ဘီဟာပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား ၁၉ ဦး သေဆုံး၊ လူဦးရေ ၆ ဒသမ ၃၆ သန်း ရေဘေးသင့်

၅ ဩဂုတ်

 

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ရေကြီးမှုကြောင့် လူခြောက်ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ ၁၉ ဦး ရှိလာသည်ဟု ယမန်နေ့က ဖော်ပြထားသည်။

 

အဆိုပါ ပြည်နယ်ရှိ ခရိုင် ၁၆ ခုတွင် လူပေါင်း ၆ ဒသမ ၃၆ သန်း ရေဘေးသင့်ဒဏ်ခံခဲ့ရကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့၏ သတင်းလွှာဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် တစ်ရက်အတွင်း စီဝန်ခရိုင်မှ နှစ်ဦးနှင့် မူဇစ်ဖာပါ ခရိုင်မှ လေးဦးတို့ သေဆုံးခဲ့ကြသည်ဟု ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ သတင်းလွှာတွင် ဖော်ပြထားသည်။

 

ဩဂုတ်လ ၃ ရက်နေ့က ရေလွှမ်းမိုးခဲ့သော ကျေးရွာအရေအတွက်မှာ ၁၀၈၂ မှ  ၁၁၅၂ အထိ မြင့်တက်လာကြောင်းနှင့် ရေလွှမ်းမိုးမှု အဆိုးရွားဆုံးဖြစ်သည့် ဒဘ်ဟန်ဂါနှင့် မူဇစ်ဖာပါ ခရိုင်တို့တွင် လူဦးရေ ၁ ဒသမ ၈၆ သန်းနှင့် ၁ ဒသမ ၃၆ သန်းတို့ ရေဘေးသင့်ခဲ့ရသည်။

 

အမျိုးသား သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ပေါင်း ၂၀ နှင့် ပြည်နယ်သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ ၁၃ ဖွဲ့တို့သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ကာ ယခုအချိန်ထိ လူပေါင်း ၄၄၀၀၀၀ ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို