ဘယ်ကျော် လေးတို့အကြောင်း

သင့်သူငယ်ချင်းထဲမှာ ဘယ်ကျော် လေးတွေရှိလား။ သူတို့ ဘယ်လက်နဲ့ စာရေးရင် သင် အထူးအဆန်း လိုက်ကြည့်ဖူးတယ်ဟုတ်။ တကယ်တော့ ဘယ်ကျော်လေးတွေအကြောင်းကို သိပ္ပံပညာရှင်တွေ လေ့လာနေတာ နှစ်ပေါင်း ၁၅၀ လောက်ရှိနေပါပြီ။ အိမ်မှာ ဘယ်ကျော်လေးတွေရှိရင် မိဘတွေက အတင်းညာဘက်လက်နဲ့ သုံးတတ်အောင် သင်ပေးကြပါတယ်။ ဘာကြောင့်လည်းဆို အသုံးအဆောင်ပစ္စည်းတွေ အတော်များများကို ညာဘက်လက်နဲ့ သုံးဖို့ ထွင်ထားတာကိုး။ ဒီတော့ မသုံးတတ်မှာစိုးလို့ အတင်းပြောင်းခိုင်းတာပေါ့။

 

စဉ်းစားကြည့်ရင် ဘယ်သန်ကို ညာဘက်လက်နဲ့ သုံးခိုင်းတာဟာ၊ ညာသန်ကို ဘယ်လက်နဲ့ စာရေးခိုင်းသလိုပဲ အတော့်ကို ဒုက္ခများပါတယ်။ ဒီခေတ်မှာတော့ ဒါမျိုးလုပ်တာကို အားမပေးတော့ပါဘူး။ ဘယ်သန်ခြင်း၊ ညာသန်ခြင်းဆိုတာ ဘာနဲ့ဆိုင်လဲ။ ဘာကြောင့် ဖြစ်တာလဲ ဆိုတာ ဆက်ကြည့်ရအောင်။

 

ဘာကြောင့် ဘယ်ကျော် ဖြစ်ရတာလဲ။

 

လူ၁၀ယောက်မှာ ဘာကြောင့် ရှားရှားပါးပါး သူ့၁ယောက်မှာ ဘယ်သန်ဖြစ်ရတာလည်း ဆိုတာကိုတော့ ပညာရှင်တွေက အဖြေရှာဆဲပါပဲ။ မျိုးရိုးလိုက်တယ်လို့ ပြောကြပေမယ့် မိဘနှစ်ပါး ညာသန်ဖြစ်ရဲ့နဲ့ ကလေးက ဘယ်သန်ဖြစ်နေတာတွေလည်း အများကြီးပါပဲ။ပညာရှင်တွေရဲ့ ယူဆချက်တွေကတော့ အများကြီးပါပဲ။ ဥပမာ

•           မျိုးရိုးဗီဇ

ဆိုလိုတာက မိခင် ဒါမှမဟုတ် ဖခင်ဆီက ထူးခြားတဲ့ မျိုးဗီဇတစ်ခု ကလေးဆီ ရောက်သွားခဲ့ရင် ကလေးက ဘယ်သန်ဖြစ်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် မကြာသေးခင်က လုပ်တဲ့ သုတေသနတွေမှာတော့ မျိုးဗီဇတစ်ခုတည်းထက်စာရင် မျိုးဗိဇတွေ အများကြီးပေါင်းပြီး ကလေးဆီမှာ ဘယ်သန်ဖြစ်ခြင်း မဖြစ်ခြင်းကို ဆုံးဖြတ်ပေးတာပါတဲ့။

•           လိင်

ဘယ်သန်ဦးရေကို ကြည့်မယ်ဆိုရင် ယောကျ်ားလေးတွေက မိန်းကလေးတွေထက် နည်းနည်းပိုများပါတယ်။ လေ့လာချက်တွေအရ ကျားဟော်မုန်း တက်စတိုစတီရုန်းက ဘယ်သန်၊ ညာသန်ဖြစ်ခြင်းအပေါ် လွှမ်းမိုးမှုရှိလို့ပါတဲ့။

•           သန္ဓေသားဖွံ့ဖြိုးမှု

တချို့ပညာရှင်တွေ ယုံကြည်ကြတာတော့ ဘယ်သန်၊ ညာသန်ဆိုတာ မျိုးရိုးဗီဇထက် ပတ်ဝန်းကျင်နဲ့ ပိုဆိုင်ပါတယ်တဲ့။ အမေ့ဗိုက်ထဲမှာ နေတုန်း ပြင်ပကနေ ထိတွေ့နိုင်တဲ့အရာတွေ (ဟော်မုန်းအပါအဝင်)က ကလေးကို သက်ရောက်မှု ရှိပါတယ်တဲ့။

•           အတုယူတာ

တစ်ခါတစ်လေ ကလေးတွေက မိဘတွေ၊ သူတို့ကို ထိန်းကျောင်းတဲ့သူတွေကို အတုယူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ချွင်းချက်တော့ရှိနေပါတယ်။ ဘယ်သန်မိဘရဲ့ ကလေးက ညာသန်ဖြစ်နေတာမျိုး၊ ညာသန်မိဘရဲ့ ကလေးက ဘယ်သန်ဖြစ်နေတာမျိုးကိုတော့ ဘာကြောင့်ဆိုတာ ရှင်းပြနိုင်ခြင်း မရှိပါဘူး။

•           ဦးနှောက်ထိခိုက်တာ

သုတေသနအနည်းငယ်ကတော့ လူသားတွေက ညာသန်အဖြစ်နဲ့ မွေးဖွားလာတာပါတဲ့။ မွေးစမှာ ဦးနှောက်ထိခိုက်မှုတစ်ခုခုကြောင့်သာ ဘယ်သန်ဖြစ်သွားကြတာပါတဲ့။ ဒါက သေသေချာချာ သက်သေပြထားတာမျိုးတော့ မဟုတ်ပါဘူး။

•           သင့်တင့်လျောက်ပတ်အောင် လေ့ကျင့်တာ

တချို့တွေက ညာသန်တွေပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်သန်အောင် လေ့ကျင့်ယူထားကြတာပါ။ ဥပမာ ညာဘက်လက်က ထိခိုက်ဒဏ်ရာကြောင့် သုံးမရတော့လို့ ဘယ်လက်နဲ့ သုံးတတ်အောင် လေ့ကျင့်ထားတာပါ။

 

ဘယ်သန်လား ညာသန်လား ဘာဖြစ်လာမှာလဲ။

 

ကလေးက ဘယ်သန်လား ညာသန်လား ဘာဖြစ်လာမှာလဲ။ သိပ်ငယ်လွန်းတဲ့ ကလေးတွေက စစချင်းမှာ လက်နှစ်ဖက်လုံးကို သုံးတတ်ပါတယ်။ ဘယ်ရယ် ညာရယ်လို့ မရှိပါဘူး။ ကလေးဘဝမှာ ဘယ်သန်၊ ညာသန်ဖြစ်ခြင်းက သူပစ္စည်းကို ဘယ်လိုယူရတာ အဆင်ပြေသလဲနဲ့ ဆိုင်ပါတယ်။ ဥပမာ ကလေးက ဘယ်ဘက်မှာ ရှိတဲ့ အရုပ်ကို ဘယ်လက်နဲ့ပဲ ယူမှာပေါ့။ သူတို့အတွက် ဒါက ပိုလွယ်တယ်လေ။

 

ကလေးက ၁နှစ်ခွဲလောက်ဆိုရင် သူ့လက်တွေကို ကောင်းကောင်းသုံးနိုင်နေပါပြီ။ ၃နှစ်လောက်ဆိုရင်တော့ ဘယ်သန်လား၊ ညာသန်လား ပြောလို့ရပါပြီ။ ဒါပေမယ့် UK က လုပ်တဲ့ မကြာသေးခင်က လေ့လာချက်မှာ ကလေးတွေ ဘယ်ဘက်သန်မှာလဲဆိုတာ အမေ့ဗိုက်ထဲမှာတည်းက သတ်မှတ်ထားပြီးသားပါတဲ့။ ကလေး ၁၀ ယောက်မှာ ၉ယောက်လောက်က လက်စုပ်ရင် ညာဘက်လက်စုပ်တာ ပိုများပါတယ်တဲ့။ နောက်မှသာ ဘယ်သန်တွေ ညာသန်တွေ ဖြစ်သွားတာပါတဲ့။

 

အရင်က ထင်ခဲ့တာက ညာသန်ဆိုတာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက ပိုကောင်းနေလို့ ပိုလွှမ်းမိုးနိုင်လို့ ညာဘက်က ပိုသန်တယ်လို့ ထင်ကြတယ်။ (ဦးနှောက်ရဲ့ အခြမ်းနှစ်ခြမ်းက ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက်ကို ထိန်းချုပ်ပါတယ်။) ဒါပေမယ့် ဒါသာတကယ်ဆိုရင် ဘယ်သန် ညာသန်တင်မကဘဲ ခန္ဓာကိုယ်ရဲ့ တခြား အလုပ်တွေကိုပါ လွှမ်းမိုးသင့်တာပေါ့။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုရင် ဘယ်သန်မှာရော ညာသန်မှာရော စကားပြောတာကို ထိန်းချုပ်တဲ့အပိုင်းက ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေလို့ပါပဲ။

 

နောက်ပြီး ညာသန်တွေက ညာဘက်ကို ပိုသုံးမယ်ထင်ခဲ့တာ တကယ်တော့ အဲ့လို မဟုတ်ပါဘူး။ ညာသန်တွေ အများစုက ခြေလှမ်းလှမ်းရင် ဘယ်ဘက်က စလှမ်းပါတယ်တဲ့။

ဘယ်သန်ဘာကြောင့် ဖြစ်တာလဲဆိုတာကို ပြောပြပေးတဲ့ သီအိုရီတွေ အများကြီး ရှိပေမယ့် ဘယ်ဟာကမှ တိတိကျကျ သက်သေပြနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း နှစ် ၁၅၀ကျော်တဲ့အထိ အဖြေမတွေ့သေးတာပေါ့။ ဦးနှောက်ဆိုတာကလည်း လူ့ခန္ဓာကိုယ်မှာ အဆန်းကြယ်ဆုံး အစိတ်အပိုင်းပဲလေ။

 

အနောက်နိုင်ငံတွေမှာ ၁၀ရာခိုင်နှုန်းလောက်က ဘယ်သန်ပါ။ ဘယ်သန်ဖြစ်ခြင်းဟာ သင့်ကို အများနဲ့ မတူအောင် ခွဲခြားလိုက်တာ မဟုတ်ပါဘူး။ သင်သိတဲ့ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား၊ နာမည်ကျော် ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေး၊ အင်္ဂလန် တော်ဝင်မင်းသားဝီလီယံတို့ဟာလည်း ဘယ်သန်တွေပါပဲ။ ဘယ်သန်ဖြစ်ခြင်း၊ ညာသန်ဖြစ်ခြင်းဟာ သင့်ဘဝအတွက် အားနည်းချက် မဟုတ်ပါဘူး။ သင်က ကျွန်ုပ်တို့နဲ့ တူတူပါပဲ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”