ဗိဿနိုးမြို့ဟောင်းမှ အနုပညာလက်ရာမြောက် ပျူအရိုးအိုးများ

 

မြန်မာနိုင်ငံသည် ပျူယဉ်ကျေးမှုအမွေအနှစ်ဒေသများဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းခဲ့ရာတွင် ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့ပြီး ဖြစ်ပါသည်။

 

ဗိဿနိုးမြို့ဟောင်းဟုဆိုလျှင် ရှေးပူရာဏကျမ်းများအရ ဒွတ္တဘောင်မင်းကြီး၊ ပန်ထွာမင်းသမီး (ဗိဿနိုးဘုရင်မ)၊ သိကြားပေးသော အတုလစည်တော်ကြီးနှင့် ရန်ပယ်ချောင်းတို့၏ ဒဏ္ဍာရီကို ဆက်စပ်သိရှိကြပါသည်။ ထိုဗိဿနိုးမြို့ဟောင်းသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ရှေးဟောင်းလူမျိုးတို့၏ မြို့တော်များအနက် ရှေးကျသော ပျူမြို့တော်တစ်ခုဖြစ်ကြောင်း ရှေးဟောင်းသုတေ သနဦးစီးဌာန၏ တူးဖော်သုတေသနပြုမှုများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။     

 

နေမျိုးမင်းလှသီရိသင်္ခယာရေးသော တောင်တွင်းကြီးသမိုင်း ဒုတိယပိုင်းတွင် ဗိဿနိုးမြို့ ပန်ထွာပြည်၏ အကြောင်းကို သင်းတွဲပြည် (တကောင်း) မှ မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မျက်မမြင်ညီနောင်နှစ်ပါးတို့ကို ဖောင်နှင့်မျှောလိုက်ခန်းမှ စတင်ပါသည်။ ညီနောင်နှစ်ပါးတို့၏ စားမြိန်စာကို ခိုးယူစားသောက်သော ရွှေနံကိုင်းဘီလူးမ (မှန်နန်းရာဇဝင်တွင် စန္ဒ မုခိဘီလူးမ) သည် မဟာသမ္ဘဝနှင့် ပဋိသန္ဓေကပ်ငြိ လေသည်။ မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝတို့၏ မျက်စိအမြင်ကိုရအောင် ကုစားပေးပြီးနောက် ထွက်ခွာလာသော ဘီလူးမသည် တောင်တွင်းကြီးမြို့ အနောက်ဘက် ငါးတိုင်ခန့်အကွာ တောအရပ်တွင် သမီးမိန်းကလေးတစ်ယောက်ကို ဖွားမြင်လေသည်

 

ထိုတောအတွင်း၌ သီတင်းသုံးနေထိုင်သော ရသေ့တစ်ပါးသည် သစ်သီးရှာဖွေ သွားလာစဉ် ဘီလူးမနှင့် ကလေးငယ်ကို တွေ့မြင်ရာတွင် သူတစ်ပါး၏ သားသမီးကိုစားရန်အလို့ငှာ ခိုးယူလာသည်ထင်မှတ်၍ မန္တန်မန္တရားဖြင့် ခြောက်လှန့်ရာ ဘီလူးမလည်း သမီးငယ်ကို ပစ်ခွာထွက်ပြေးရလေသည်။ ရသေ့လည်း သတို့သမီးငယ်ကို ကောက်ယူမွေးစား၍ အရွယ်ရောက်သောအခါ ရသေ့ရဟန်းတို့နှင့်အတူတကွ နေထိုင်ခြင်းငှာ မသင့်၍ မီးမဖုတ်သော အိုးငယ်ကိုပေးကာ ရေခပ်ယူခိုင်းလေသည်။ ရသေ့ပေးသော အိုးငယ်သည် ရေထည့်လျှင်ပင် ကွဲအက်ပျက်စီးလေသည်။ ထိုသို့ ကွဲအက်ဖန်များသောအခါ သတို့သမီးငယ်လည်း တောစောင့် တောင်စောင့်နတ်တို့ ဖျက်ဆီးခြင်းပြု၍သာ မိမိ၏ အိုးများကွဲပျက်ရပေသည်ဟု ဆိုငိုမြည်တမ်းလေသည်။ ဤသည်ကို ရှေးဘဝက မောင်နှမရင်းဖြစ်ခဲ့ဖူးသော ဗိဿနိုးနတ်မင်းကြီး ကြားသိလေလျှင် ထိုမိန်းမငယ်၏ ကုသိုလ်ပုညသီလပါရမီရှိပါက ကူညီထောက်ပင့်ရမည်ဟူသော အကြံနှင့် သိကြားမင်း ထံသွားရောက် လျှောက်ထားလေသည်။

 

ဗိဿနိုးမြို့သမိုင်း

 

သိကြားမင်းက ထိုမိန်းမငယ်သည် ကဿပ မြတ်စွာဘုရားလက်ထက်က လက်ယာတော်ရံ အရှင်မြတ်အား ပေရွက်ယပ်တောင် လှူဒါန်းခဲ့ဖူးသည်။ ထိုသို့ လှူဒါန်းခဲ့ဖူးသော အကျိုးကြောင့် ထိုမိန်းမငယ်၏ ဖြစ်လေရာဘဝတိုင်းတွင် မစိုက်မပျိုးရဘဲ ပေပင်တို့ ပေါက်ရောက်ခြံရံသော ကနက်ထီးနန်းတွင် စံမြန်းရလိုကြောင်း ပန်ထွာဆုတောင်းခဲ့ ဖူးလေသည်။ ယခုအခါတွင် ထိုသို့ဆုတောင်းခဲ့သော ကုသိုလ်ကံ၏ အကျိုးပေးရန် အချိန်ရောက်ပြီဖြစ်ကြောင်း မိန့်ကြားလိုက်သည်။ ထိုအခါ ဗိဿနိုး နတ်မင်းက အိုးများကို မကွဲမပျက်နိုင်အောင် စီမံ၍ တောင်ငယ်ပမာဏရှိ အိုးတစ်သိန်းအဖြစ် ဖန်ဆင်းပုံပေးထားလေသည်။ ထိုအရပ်ကို အိုးသိန်းတောင်ဟု ခေါ်ဝေါ်၍ ယခုအခါတွင် စကားရွေ့လျားလာသဖြင့် အိုးထိန်းတောင်ဟု ခေါ်တွင်လေသည်။

 

ထိုအရပ်ဒေသတွင်လည်း ဗိဿနိုးနတ်မင်းက စတုရန်းအားဖြင့် တာလေးထောင်ကျယ်ဝန်းသော မြို့ပြထီးနန်း ဖန်ဆင်းတည်ထောင်လေသည်။ သတို့သမီးငယ် ပန်ထွာဆုတောင်းခဲ့ဖူးသော အတိတ်စကားကြောင့် ပြည်တော်ကို ပန်ထွာပြည်၊ ဗိဿနိုး နတ်မင်းဖန်ဆင်းပေးသော မြို့ဖြစ်၍ မြို့တော်ကို ဗိဿနိုးမြို့ဟု ခေါ်ဝေါ်ကြောင်း ပါရှိလေသည်။

 

ဗိဿနိုးမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးရှိ မြို့ဝင်ပေါက် တူးဖော်မှုကုန်းအမှတ်-၁၃ (KKG-13) ၏ မြို့ပြင်ဘက် အရှေ့မြောက်ကိုက် ၃၂၀ ခန့်အကွာ တွင် အိုးထိန်းတောင် (သို့မဟုတ်) အိုးသိန်းတောင်ဟု အမည်တွင်သော ရှေးဟောင်းကုန်းအစု တစ်ခုရှိပါသည်။ ထိုကုန်းစုတွင် အလယ်ဗဟိုရှိ ကုန်းမြင့်တစ်ခုကို ကုန်းငယ်လေးကုန်းက ပတ်လည်ဝိုင်းရံလျက် ရှိပါသည်။ ထိုကုန်းအစု အလယ်ဗဟိုရှိကုန်းကို ယခင်က ကုန်းအမှတ်-၁၈ (KKG-18)ဟု တူးဖော်ခဲ့ရာ စက်ဝိုင်းပုံပန္နက်ကို စတုရန်းအုတ်ရိုးပတ်ထား၍ အရှေ့ဘက်သို့ ဝင်ပေါက်လက်တံထွက်လျက် ရှိသော ဥဒ္ဒိဿစေတီပုံပန္နက်ကိုတွေ့ရှိခဲ့ရပါသည်။

 

ထိုကဲ့သို့ ပန္နက်ပုံမျိုးရှိသော အဆောက်အဦမျိုး ကို ဗိဿနိုးမြို့ဟောင်းအတွင်းဘက်ရှိ ယခင်တူးဖော် မှု ကုန်းအမှတ်-၆ (KKG-6)၊ ကုန်းအမှတ်-၁၄ (KKG-14)၊ ကုန်းအမှတ်-၅ (BTO-5) နှင့် ယခုနှစ် (၂၀ဝ၃ ခု) တူးဖော်မှု ကုန်းအမှတ် ၁၆(BTO-16)တို့တွင် တွေ့ရှိခဲ့ရပြီး ဖြစ်ပါသည်။ ထိုကဲ့သို့သော အဆောက်အဦပုံစံများမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသရှိ တက္ကသီလာမြို့ (Taxila)နှင့် တောင်ပိုင်း ဒေသရှိ နာဂါဇုနကုဏ္ဍ (Nagarjunakonda) ဒေသ များမှ စေတီပန္နက်များနှင့် တူညီကြောင်း တွေ့ရှိရ၍ ဘီစီ-၂ရာစုမှ အေဒီ-၄ ရာစုအတွင်း တည်ထားလေ့ရှိသော စေတီပုံများဖြစ်ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့သော စေတီပန္နက်ပုံမျိုးကို ရှေးဟောင်းပျူ မြို့တော်များဖြစ်သော ဟန်လင်း၊ သရေခေတ္တရာ နှင့်ပင်လယ်(မိုင်းမော) မြို့ဟောင်းတူးဖော်မှုများ တွင်လည်း တွေ့ရှိရပါသည်။

 

 

mdn

 

 

ကုန်းအမှတ် - ၁၉ နှင့် ၂၀ တူးဖော်မှု

 

ထို့ကြောင့် တူးဖော်မှုအဖွဲ့ခေါင်းဆောင်အနေ ဖြင့် ဗိဿနိုးမြို့ဟောင်း မြောက်ဘက်မြို့ရိုး အပြင်ဘက်ရှိ အိုးထိန်းတောင် (သို့မဟုတ်) အိုးသိန်းတောင် အစုရှိ ကုန်းအမှတ်-၁၈ (KKG-18) စေတီပုံအဆောက်အဦးကို ဝန်းရံလျက်ရှိသော ရှေးဟောင်းကုန်းများအနက် အရှေ့မြောက်ဘက်ရှိ ရှေးဟောင်းကုန်းတစ်ခု ကုန်းအမှတ်-၁၉ (BTO-19) နှင့် အနောက် တောင်ဘက်ရှိ ရှေးဟောင်းကုန်းတစ်ခု ကုန်း အမှတ်-၂၀ (BTO-20) တို့ကို တူးဖော်သုတေသန ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရှိနေသောကုန်းများ မှာ တူးဖော်၍မရနိုင်လောက်အောင် ယိုယွင်းပျက်စီးပါးလွှာနေပြီ ဖြစ်ပါသည်။

 

ကုန်းအမှတ်-၁၉ (BTO-19)ကို တူးဖော်ရာမှ ပေါ်ထွက်လာသော အဆောက်အဦကြီးမှာ အလျား ၅၈ ပေ၊ အနံ ပေ ၄၀ ရှိသော စတုဂံပုံအဆောက်အဦကြီးဖြစ်၍ ခန်းမကြီး၏ မြောက်ဘက်ထိပ်တွင် ၁၀ ပေခွဲပတ်လည် စတုရန်းပုံ ပလ္လင်ခုံတစ်ခုကို တည်ဆောက်ထားသည်။ တောင်ဘက်ထိပ်တွင် အဆောက်အဦကြီးအတွင်းသို့ ဝင်ရောက်ရန် လှေကားခုံတစ်ခုနှင့် ၁၀ ပေကျယ်သော ဝင်ပေါက်တစ်ခုကို တွေ့ရှိရသည်။ ယင်း လှေကားခုံနှင့် ဝင်ပေါက်ကို ဖြတ်ကျော်၍ ခန်းမကြီးအတွင်း ဝင်ရောက်လာလျှင် ပလ္လင်ခုံရှိရာသို့ မျက်နှာမူပြီး လျှောက်လှမ်းနိုင်စေရန် တည်ဆောက်ထားကြောင်း တွေ့ရှိရပါသည်။ ထိုအဆောက်အဦ ဖွဲ့စည်းပုံမှာ ကုန်းအမှတ် - ၁၃ (BTO-13) ၏ ဖွဲ့စည်းပုံနှင့် လွန်စွာတူညီသော်လည်း သာသနိကပစ္စည်းများကို ရှာဖွေမတွေ့ရှိရချေ။ သို့သော် ထိုအဆောက်အဦကြီးအတွင်း ပလ္လင်ခုံပတ်လည်နှင့် အတွင်းနံရံဘေး တို့တွင် ပျူလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အရိုးအိုး ပေါင်း ၄၁ လုံးကို မြှုပ်နှံထားကြောင်း တွေ့ရှိရပါသည်။

 

ပလ္လင်ခုံတည်ဆောက်ထားသော မြေလွှာ၏ အောက်ဘက် တစ်ပေခန့်အနက် မြေလွှာအမှတ် (၃) အတွင်းတွင် ထိုအရိုးအိုးများကို ထည့်သွင်း မြှုပ်နှံထားကြောင်း တွေ့ရှိရပါသည်။ ထိုအရိုးအိုးများမှာ အဆောက်အဦ တည်ဆောက်စဉ်ကပင် ဖို့မြေတွင်း တစ်ခါတည်း မြှုပ်နှံထားခဲ့ကြောင်း မြေလွှာများက သက်သေပြနေပါသည်။ အရိုးအိုးအများစုမှာ ယခင်တူးဖော်မှုများက တွေ့ရှိခဲ့ပြီးသော အရိုးအိုးများပါ ပုံစံနှင့်တူညီပါသည်။ သို့သော် ယင်းတို့အနက် အရိုးအိုးတစ်လုံးမှာ အိုးနှုတ်ခမ်းပတ်လည်တွင် ငှက်ကလေးများပျံနေဟန်ကို ထူးခြားစွာ ပုံသွင်းပြုလုပ်ထားသည်ကို မထင်မှတ်ဘဲ တွေ့ရှိရပါသည်။ ထိုကဲ့သို့ ငှက်ပုံသဏ္ဌာန် ပါရှိသော အရိုးအိုးမျိုးကို ယခင်က မတွေ့ရှိခဲ့ရသေးသဖြင့် ထူးခြားသော တွေ့ရှိမှုတစ်ခုဖြစ်ပါသည်။ ထို့အပြင် ခဲသားရောင် ရေတည်အိုးကွဲများနှင့် မြေဆီမီးခွက် ရှစ်ခုခန့်ကိုလည်း တွေ့ရှိရပါသည်။

 

ထို့နောက် ကုန်းအမှတ်-၂၀ (BTO-20) ကို ဆက်လက်တူးဖော်ရာတွင်လည်း ၂၁ ပေ ပတ်လည် စတုရန်းပုံရှိသော ခန်းမငယ်တစ်ခုကို အနောက်ဘက်တွင် ခန်းမရှည်တစ်ခုနှင့် တောင်နှင့်မြောက်ဘက်တွင် အခန်းငယ်နှစ်ခု ဝန်းရံထားသော အဆောက်အဦငယ်တစ်ခု ပေါ်ထွက်လာခဲ့ပါသည်။ ထိုခန်းမငယ်၏ အရှေ့ဘက်တွင် ငါးပေခန့် ကျယ်သောဝင်ပေါက်ငယ်တစ်ခုရှိ၍ ထိုဝင်ပေါက်တည့်တည့် အတွင်းဘက်တွင် အနောက်ဘက်နံရံနှင့် ကပ်လျှက် သုံးပေခန့်မြင့်သော အုတ်ပလ္လင်ခုံတစ်ခုကို တွေ့ရှိ ရပါသည်။ ပလ္လင်ခုံ၏ပတ်လည် ခန်းမငယ်အတွင်းတွင် အရိုးအိုးပေါင်း ၄၁ လုံးနှင့် အခြားအခန်းများ တွင် အရိုးအိုး ငါးလုံး စုစုပေါင်း အရိုးအိုး ၄၆ လုံးကို တူးဖော်တွေ့ရှိခဲ့ပါသည်။

