ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်ရှိ

၃၀ စက်တင်ဘာ

ဉရောပအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးဒဏ် အခံရဆုံးနိုင်ငံတွေထဲမှာ ဘယ်လ်ဂျီယံနိုင်ငံလည်း ပါဝင်တာကိုတွေ့ရပါတယ်။ ဒီနေ့ (ဗုဒ္ဓဟူးနေ့) ထုတ်ပြန်ချက်အရ ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၁၀,၀၀၁ ဦးရှိသွားကြောင်း သိရပါတယ်။

လူဦးရေ ၁၁ ဒသမ ၅ သန်းနေထိုင်တဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၁၄ ဦးရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၁၀,၀၀၁ ဦး ရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၂၄ နာရီအတွင်း ၁,၇၆၂ ဦး ရှိရာ စုစုပေါင်း ပိုးတွေ့ရှိသူ ၁၁၇,၁၁၅ ဦး ရှိသွားကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်နဲ့ ဆေးရုံနဲ့ စောင့်ရှောက်ရေးဂေဟာတွေမှာ သေဆုံးသူတွေ အရေအတွက်ကို လွန်ခဲ့တဲ့ ၇ လကစပြီး မှတ်တမ်းယူခဲ့ပါတယ်။  ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးလဖြစ်တဲ့ ဧပြီလအတွင်းမှာ တစ်နေ့လျှင် သေဆုံးသူ ၂၅၀ ဦးရှိတဲ့ ရက်တွေဟာ ၁၀ ရက်ကျော်ထိရှိခဲ့ကြောင်း သိရပါတယ်။ ဧပြီလအတွင်းအမှာ သေဆုံးသူဟာ ၅,၀၀၀ ကျော်သွားတာကို ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။

ပြည်သူတွေလုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လာတဲ့ စက်တင်ဘာလနဲ့ နွေရာသီကျောင်းပိတ်ရက်အပြီး ကာလတွေမှာ ရောဂါပိုးတွေ့ရှိသူ ပမာဏ ပိုများလာတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစပြီး ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း နေ့စဉ် ၇ ဦး ကနေ ၈ ဦးထိ ရှိကြောင်းနဲ့ သေဆုံးသူတွေဟာ အသက်အရွယ်ကြီးသူနဲ့ ကျန်းမာရေးမကောင်းသူတွေ ဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတွင်းရှိ ဘိုးဘွားရိပ်သာ ၁,၅၀၀ နီးပါးဟာ ကပ်ရောဂါဒဏ်ကို အခံရဆုံးနေရာတွေ ဖြစ်ပြီး သေဆုံးသူ စာရင်းရဲ့ တစ်ဝက်နီးပါးဟာ အဘိုးအဘွားတွေဖြစ်ပါတယ်။ ဆေးရုံတွေမှာ သေဆုံးခဲ့တဲ့ အဘိုးအဘွား အရေအတွက်ပါ ထပ်ပေါင်းခဲ့မယ်ဆိုရင် အဘိုးအဘွား သေဆုံးသူအရေအတွက်ဟာ တစ်နိုင်ငံလုံး သေဆုံးအရေအတွက်ရဲ့ သုံးပုံနှစ်ပုံ သို့မဟုတ် ၆၄ ရာခိုင်နှုန်း အထိ ဖြစ်လာနိုင်ကြောင်း နယ်စည်းမခြား ဆရာဝန်းများအဖွဲ့က ပြောပါတယ်။

MDN

ကိုးကား - AFP