ဗြိတိန်နိုင်ငံက တိရစ္ဆာန်တွေအတွက် ပေးအပ်တဲ့ သူရသတ္တိဆု ကို မြေမြှုပ်ဗုံး ရှာဖွေတဲ့ ကြွက် ရရှိ

၂၆ စက်တင်ဘာ

 

အသက်ငါးနှစ်အရွယ် ကြွက် မာဂါဝါဟာ ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းရှိ ဆီယမ်ရပ်မှာ အခြေစိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံတွင်းက မြေမြှုပ်မိုင်း ၃၉ ခုနဲ့ မပေါက်ကွဲတဲ့ လက်နက်ပစ္စည်း ၂၈ ခုကို ရှာဖွေ ဖော်ထုတ်ပေးခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကြွက် မာဂါဝါဟာ ကမ္ဘာမှာ မထင်မှတ်ထားတဲ့ အသက်ကယ်တင်သူ ဖြစ်လာပါတယ်။

 

 

အဲဒီလို လူသားတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်တဲ့ ကြွက် မာဂါဝါကို ဗြိတိန် တိရစ္ဆာန်ဆိုင်ရာ ဆုပေးတဲ့ ပရဟိတ အဖွဲ့ PDSA က ရွှေတံဆိပ်ချီးမြှင့်လိုက်ပါတယ်။

 

 

မာဂါဝါလို့ အမည်ပေးထား ကြွက်ဟာ အာဖရိက မျိုးနွယ်ဖြစ်ပြီး အနံ့ခံတတ်အောင် ဘယ်လ်ဂျီယံ ပရဟိတအသင်း APOPO က လေ့ကျင်ပေးခဲ့တာလို့ သိရပါတယ်။

 

 

ဆုပေးတဲ့ PDSA အဖွဲ့ရဲ့ အကြီးအကဲက သူရဲကောင်းကြွက် မာဂါဝါနဲ့ APOPO အဖွဲ့ဟာ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ အလုပ်တွေ လုပ်ဆောင်ခဲ့ကြောင်း၊ ကြွက် မာဂါဝါဟာ ယောကျ်ား၊ မိန်းမနဲ့ ကလေးတွေရဲ့ ဘဝတွေ ဆိုးကျိုးပေးနိုင်တဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ရှားပေးခဲ့ကြောင်း ချီးမွမ်း ပြောဆိုပါတယ်။

 

 

၁၉၇၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း ကမ္ဘောဒီးယား နိုင်ငံမှာ သန်းနဲ့ချီတဲ့ မြေမြှုပ်မိုင်းတွေ မြှုပ်ထားတဲ့အတွက် သိန်းချီတဲ့လူတွေ သေကြေဒဏ်ရာ ရရှိခဲ့ပါတယ်။

 

 

PDSA အဖွဲ့က ရွှေတံဆိပ် ပေးအပ်လိုက်ခြင်းဟာ ကမ္ဘာတစ်ဝန်းရှိ မြေမြှုပ်မိုင်း အန္တရာယ်ကို လူတွေ စိတ်ဝင်စားအောင် လုပ်ဆောင် ပေးနိုင်တာဖြစ်ကြောင်း APOPO အဖွဲ့က ပြောပါတယ်။

 

 

ကြွက် မာဂါဝါဟာ တန်ဇေးနီးယား ဇာတိဖြစ်ပြီး တင်းနစ်ကွင်း အကျယ်မြေပြင်ကို မိနစ် ၃၀  အတွင်း မိုင်းရှာနိုင်ကြောင်း သိရပါတယ်။ တင်းနစ်ကွင်း အကျယ်မြေပြင်ကို မိုင်းရှာ ကိရိယာသုံးပြီး ရှာဖွေမယ်ဆိုရင် လေးရက် ကြာမြင့်ပါတယ်။

 

 

APOPO အဖွဲ့က ကြွက် ၄၅ ကောင်ကို မိုင်းရှာရန်နဲ့ ၃၁ ကောင်ကိုတော့ တီဘီရောဂါပိုး ရှာဖွေရန် လက်ရှိ လေ့ကျင့်ပေးနေကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP