အတိတ်ကအချစ်ရေးနှင့်ပတ်သက်၍ ကံဆိုးခဲ့ကြောင်း ဆယ်လီနာဂိုးမက်ဇ် ဖွင့်ဟ

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ဆယ်လီနာဂိုးမက်ဇ်က သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လတ်တလောမှာ ဖွင့်ဟခဲ့ပါတယ်။ ဆယ်လီနာက သူ့ရဲ့အတိတ်က ချစ်သူတွေဟာ သူ့အတွက်တော့ ကျိန်စာတွေအလား ထင်ခဲ့ရကြောင်း ဆယ်လီနာဂိုးမက်ဇ်က ပြောကြားခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆယ်လီနာဂိုးမက်ဇ်က ဩစတြေးလျနိုင်ငံထုတ် Vogue မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတိတ်က အချစ်ရေးတွေနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ဆယ်လီနာ ဂိုးမက်ဇ် ဟာ ကျော်ကြားတဲ့ တေးသံရှင်တွေဖြစ်ကြတဲ့ ဂျက်စတင်ဘီဘာ၊ သယ်ဝိခ်ကန်းဒ်တို့နဲ့ လက်တွဲခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး သူကတော့ အတိတ်က အချစ်ရေးတွေဟာ သူ့အတွက်တော့ ကျိန်စာလို့သာ ထင်မိတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဆယ်လီနာဂိုးမက်ဇ်က သူဟာ အချစ်ရေးနဲ့ပတ်သက်လာရင် ဘယ်တုန်းကမှ မျှတမှုရရှိခဲ့တယ်လို့ မထင်မိဘူးလို့လည်း ဆိုပါတယ်။

ဆယ်လီနာဂိုးမက်ဇ်ဟာ စိတ်ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးလည်း အဆိုပါ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ သူက လူ့အသိုင်းအဝိုင်းက အလှအပနဲ့ပတ်သက်ပြီး မဖြစ်နိုင်တဲ့ စံနှုန်းတွေကို သတ်မှတ်ထားကာ အဆိုပါ သတ်မှတ်ချက်တွေနဲ့ တိုင်းတာခံရတဲ့အခါ လူတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆယ်လီနာက သူဟာ ရုပ်ရည်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်ခဲ့ရကြောင်းနဲ့ လူတွေသတ်မှတ်ထားတဲ့ အလှအပနဲ့ပတ်သက်တဲ့ စံနှုန်းတွေကို သူ့အနေနဲ့ အမြင်ပြောင်းလာအောင် လုပ်ဆောင်လိုကြောင်းလည်း ဆိုပါတယ်။ ဒါကြောင့် သူဟာ Rare Beauty လို့  အမည်ပေးထားတဲ့ မိတ်ကပ်တွေကို ထုတ်လုပ်ခဲ့ပြီး အဆိုပါအလှကုန်တွေက လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့  အလှအပစံနှုန်းတွေကို ချိုးဖျက်ကာ သူ့လို အလှအပနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရသူ တွေကို  အကူအညီဖြစ်စေလိုကြောင်းလည်း ပေါ့ပ်ကြယ်ပွင့်က ပြောကြားခဲ့ပါတယ်။

အေးပြည့်