အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

၁၂ ဇန်နဝါရီ

အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အရေပြားကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်အပေါ် သက်ရောက်မှု ရှိသလို ကျန်းမာရေးအပေါ်ကိုလည်း သက်ရောက်မှု ကြီးပါတယ်။

ဒီအရေပြားကျန်းမာဖို့က ထိုက်သင့်တဲ့ သန့်စင်ပေးမှု ထိန်းသိမ်းမှုတွေ လုပ်ဖို့ လိုပါမယ်။ ဒါမှ အရေပြားပြဿနာကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

အရေပြားကို ဘယ်လို သန့်စင်မလဲ။

အရေပြားကို ပုံမှန်ရေချိုးပေးတာ၊ မျက်နှာသစ်ပေးတာက သန့်စင်ပေးတာပဲပေါ့လို့ ပြောစရာရှိပါတယ်။ ဒါက သန့်စင်ပေးတယ်ဆိုပေမယ့် သေချာရောသန့်စင်မိရဲ့လား။

အရေပြား မျက်နှာကစလို့ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ရာမှာ အသုံးပြုတဲ့ ဆပ်ပြာ။သန့်စင်တဲ့အရာတွေက အရေပြား အမျိုးအစားနဲ့ လိုက်ဖက်ဖို့ လိုပါမယ်။ ဒါမှ အသားအရေက ဝက်ခြံ၊ အသားအရောင်မညီတာ စတဲ့အရေပြားပြဿနာတွေအပြင် အသားခြောက်တာ၊ အဆီပြန်တာတွေလည်း ကင်းမှာပါ။

ဒါကြောင့် အသားအရေကို သန့်စင်မယ်ဆိုရင် အရင်ဆုံး ကိုယ့်အသားအရေအမျိုးအစားကို သိအောင် လုပ်ဖို့လိုပါမယ်။ အကောင်းဆုံးကတော့ ဆပ်ပြာနဲ့ ဓာတုပစ္စည်းတွ ပါဝင်မှုနည်းတာ၊ အရောင်နဲ့ အနံ့ပါဝင်မှုပျော့တာ စတာတွေကို ရွေးချယ်ရပါမယ်။

ဝက်ခြံရှိသူတွေဆိုရင် ဝက်ခြံသမားတွေ သုံးဖို့ ထုတ်ထားတာမျိုး၊ အဆီပြန်တဲ့သူဆိုရင် အဆီပြန်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတာမျိုးကိုရွေးရပါမယ်။ အရေပြား သန့်စင်တဲ့ပစ္စည်းတွေကို အသားအရေအမျိုးအစားနဲ့ ကိုက်ညီအောင် ရွေးနိုင်မှ အရေပြားကျန်းမာပြီး လှပနေမှာပါ။

အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ။

အရေပြားကို သန့်စင်တဲ့အဆင့်ပြီးရင် ထိန်းသိမ်းဖို့လိုပါမယ်။ ပစ္စည်းတွေကို မပျက်စီးအောင် ထိန်းသိမ်းရသလို အရေပြား( အသားအရေ)ကိုလည်း နေဒဏ်၊လေဒဏ်၊ ညစ်ညမ်းမှုဒဏ်တွေကြောင့် မပျက်စီးအောင် ထိန်းသိမ်းဖို့ လိုပါမယ်။

ဆဲလ်သေတွေ ဖယ်ရှားပါ

အရေပြားပေါ်မှာ ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားတာက လိုက်နာသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်း တစ်ခုပါ။ ဒီလို ဆဲလ်သေတွေဖယ်ရှားလိုက်တာက အသားအရေကို အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိ ပုံမှန် ဆဲလ်သေဖယ်ရှားပေးပါ။

အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ

အသားအရေထိန်းသိမ်းတဲ့အခါ မေ့ထားလို့ မဖြစ်တဲ့ အဆင့်တစ်ခုရှိပါတယ်။ ဒါကတော့ အစိုဓာတ်ထိန်းခရင်မ်လိမ်းတာပါ။ ဒါမှ အသားအရေက လုံလောက်တဲ့ အစိုဓာတ်ရရှိပြီး အသားခြောက်တာမျိုး ကင်းမှာပါ။

နေရောင်ကနေကာကွယ်ပေးပါ

နေရောင်ခြည်က ဗီတာမင် D ကိုပေးစွမ်းပေမယ့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။ နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ အရေပြားကင်ဆာအပါအဝင် အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေစဉ်နေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။

ရေချိုးချိန်ကို ကန့်သတ်ပါ

ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလိုဖြစ်တာကြောင့် အရေပြား ခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေကို အချိန်အကြာကြီးချိုးတာ၊ ရေနွေးနဲ့ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။

ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့

ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကို ခြောက်သွေ့ထိခိုက်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာသုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။

ရေခြောက်အောင်သုတ်ပါ

ရေချိုးပြီးရင်ဖြစ်ဖြစ်၊ လက်ဆေးပြီးရင်ဖြစ်ဖြစ်၊ ခြေထောက်ဆေးပြီးရင်ဖြစ်ဖြစ် ရေခြောက်အောင်သုတ်ပေးပါ။ ရေခြောက်အောင် မသုတ်တာက အရေပြားကို အစိုဓာတ်လျော့စေပြီး အသားအရေခြောက်သွေ့နိုင်ခြေ ပိုများစေနိုင်ပါတယ်။

အစိုဓာတ်ထိန်းပါ

အရေပြားကို အစိုဓာတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင် လုပ်ပေးတဲ့နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါကြောင့်အရေပြားကို အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ

အသားအရေကျန်းမာစေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့ အသားတွေ စားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။

ရေများများသောက်ပေးပါ

အသားအရေ ကျန်းမာဖို့ လိုအပ်တဲ့ အရေးပါတဲ့ ဓာတ်တစ်ခုက ရေဓာတ်ပါ။ ဒါကြောင့် အသားအရေ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်သုံးပါ။

ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပါ

အသာအးရေထိန်းသိမ်းဖို့အတွက်လည်း အသက်ရှူလေ့ကျင့်ခန်းကစလို့ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေးတွေကို လုပ်ပေးဖိုပ လိုပါမယ်။ ဒါမှ သွေးစီးဆင်းမှုကောင်းပြီး အသားအရေလေး တင်းရင်းလို့ ကြည်လင်လှပနေမှာပါ။

Takeaways

အပေါ်က ပြောခဲ့တဲ့ အလေ့အထလေးတွေအပြင် စိတ်ဖိစီးမှု ဖြေလျှော့တာ၊ အိပ်ရေးဝဝအိပ်တာလိုမျိုး အလေ့အထတွေကို မွေးမြူပြီး အသားအရေလေးကို ထိန်းသိမ်းမယ်ဆိုရင် အသားအရေက ကြည်လင်ကျန်းမာပြီး လှပလာမှာ အသေအချာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon