အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များသင်္ဘောခရီးစဉ် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ရောက်ရှိ

mdn

ရန်ကုန်   ၂၂  နိုဝင်ဘာ

 

Nippon Meru သင်္ဘောဖြင့် လေ့လာရေးခရီးစဉ် ထွက်ခွာလာသော (၄၆) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များသင်္ဘောခရီးစဉ် (Ship for Southeast Asian and Japanese Youth Program - SSEAYP) သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ ရောက်ရှိရာ ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများနှင့် ကျောင်းသူလေးများက ကြိုဆိုကြသည်။

 

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်း က “ဒီခရီးစဉ်က မြန်မာနိုင်ငံကို ရောက်တာ လေးကြိမ်မြောက်ရှိပါပြီ။ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီးလုပ်တာ ၂၀၁၄ခုနှစ်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် တစ်ကြိမ်နဲ့ အခု ၂၀၁၉ခုနှစ်နဲ့ဆို သုံးကြိမ်ရှိပါပြီ။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံက လူငယ် ၂၈ ယောက်ရယ် ခေါင်းဆောင် တစ်ယောက် စုစုပေါင်း ၂၉ ယောက် လိုက်ပါခွင့်ရပါတယ်။ ဂျပန်နဲ့ အာဆီယံ ၁၁ နိုင်ငံက လူငယ် ကျောင်းသား ၃၃၀ ပါဝင်ပါတယ် ”ဟု ပြောသည်။

 

ဆက်လက်၍ ၄င်းက “ဒီခရီးစဉ်မှာ မြန်မာနိုင်ငံက လိုက်ပါခွင့်ရတဲ့သူတွေက တက္ကသိုလ်ကျောင်းသားတွေထဲမှာမှ ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား ဖြစ်ရမယ်။ စပြီးရွေးချယ်ခံရဖို့ က ဗဟုသုတလည်းပြည့်စုံရမယ်။ အာဆီယံနိုင်ငံတွေအကြောင်းလည်းသိရမယ်။ အင်တာ ဗျုးတွေ စာမေးပွဲတွေ ယှဉ်ပြိုင်ပြီးတော့မှ တက္ကသိုလ်တစ်ခုစီက သုံးယောက်စီရွေးချယ် စေလွှတ်တာပါ။ အဆင့်မြင့်ပညာဦးစီးဌာနက အားလုံးရွေးပြီးတော့ ၂၈ ဦး ရပါတယ်။ နှစ်လစခန်းသွင်းပါတယ် ” ဟု ပြောသည်။

 

(၄၆)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်သည် ဂျပန်နိုင်ငံမှ ဗီယက်နမ်နိုင်ငံ၊ ဗီယက်နမ်မှ စင်ကာပူ၊ စင်ကာပူနိုင်ငံမှ ယနေ့ ရန်ကုန်မြို့သို့  ရောက်ရှိခြင်းဖြစ်သည်။

 

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များသင်္ဘောခရီးစဉ် (Ship for Southeast Asian and Japanese Youth Program - SSEAYP)သည် ဂျပန်နိုင်ငံအစိုးရ၏ ဦးဆောင် စီစဉ်ကြီးကြပ်မှုဖြင့် ၁၉၇၄ ခုနှစ်မှစတင်၍ ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ လူငယ်များ လှည့်လည် လေ့လာသော ခရီးစဉ်ဖြစ်သည်။

 

၁၉၇၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သာ သင်္ဘောခရီးစဉ်တွင် ပါဝင်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၌ ASEAN အဖွဲ့ဝင်နိုင်ငံအဖြစ် ခွင့်ပြုပြီးနောက်ပိုင်း ၁၉၉၈ ခုနှစ်မှစ၍ အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်သို့ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

 

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များသင်္ဘောခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ လူငယ်အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့်  နိုင်ငံတကာပူးပေါင်းဆောင်ရွက်နိုင်သော စွမ်းရည်များ ပျိုးထောင်ပေးရန်တို့ဖြစ်သည်။

 

ခေါင်းဆောင်မှု အရည်အသွေးရှိသော လူငယ်များအား ပြုစုပျိုးထောင် လေ့ကျင့်ပေး သော လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပြီး နိုင်ငံအလိုက် လေ့ကျင့်ပေးလိုက်သော လူငယ်များအချင်းချင်း သင်္ဘောပေါ်နှင့် ရောက်ရှိရာ နိုင်ငံများတွင် ကဏ္ဍပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံကို ဆွေးနွေး ဖလှယ် ခြင်းများကို ခရီးစဉ်ကာလရက်ပေါင်း ၅၀ ကျော်တွင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ရန်ကုန်မြို့သို့ရောက်ရှိစဉ်  တက္ကသိုလ် (၉)ကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ Institutional Visit and Interaction with local Youths အစီအစဉ်ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်း က “မြန်မာနိုင်ငံကိုရောက်တဲ့အခါမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ မယ်။ တက္ကသိုလ်ကျောင်းတွေနဲ့ အထင်ကရနေရာတွေ လေ့လာကြမယ်။ Home stay အဖြစ် မြန်မာမိသားစု နေအိမ်တွေမှာ နှစ်ညတာ တည်းခို နေထိုင်ဖို့ စီစဉ်ထားပါတယ် ”ဟု ပြောသည်။

 

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ Nippon Meru သင်္ဘောခရီးစဉ် (Ship for Southeast Asian and Japanese Youth Program - SSEAYP)သည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ ခရီးဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း)

 

mdn

 

mdn