အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ကဖြစ်၏။ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ အတူရှိနေကြ၏။ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်အား “ဗိုလ်ချုပ် မနက်ဖြန် ၁၆ ရက်နေ့ ၁၀ နာရီမှာ ဝန်ကြီးများအစည်းအဝေးလုပ်ဖို့ ချိန်းထားတယ်။ လွှတ်တော်ကော်မတီအစည်းအဝေးကလည်း မနက်ဖြန် ဗုဒ္ဓဟူးနေ့ ၁၀နာရီပဲဖြစ်နေတယ်။ ဘယ့်နှယ်လုပ်မလဲ” ဟု ပြောလိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းက “ဟေ ဟုတ်လား၊ ဒါဖြင့် မနက်ဖြန်လွှတ်တော်ကော်မတီကိုပဲ တက်မယ်။ အီးစီဝန်ကြီးအစည်းအဝေးကို စနေနေ့မနက်ပြောင်းလိုက်ကွာ” ဟု ပြန်ပြော လိုက်လေ၏။

ထိုစနေနေ့သည်ကား ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ မသမာသူတို့၏လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသော အာဇာနည်နေ့ပင်ဖြစ်လေတော့သည်။

“အပေါ်ထပ်တည့်တည့် ဝန်ကြီးများစည်းဝေးခန်းဆီက သေနတ်သံတွေကြားတာနဲ့ အတွင်းလှေကားမှပြေးတက်သွားပြီး ဘေးတံခါးရွက်ကိုတွန်း အတွင်းသို့ဝင်ကြည့်လိုက်ရာ မြင်တွေ့ရသောအခြင်းအရာသည်ကား ကျွန်တော်တို့တစ်သက်လုံး မေ့ပျောက်နိုင်စရာမရှိအောင် စိတ်နှလုံး  နောက်ကျိ ညှိုးချိုးဖွယ်ပင်တည်း။ အခန်းတစ်ခန်းလုံး ယမ်းစော်နံလျက် မီးခိုးတွေလည်း အံ့မှိုင်းနေလေရာ ဝန်ကြီးများမှာ အတုံးအရုံးလဲနေကြလျက် ဗိုလ်ချုပ်မှာလည်း သူထိုင်သော ကုလားထိုင်ကြီးနှင့်အတူ စားပွဲထိပ်မှာပက်လက်လန်၍ လဲနေလေသည်”ဟု ဗိုလ်ချုပ်၏အပါးတော်မြဲ ဗိုလ်ထွန်းလှက သူ၏မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်ကို ရေးသားထား၏။

ယခုဆိုလျှင် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဟု တစ်နိုင်ငံလုံးက လေးစားချစ်ခင် ဂုဏ်တင်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ  ကျဆုံးခဲ့ရသည်မှာ (၇၃) နှစ်ပင် တိုင်ခဲ့ပြီဖြစ်သည်။ ကျဆုံးခဲ့သည်မှာ ရာစုနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဗိုလ်ချုပ်၏ ကျေးဇူးဂုဏ်တို့က ဆပ်၍မကုန် အပုံပုံပင်ရှိနေပါ၏။ ကမ္ဘာ့အလယ်တွင် လွတ်လပ်သည့် အချုပ်အခြာပိုင်နိုင်ငံအဖြစ် တည်ရှိနေ၏။ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်  စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာစည်းပွားကုန်သွယ်ခွင့် အခွင့်အရေးများ ရရှိနေကြ၏။ ဤသည်ကား ဗိုလ်ချုပ်ရယူပေးခဲ့သော လွတ်လပ်ရေး၏ အရသာပင်ဖြစ်တော့၏။

ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးသားမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ရဲရင့်သတ္တိရှိမှု၊ စွန့်လွှတ်စွန့်စားနိုင်မှု၊ ပါတီစွဲ ဂိုဏ်းဂဏစွဲကင်းစင်မှု၊ ပြည်ထောင်စုစိတ်ဓာတ်ပြင်းထန်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း၏ အင်အားကို တန်ဖိုးထားတတ်မှု၊ နိုင်ငံရေးအမြော်အမြင်ကြီးမားမှုဆိုသည့် ခေါင်းဆောင်မှုအရည်အချင်းများနှင့် ပြည့်စုံပါ၏။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် ခေတ်မီနိုင်ငံတော်ထူထောင်ရေးကိုလည်း ရည်မှန်းချက်ထားပါ၏။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးကိုအသက်ပေး၍ ရယူပေးခဲ့၏။ သို့သော်လည်း နှောင်းလူတို့က လွတ်လပ်ရေး၏အရသာကိုသာ ခံစား၊ စံစားကြပြီး ဗိုလ်ချုပ်မျှော်မှန်းခဲ့သော ဒီမိုကရေစီရေးနှင့် ခေတ်မီ နိုင်ငံတော်ထူထောင်ရေးကို မစွမ်းဆောင်နိုင်ခဲ့ကြ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါတီကွဲ၊ လူကွဲ၊ မူကွဲစသည်ဖြင့် အကွဲအပြဲဇာတ်လမ်းများက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် မစွမ်းဆောင်နိုင်တော့ဘဲ အာဏာရရေးအတွက်သာ လုံးပန်းနေကြတော့၏။ ဤကား ခေါင်းဆောင်ကောင်းဆုံးရှုံးရခြင်း နှင့် စည်းလုံးညီညွတ်မှုပျက်ပြားရခြင်း၏ အကျိုးဆက်များပင်ဖြစ်ပါ၏။

အတိတ်ကအဖြစ်အပျက်များသည် ကြေကွဲလွမ်းဆွေးစရာများဖြစ်သလို သမိုင်းသင်ခန်းစာများအဖြစ်လည်း မြင်ကြည့်နိုင်ပါ၏။ အတိတ်သမိုင်းကိုသင်ခန်းစာယူပြီး ပစ္စုပ္ပန်ကို တိုးတက်အောင်ဆောင်ကြဉ်ရာ၏။ အထူးအားဖြင့် နိုင်ငံ့အနာဂတ်ကိုဦးဆောင်မည့် လူငယ်လူရွယ်များသည် ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုအရည်အချင်းများနှင့် စွမ်းဆောင်မှုများကို လေးစားဦးညွှတ်နေရုံမျှဖြင့် ကျေနပ်မနေကြဘဲ ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် ပန်းတိုင်သို့ရောက်အောင် ကြိုးစားအားထုတ်ကြစေလိုပါ၏။

လတွေ၊ နှစ်တွေအလီလီပြောင်းခဲ့ပြီး ခေတ်စနစ်တွေလည်းမတူတော့၊ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူက ရွေးကောက်တင်မြှောက်သော ဒီမိုကရေစီအစိုးရများပေါ်ပေါက်လာခဲ့ပြီး ပြောင်းလဲလာသောခေတ်စနစ် နှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်းလျက်ရှိ၏။ ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် စည်းလုံးညီညွတ်သော ခေတ်မီနိုင်ငံတော် ထူထောင်ရေးလမ်းစ မြင်နေရ၏။ စုပေါင်းအင်အားဖြင့်သာ အနာဂတ်နိုင်ငံတော်သစ်ဆီသို့ တက်ညီလက်ညီ ချီတက်ကြဖို့ အာဇာနည်နေ့ကို ဦးညွှတ်ရင်း တိုက်တွန်းလိုက်ရပါသည်။ ။

ကြေးမုံ