 

အိုးအတတ်ပညာတီထွင်ဖန်တီးနိုင်စွမ်း

 

ထိုအရိုးအိုးများတွင် ငှက်ရုပ်များပျံနေဟန် အရိုးအိုး ငါးလုံးကို ထပ်မံတူးဖော်တွေ့ရှိရပါသည်။ ငှက်ငယ်ကလေးများမှာ ချိုးငှက်ကလေးများနှင့် ဆင်တူပါသည်။ ထို့အပြင် အခြားအိုးများတွင်လည်း ဥဒေါင်းငှက်၊ ငန်းငှက်တို့နှင့် ပုံသဏ္ဌာန်ဆင်တူသော ငှက်ငယ်ကလေးများပျံနေဟန်ကို အိုးအဖုံးနှင့် အမတွင် တီထွင်ဖန်တီးထားကြောင်း တွေ့ရှိရပါသည်။ အိုးများကို အိုးထိန်းစက်ဖြင့် ပုံသွင်းထားကြောင်း သိသာပါသည်။ သို့သော် အိုးများတွင် ပါရှိသော ငှက်ရုပ်ကလေးများ၊ ဖောင်းလုံးများနှင့် ဖောင်းရစ် အဆင်တန်ဆာအချို့ကို လက်ဖြင့်ပြုလုပ်ကာ မီးမဖုတ်ခင် တွဲကပ်အောင် ပြုလုပ်စီရင်ထားကြောင်း တွေ့ရှိရပါသည်။ ခန်းမငယ်၏ အနောက် မြောက်ဘက်ထောင့်ရှိ အခန်းတစ်ခု၏ အလယ် တည့်တည့်တွင် အိုးသားအနက်ရောင်ရှိ၍ အိုးသားထူကာ အိုးပတ်ပတ်လည်တွင် ပေါင်းအိုးကဲ့သို့ အပေါက်ငယ်ကလေးများ ပါရှိသောအိုးကြီးတစ်လုံးကိုလည်း တူးဖော်ရရှိခဲ့သည်။ ထိုအိုးကြီးကို လက်ခတ်ဖြင့် ဖန်တီးပြုလုပ်ထားကြောင်း တွေ့ရှိရပါသည်။ အရိုးအိုးကြီးများမှာ အိုးသားအနည်းငယ် ကြမ်းတမ်းလှပါသည်။ အရိုးအိုးငယ်ကလေးများမှာမူ အိုးသားချောညက်သည်။ သေးငယ်သောခွက် (cup) ပုံသဏ္ဌာန်အရိုးအိုးမျိုးကိုလည်း ဆီမီးခွက်ကို အဖုံးငယ်ကလေးပြုလုပ်စီမံထားသည်ကို လှပ ထူးခြားစွာတွေ့ရှိရပါသည်။ အရောင်တင်ထားသော သပိတ်ပုံအရိုးအိုးများ (polished ware) မှာမူ ပန်းကန်ပြားသဏ္ဌာန် အဖုံးပါဝင်၍ အိုးသားအလွန် ချောညက်ပါးလွှာကာ အနီရောင် အလွှာပါးပါးကို မူလအိုးသားပေါ်တွင် အရောင်တင်သုတ်လိမ်းထား ကြောင်း တွေ့ရှိရပါသည်။ ထိုအရိုးအိုး ၄၁ လုံးတို့မှာ လည်း တစ်လုံးနှင့် တစ်လုံး ပုံသဏ္ဌာန်တူမယောင်နှင့် မတူကြဘဲ အဆင်တန်ဆာနှင့် အိုးပုံစံအမျိုးမျိုးကွဲ သော အိုးများဖြစ်ကြောင်း တွေ့ရှိရရာ ဗိဿနိုး ပျူလူမျိုးများပါ အိုးအတတ်ပညာ တီထွင်ဖန်တီးနိုင်စွမ်းကို ဖော်ညွှန်းလျက်ရှိနေပါသည်။

