အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲတွင် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းများ ပါဝင်ပြသခဲ့

မန္တလေး ၃ ဇန်နဝါရီ     
     
မန္တလေးမြို့တွင် တတိယအကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည့် အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြန်မာ့ပန်းဆယ်မျိုး လက်မှုအနုပညာထုတ် ကုန်ပစ္စည်းများကိုပါ ထည့်သွင်းပြသပေးခြင်းကြောင့် လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများ၏ စိတ်ကျေနပ်မှုကို ပိုမိုရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ မန္တလေးမြို့တွင် ၂၀၁၆ ခုနှစ်မှ စ၍ အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲကို ကျင်းပခဲ့ရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ မင်္ဂလာမန္တလးတွင် တတိယအကြိမ်မြောက်အဖြစ် ပြပွဲကို ကျင်းပခဲ့ရာ အဆိုပါပြပွဲတွင် အသေးစား စက်မှုလက်မှု ထုတ်ကုန်ပစ္စည်းများ သာမက မြန်မာ့ရိုးရာ လက်မှုပညာရပ်များ တိမ်မြုပ်ပျောက်ကွယ်ခြင်း မရှိစေရန်နှင့် ထိန်းသိမ်းမြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ပန်းဆယ်မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဟောပြောပွဲကိုပါ ထည့်သွင်းပြသခဲ့သဖြင့် စိတ်ဝင်စားမှု မြင့်တက်ကာ လာရောက်ကြည့်ရှုသူ ပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။

“ဒီနှစ်မှာ ထူးခြားချက်အနေနဲ့ ပန်းဆယ်မျိုးပြခန်းတွေ ပါဝင်ပြသတဲ့အတွက် ယခင်နှစ်တွေထက် ကြိတ်ကြိတ် တိုးစည်ကားပြီး အောင်မြင်တယ်လို့ ပြောချင်ပါတယ်။ ဝန်ကြီးချုပ်ကြီးကိုယ်တိုင်လဲ တက်ရောက်အားပေးခဲ့တယ်။ ပြပွဲကျင်းပတဲ့ နေရာအနေအထားနဲ့ ပြခန်းအရေအတွက်က မလုံလောက်တဲ့အတွက် လိုသလောက် အခန်းမပေးနိုင်ခဲ့ဘူး။ ကျွန်တော်တို့ကလည်း ပန်းဆယ်မျိုးကို ပြန်လည်ဖော်ထုတ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြခန်းအရေအတွက်ရဲ့ တစ်ဝက်ကျော်ကို ပန်းဆယ်မျိုးပြသဖို့ နေရာချထားပေးခဲ့တဲ့အပြင် မြန်မာ့ရိုးရာလက်မှုပညာရပ်တွေနဲ့ဆိုင်တဲ့ ဟောပြောပွဲတွေကိုလည်း ပညာရှင်တွေကိုယ်တိုင် လာရောက်ဟောပြောပေးတဲ့ အစီအစဉ်ပါ ထည့်သွင်းထားတဲ့အတွက် လာရောက်လေ့လာကြည့်ရှုသူ အားလုံးရဲ့ စိတ်ကျေနပ်မှုကိုရရှိခဲ့ပြီး ပန်းဆယ်မျိုးထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ ကြည်နူးဝမ်းသာမှုတွေနဲ့အတူ ၂၀၁၉ ပြပွဲမှာလည်း ဒီလိုပြပွဲတွေ ထည့်သွင်းပေးဖို့ တောင်းဆိုလာကြတယ်။”ဟု ၎င်းက ပြောသည်။

mdn

အဆိုပါပြပွဲတွင် အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများကို ဝယ်ယူသူများပြားသည့်အလျောက် မြန်မာ့ရိုးရာ လက်မှုပညာရပ်ဖြင့် ထုတ်လုပ်သည့် ပစ္စည်းများလည်း ရောင်းချခဲ့ရသည့်အပြင် ၎င်းတို့အနက် ပန်းပုလက်ရာ ပစ္စည်းများကို အများဆုံး ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

“ဒီပြပွဲကို တွေ့လိုက်ရတော့ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလက မန္တလေးမြို့ ဆင်ဖြူကန်ကွင်းကြီးမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခင်းကျင်းပြသခဲ့တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်းဆယ်မျိုး ပြပွဲ၊ ပြိုင်ပွဲကြီးကို ပြန်ပြီး သတိရမိတယ်။ ဒီပြပွဲကြီးရဲ့ ထူးခြားချက်ကတော့ ထုတ်လုပ်ပြီးသားပစ္စည်းတွေကို လာပြီး ပြသတာမဟုတ်ဘဲ ပြပွဲအတွင်း လူပုံအလယ်မှာ လက်တွေ့ရေးဆွဲ ထုလုပ်သွန်းလောင်းပြီး ယှဉ်ပြိုင်ပြသရတာဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုသူတွေအားလုံး ပညာဗဟုသုတရစေတဲ့ ပြပွဲတစ်ခုဖြစ်ခဲ့တယ်။ ဒီလိုပြပွဲမျိုးကျင်းပဖို့ မလွယ်ကူတော့ပေမယ့် အခုလို ရိုးရာအမွေအနှစ် လက်ရာတွေကို မပျောက်ကွယ်အောင် ဖော်ထုတ်ပြသပေးတဲ့ ဒီလိုပြ ပွဲမျိုးတွေ စီစဉ်ပေးတဲ့အတွက်လဲ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရမှာပါ။” ဟု အဆိုပါပြပွဲကို လာရောက်လေ့လာကြည့်ရှုသည့် အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောသည်။

မန္တလေးမြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပြည်တွင်းထွက်လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မြန်မာ့ရိုးရာပန်းဆယ်မျိုးလက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြ ခန်းများဖြင့် စုစုပေါင်း ပြခန်း ၁၂၅ ခန်း ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

mdn