်(ခေါ်) ဝိတိုရိယတောင်ပေါ်သို့လာပါက ပင်လယ်ရေအမြင့်ပေ ၁၀၂၀၀ ခန့်ရှိ၊ ခေါ်နူးစုမ် (ဝိတိုရိယ)တောင်သို့ ခြေကျင်တောင်တက် ခရီး၊ ငှက်ကြည့်ခြင်း၊ သစ်ခွမျိုးစိတ်များနှင့် တောင်ဇလပ်ပန်းများ၊ ချင်းလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အသက်မွေးဝမ်းကျောင်းများနှင့် ရိုးရာပွဲတော်များ၊ တောတွင်းလျှောက်လမ်းများ၊ တောင်ပေါ်ရှုခင်းများ၊ သဘာဝ အလှအပများ လေ့လာကြည့်ရှု အပန်းဖြေအခွင့်အလမ်းများ ရရှိနိုင်သဖြင့် တစ်ခါတစ်ခေါက် လာရောက်လည်ပတ်သင့် ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

 

မှီငြမ်း

ဦးအွန့်ခန့်ကပ်၊ ယဉ်ကျေးမှုပြတိုက် (အငြိမ်းစား)၊ ဟားခါးမြို့၊ ချင်းပြည်နယ်

ဦးကွီးထန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

ဦးထန်းအောင်၊ ကန်ပက်လက်မြို့

 

မင်းလပြည့်(ဟားခါး)