 

၂၀ဝ၉ ခုနှစ်တွင်မူ ဗိဿနိုးမြို့ဟောင်းတူးဖော် ထိန်းသိမ်းရေးအဖွဲ့က ဗိဿနိုးမြို့ဟောင်းအတွင်း ၌ ၂၀ဝ၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှ ၂၀၁၀ ခုနှစ် မတ် ၂၃ ရက်အထိ ရှေးဟောင်းကုန်းပေါင်း ငါးကုန်းတိတိကို တူးဖော်သုတေသနပြုခဲ့ကြပါ သည်။

 

ကုန်းအမှတ်-၃၀ တူးဖော်မှု

 

ကုန်းအမှတ်-၃၀ (BTO-30) သည် အိုးထိန်းတောင်ဒေသ အလယ်နေရာရှိ စေတီကြီးကုန်း အမှတ်-၁၈ (KKG-18) မှ အရှေ့တောင်ဘက် ကိုက် ၇၀ အကွာတွင် တည်ရှိသည်။ အိုးထိန်းတောင်ကုန်း၏ အရှေ့တောင်ဘက်အစွန် မြေနိမ့်ပိုင်းနေရာတွင် တည်ရှိသည်။ ကုန်း၏ အရှေ့ဘက်တွင် အိုးထိန်း တောင်ကန်နှင့် လယ်ကွင်းများတည်ရှိသည်။

 

ထိုကုန်းကြီးကို တူးဖော်လိုက်သောအခါ တောင်မြောက် အလျား ၄၆ ပေနှင့် အရှေ့အနောက် အနံ ၄၃ ပေခွဲခန့်ရှိသော လေးထောင့်ပုံ အဆောက်အဦကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအဆောက်အဦကို အခန်းကျယ်ကြီး ငါးခန်းနှင့် အခန်းငယ် ခုနစ်ခန်း စုစုပေါင်း ၁၂ ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း တွေ့ရှိရသည်။ ကုန်းအမှတ် - ၃၀ (BTO-30) တူးဖော်မှုမှနေ၍ မြေဆီမီးခွက်များ၊ သပိတ်လုံးအရိုးအိုး နှစ်လုံး၊ ရေသယ်အိုး၊ ချက်ပြုတ်အိုး၊ နှုတ်သီးပါသောအိုး စသည်တို့၏ အိုးအကောင်းနှင့် အိုးခြမ်းကွဲများစွာကို တွေ့ရှိရသည်။ ထူးခြားသည်မှာ ချက်ပြုတ်အိုးကိုလည်း အရိုးအိုးအဖြစ် မြေခွက်အဖုံးတစ်ခုဖုံး၍ အသုံးပြုသည်ကို တွေ့ရှိရသည်။

 

မြေဆီမီးခွက်များ

 

ကုန်းအမှတ်-၃၁ (BTO-31) မှ ပေါ်ထွက်လာသော အဆောက်အဦကြီးမှာ အဆောက်အဦ၏ အလယ်တွင် ပလ္လင်ခုံထားရှိပြီး ခိုနန်းချိုးတစ်ဆစ်ချိုးကာ အရှေ့ဘက်သို့ လက်တံထုတ်ထားသော အဝင်ခန်းမဆောင်ကြီး ပြုလုပ်ထားသော ပုံသဏ္ဌာန် ဖြစ်ပါသည်။ ခန်းမအတွင်းရှိပလ္လင်ခုံ၏ မြောက်ဘက်၌ တစ်ပေခွဲအနက်တွင် မြေဆီမီးခွက်များကို အစုလိုက် အပြုံလိုက်တွေ့ရှိရသည်။ တချို့မြေဆီမီးခွက်များကို လေးလုံး၊ ငါးလုံးစီထပ်၍ လည်းကောင်း၊ တစ်ခွက်ချင်းစီ ပြန့်ကျဲ၍လည်းကောင်း တွေ့ရှိရပြီး ဆီမီးခွက်အကောင်း ၁၃ လုံး အပါအဝင် ဆီမီးခွက် စုစုပေါင်း၂၃ ခွက်ခန့် တွေ့ရှိရပါသည်။ ကုန်းအမှတ်-၃၁(BTO-31) မှ အရိုးအိုး ၁၅ လုံးကို တွေ့ရှိရသည်။ အရိုးအိုးအများစု ပျက်စီးနေပြီး သုံးလုံးခန့်သာ အကောင်းနီးပါး ရရှိပါသည်။ ထိုကုန်းမှာလည်း ကုန်းအမှတ်-၁၈(KKG-18) စေတီကြီး၏ အနောက်မြောက်ဘက်တွင် ကပ်လျက်တည်ရှိသော ဘာသာရေးဆိုင်ရာအဆောက်အဦ ဘုန်းတော်ကြီးကျောင်း တစ်ဆောင်ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

 

mdn

 

အရိုးအိုးမြှုပ်နှံရာ သီးသန့်အခန်း

 

 

ကုန်းအမှတ်-၃၂ (BTO-32) သည် ချုတ်ကုန်း ရွာ၏ အရှေ့မြောက်ဘက် ပေ ၂၀ဝ ခန့်အကွာ၊ ရန်ပယ်ချောင်း၏ အနောက်ဘက်ကိုက် ၄၀ဝ ခန့် အကွာ၊ ဗိဿနိုးမြို့ရိုး၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ အလျားပေ ၁၂၀၊ အနံ ပေ ၉၀ ပတ်လည်ရှိ ကုန်းပေါ်တွင် သစ်ပင်ချုံနွယ်များ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်။ အုတ်ကုန်းအား စနစ်တကျတူးဖော်ခဲ့ရာ အရှေ့အနောက် ၁၀၈ ပေအရှည်၊ တောင်မြောက် ၈၅ ပေ ၇ လက်မအရှည် ရှိ အဆောက်အဦတစ်ခုကို တူးဖော်တွေ့ရှိသည်။ အနောက်ဘက်တွင် ဝင်ပေါက်တစ်ခုကို တွေ့ရှိ ရသည်။ ထို ဝင်ပေါက်၏ အတွင်းဘက်တွင် အလျား ၂၇ ပေ ၇ လက်မ၊ အနံ ၂၃ ပေရှိ အတွင်းအခန်း တစ်ခုကို တူးဖော်ရရှိသည်။ ထိုအတွင်းအခန်း၏ အတွင်းဘက်တွင် အရိုးအိုးအများအပြားကို မြှုပ်နှံ ထားပြီး အရိုးအိုးစုစုပေါင်း ၄၀ ခန့်ကို တွေ့ရှိရသည်။ အရိုးအိုးမြှုပ်နှံရာ သီးသန့်အခန်းဟု ယူဆနိုင်ဖွယ်ရာ ရှိပါသည်။ ထို အတွင်းအုတ်အဆောက်အဦနှင့် အပြင်အဆောက်အဦကြားတွင် တစ်ပတ်လုံးကို အုတ်ကြမ်းပြင်အပြည့် ခင်းထားသည်ကို တွေ့နိုင်ပါသည်။ အုတ်ကြမ်းပြင်ကို အချို့နေရာများတွင် အလျားတစ်လှည့် အနံတစ်လှည့်ခင်းထားပြီး အချို့ နေရာများတွင် အုတ်ကျိုးဖြင့် သင့်လျော်သလို စီထားသည်ကို တွေ့ရှိရသည်။ အုတ်ကြမ်းပြင်တွင် ခုံးအုတ်များကိုပါ ထည့်သွင်းအသုံးပြုထားသည်ကို တွေ့ရှိရသည်။ လက်ရေးစင်းရာပါသော အုတ်အများ အပြားကိုလည်း တူးဖော်တွေ့ရှိရသည်။

 

ဆေးခြယ်ထားသောအိုး (Painted Pottery) များ

 

