အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်သန်းကျော်ရှိ

ဂျကာတာ ဇွန် ၂၁

လွန်ခဲ့သည့်နှစ် မတ်လက ပထမဆုံး ကိုဗစ်-၁၉ တွေ့ရှိခဲ့ချိန်မှစကာ ယခုအချိန်အထိ အင်ဒိုနီးရှားနိုင်ငံတွင်  ကိုဗစ် - ၁၉ အတည်ပြု လူနာပေါင်း နှစ်သန်းကျော်လွန်ခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီက နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၄၅၃၆ ဦးတိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂ဝဝ၄၄၄၅ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၅ဝဝဝ နီးပါးသေဆုံးခဲ့ပြီး လူဦးရေ ၁ ဒသမ ၈ သန်းကျော် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပြန်လည် ကောင်းမွန်လာခဲ့ကာ ဆေးရုံမှ ဆင်းလာနိုင်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှား နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် နိုင်ငံ၏ပြည်နယ်ပေါင်း ၃၄ ပြည်နယ်သို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြို့တော်ဂျကာတာနှင့် အရှေ့ဂျာဗားပြည်နယ်များသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုတွင် အမြင့်ဆုံးဖြစ်သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရေအတွက်သည် တိုးလာခဲ့သည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် တွေ့ရှိခဲ့သည့် ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်ကြောင့် အခုလို ကူးစက်ဖြစ်ပွားမှု တိုးလာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် စတုတ္ထမြောက်လူဦးရေအများ ဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ လလယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့သည်။

ဆင်ဟွာ