ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့များ ပြင်ဆင်မှုနောက်ကျဖွယ်ရှိ

ရန်ကုန် ၇ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာအားကစားအဖွဲ့များအနေဖြင့် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးရာ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှု နောက်ကျဖွယ်ရှိနေသည်။

 

မြန်မာအားကစားအဖွဲ့များသည် ယခင်ဆီးဂိမ်းပြိုင်ပွဲများတွင် အနည်းဆုံး တစ်နှစ်ခွဲနီးပါး အချိန်ယူပြင်ဆင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် လေ့ကျင့်မှုရပ်နားထားရာ အစောဆုံး စက်တင်ဘာမှသာ စခန်းဝင်လေ့ကျင့်နိုင်ဖွယ်ရှိနေသည်။ မြန်မာအားကစားအဖွဲ့များသည် မတ်လကတည်းက လေ့ကျင့်မှုရပ်နားထားရခြင်းဖြစ်ပြီး အားကစားအဖွဲ့အချို့မှာမူ ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက လေ့ကျင့်နိုင်ခြင်းမရှိသေးပေ။ မြန်မာအားကစားအဖွဲ့များမှာမူ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းမရောက်မီ စတင်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် လေ့ကျင့်မည့်အစီအစဉ်များ ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသော်လည်း ဆီးဂိမ်းပြိုင်ပွဲအတွက် အစည်းအဝေးပြုလုပ်နိုင်ခြင်းမရှိသေးဘဲ ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၏ ပဏာမစာရင်းကိုပင် ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ ပြီးခဲ့သည့်ဆီးဂိမ်းပြိုင်ပွဲများတွင် အိမ်ရှင်နိုင်ငံက ထည့်သွင်းကျင်းပလိုသည့် အားကစားနည်းများကို တစ်နှစ်ခွဲဝန်းကျင် ကြိုတင်ထုတ်ပြန်ပြီး အဖွဲ့ဝင်နိုင်ငံများက တောင်းဆိုသည့် အားကစားနည်းများ၊ ပြိုင်ပွဲအမျိုးအစားများကို ပြန်လည်ထည့်သွင်းအတည်ပြုခြင်းကို ပြိုင်ပွဲကျင်းပသည့်နှစ်တွင် အစည်းအဝေးများ ပြုလုပ်ကာ ဆုံးဖြတ်ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးရခြင်းမရှိသေးဘဲ နှစ်ကုန်ပိုင်းမှသာ အတည်ပြုနိုင်ဖွယ်ရှိနေသည်။

 

မြန်မာအားကစားအဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၇) နေရာ၌ ရပ်တည်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်

 

mdn