ကုန်းအမှတ်-၃၂(BTO-32) ၌ အရိုးအိုးမြှုပ်နှံရာ တွင် အလျား ၂၇ ပေ ၇ လက်မ၊ အနံ ၂၃ ပေ ရှိသော အခန်းအတွင်း၌သာ တစုတဝေးတည်း မြှုပ်နှံ ထားသည်မှာ ထူးခြားလှပါသည်။ အဆောက်အဦ ၏ အနောက်ဘက် မျက်နှာစာဝင်ပေါက်အနီး တစ်ဝိုက်မှ သံမယ်နများ၊ သံအပိုင်းအစများစွာကိုလည်း တွေ့ရှိရသည်။ သံထည်ပစ္စည်းများမှာ အဆောက်အဦ ဝင်ပေါက်တံခါးများတွင် အသုံးပြုခဲ့ဟန်ရှိပါသည်။ အရိုးအိုးမြှုပ်နှံရာအခန်း၏ အပြင်ဘက်ကြမ်းပြင်ပေါ်မှလည်း ချက်ပြုတ်အိုးကွဲ အပိုင်းအစများစွာနှင့် အနို့တန် (Spouted Pottery) ပါသော ရေစင်တော်သွန်းအိုးကွဲ နှစ်ခုကိုပါ တူးဖော် တွေ့ရှိရသည်။ အိုးသားပေါ်တွင် အဆင်တန်ဆာများ ဆေးခြယ်ထားသော အိုးသုံးမျိုးခန့် တွေ့ရှိရသည်။ အိုးသားအနီပေါ်တွင် အဝါရောင်၊ အနက်ရောင် ဆေးသားများဖြင့် ရေးဆွဲထားသည်။ အနက်ရောင် ဆေးသားဖြင့် ရေးဆွဲထားသော အဆင်တန်ဆာပုံ များမှာ ပိုမိုထင်ရှားသည်။ ထိုဆေးခြယ်သထား သောအိုး (Painted Pottery) များမှာ အခြားသော ပျူခေတ်ယဉ်ကျေးမှုတူးဖော်မှုများတွင် မတွေ့ရှိ ရဘဲ ယခု ဗိဿနိုးမြို့ဟောင်း တူးဖော်မှု ကုန်းအမှတ်-၃၂ (BTO-32) တူးဖော်မှုတွင် ပထမဆုံး တွေ့ရှိရခြင်း ဖြစ်ပါသည်။

 

 

ကုန်းအမှတ်-၃၃ (BTO-33) သည် အိုးထိန်း တောင်၏အရှေ့ဘက် အိုးထိန်းတောင်ရှိ ကုန်း အမှတ်-၃၀ (BTO-30) နှင့် အရှေ့ဘက်သို့ တစ်တန်းတည်းနီးပါးတည်ရှိပြီး ကြားတွင် အိုးထိန်း တောင် ရေကန်ငယ်တစ်ခုရှိသည်။ အိုးထိန်း တောင်ကန်၏ အရှေ့ဘက်ကုန်းစောင်းတွင် ထိုကုန်းကို တွေ့ရှိရသည်။ ကုန်းအမှတ်- ၃၃ (BTO-33) ကို တူးဖော်ရာမှထွက်ရှိလာသော အဆောက်အဦမှာ အရှေ့မှ အနောက်သို့ အလျား ၄၇ ပေ ၆ လက်မ နှင့် တောင်မြောက် အနံ ၄၁ ပေရှိသော စတုဂံပုံ မကျတကျ အဆောက်အဦကြီး ဖြစ်ပါသည်။ ကုန်းအမှတ် - ၃၃ (BTO-33) ၏ အဆောက် အဦပန္နက်ပုံသည် အိုးထိန်းတောင်အရှေ့ဘက်ရှိ ကုန်းအမှတ် - ၃၀ (BTO-30) အဆောက်အဦ၏ ပန္နက်ပုံနှင့် အဝင်ခန်းမကြီး၏ ဘေးနှစ်ဖက်တွင် အခန်းငယ် နှစ်ခန်းဖွဲ့စည်းပါဝင်မှု မရှိသည်ကလွဲ၍ တစ်ထေရာတည်း တူညီလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင်ထိုအဆောက်အဦ နှစ်ခုမှာ အိုးထိန်း တောင်ရေကန်၏ နဖူးပေါ်တွင်မေးတင်၍ တစ်တန်းတည်း တည်ဆောက်ထားကြောင်း တွေ့ရှိ ရသည်။

 

ဆက်လက်ဖော်ပြပါမည်။