ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးဝင်း မြေနေရာရှိ ဆိုင်ခန်း ၁၈ ခန်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ဘုရင့်နောင်လမ်းမကြီးနှင့် အုတ်ကျင်းဘူတာရုံ လမ်းထောင့်ရှိ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (ရန်ကုန်) ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးဝင်း မြေနေရာရှိ ငှားရမ်းစာချုပ် သက်တမ်းပြည့်ပြီး ဖယ်ရှားပေးခြင်းမရှိသည့် ဆိုင်ခန်း ၁၈ ခန်းအား ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီ ဖယ်ရှားသွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေး အခြေစိုက်အလုပ်ရုံအမှတ် (၃)၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်တော့မှာဖြစ်တဲ့အတွက်ကြောင့် မလွတ်ကင်းတဲ့ ဆိုင်ခန်း ၁၈ ခန်းကို ဒီဇင်ဘာ ၈ ရက်မွန်းလွဲ ၂ နာရီမှာ ဆိုင်ခန်းမြေနေရာငှားရမ်းသူတွေနဲ့ ခေါ်ယူတွေ့ဆုံပါမယ်။ ၁၃ ရက်နေ့ညနေ ၄ နာရီခွဲအပြီး မိမိဆန္ဒနဲ့ ပြောင်းရွှေ့မယ့်သူတွေကို မြန်မာဆန်ချန်းပို့ဆောင်ရေး ကုမ္ပဏီအနေနဲ့ ပြောင်းရွှေ့ကရုဏာကြေး ပေးအပ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့ပေးခြင်းမရှိတဲ့သူတွေကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့အညီ ဖယ်ရှားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အခွင့်ရအာဏာပိုင် ကုန်းလမ်းပို့ဆောင်ရေးမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးထွန်းလင်းစိုးက ပြောသည်။

 

အဆိုပါ ဆိုင်ခန်းမြေနေရာကို ၁၉၉၅ ခုနှစ်မှစတင်၍ ဌာနဝင်ငွေရှာဖွေသည့်အနေဖြင့် ဌာနပိုင်မြေ အုတ်ကျင်းဘူတာရုံလမ်း မျက်နှာစာဘက်အခြမ်းတွင် ဆိုင်ခန်းများဆောက်လုပ်ရန် မြေနေရာငှားရမ်းခဲ့ပြီး တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စာချုပ်ချုပ်ဆိုစဉ်အခါက ဌာနနှင့် ဆိုင်ခန်းမြေနေရာငှားရမ်းသူများ ချုပ်ဆိုသော နှစ်ဦးသဘောတူကတိပြုစာချုပ် အပိုဒ်-၁(ည)တွင် နိုင်ငံတော်ကလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး(ရုံးချုပ်)က လည်းကောင်း၊ ဌာနကလည်းကောင်း၊ လုပ်ငန်း လိုအပ်ချက်အရ မြေနေရာ၊ အဆောက်အအုံအား ပြန်လည်ရယူလိုပါက တစ်လကြိုတင် အကြောင်းကြားမည်ဖြစ်ပြီး နိုင်ငံတော်သို့ပြန်လည်ပေးအပ်ရမည်ဟု ဖော်ပြပါရှိသည့်အတွက် မြေနေရာငှားရမ်းသူများအား ၂၀၁၁ ခုနှစ်ကတည်းက ဖယ်ရှားရန် ကြိုတင်အကြောင်းကြားစာများ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

“ဌာနခွဲအစီအစဉ်နဲ့ ၂၀၁၁ ခုနှစ်ကစပြီး ဒီဆိုင်ခန်းတွေနဲ့ပတ်သက်လို့ သတိပေးစာ ခြောက်ကြိမ် ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့အညီ အခွင့်ရအာဏာပိုင်အနေနဲ့ သတိပေးစာ လေးကြိမ်၊ ဆိုင်ခန်းတွေဖယ်ရှားဖို့ စုစုပေါင်း ၁၀ ကြိမ်ရှိပါပြီ။ ဒီလို ဆိုင်ခန်းတွေကိုဖယ်ရှားဖို့ ဥပဒေအကြံပြုချက်တွေရယူပြီး ဖြစ်ပါတယ်။ အထက်ဌာန အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်အာလုံးရရှိပြီးမှ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ဦးထွန်းလင်းစိုးက ပြောသည်။

 

ဆိုင်ခန်းများအား ဖယ်ရှားမည်ဖြစ်သည့်အတွက် လစဉ်ကောက်ခံသည့်ငှားရမ်းခများ ကိုလည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ကောက်ခံခြင်းမပြုတော့ခြင်းကြောင့် ဆိုင်ခန်းမြေနေရာငှားရမ်းသူများမှာ ဆိုင်ခန်းများကို ငှားရမ်းခအခမဲ့ဖြင့် ဆက်လက်ရောင်းချနေရာ ဌာနမှ ဆိုင်ခန်း ၁၈ ခန်းအတွက် ငှားရမ်းခ ၄၅ လစာ (ယခင်ဌာနမှ ကောက်ခံခဲ့သည့်နှုန်းဖြင့်) ငွေကျပ် ၄၃၂ သိန်း နစ်နာနေသည့်အပြင် ဆိုင်ခန်းမြေနေရာ ငှားရမ်းသူများက ဆိုင်ခန်းပြောင်းရွှေ့ခအနေဖြင့် ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ်သိန်း ၁၀ဝ တောင်းဆိုမှုရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (ရန်ကုန်) ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးဝင်း မြေပေါ်တွင် ကုန်းလမ်းပို့ဆောင်ရေးနှင့် Sunchaung Global Pte.,Ltd. တို့အကျိုးတူပူးပေါင်း၍ Myanmar Suncahaung Transport Co.,Ltd. (ဖက်စပ်)ကုမ္ပဏီအဖြစ် လုပ်ငန်းဆောင်ရွက်မည့် မြေနေရာဖြစ်ပြီး Sunchaung Global Pte.,Ltd. မှ ၎င်းတို့ ထည့်ဝင်ရမည့် ရင်းနှီးမြှုပ်နှံမှုကို သတ်မှတ်ကာလအတိုင်း ပေးသွင်းပြီးဖြစ်သော်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်မည့် မြေပေါ်ရှိ ဆိုင်ခန်း ၁၈ ခန်းက ဖယ်ရှားပေးခြင်းမရှိသဖြင့် နှစ်နှစ်ခန့် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတော်နှင့် ကုမ္ပဏီတို့ နှစ်ဦးနှစ်ဖက် များစွာနစ်နာလျက်ရှိကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

အဆိုပါ ဆိုင်ခန်း ၁၈ ခန်းအား ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီ ဖယ်ရှားခြင်းကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်အတွင်း အပြီးတိုင်ဆောင်ရွက်မည်ဖြစ်ပြီး မိမိဆန္ဒဖြင့် ပြောင်းရွှေ့မည့်သူများအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေး အခြေစိုက်အလုပ်ရုံ အမှတ်(၃) သို့ လာရောက်ဆက်သွယ် စာရင်းသွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

သီသီမင်း