ဗြိတိန်နိုင်ငံမှာ သေဆုံးခဲ့တဲ့ တရားမဝင် ရွှေ့ပြောင်းသူ ဗီယက်နမ် နိုင်ငံသားများ၏ အလောင်းကို အိမ်ပြန်သယ်ဖို့ အစိုးရက ငွေချေးပေးမည်

၁၉ နိုဝင်ဘာ

 

ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့လက သေဆုံးခဲ့တဲ့ တရားမဝင် ရွှေ့ပြောင်းသူ ဗီယက်နမ် နိုင်ငံသား ၃၉ ဦးရဲ့ အလောင်းကို အိမ်ပြန်သယ်ယူရန် ဗီယက်နမ် အစိုးရ ငွေချေးပေးမယ်လို့ ဒီကနေ့ ပြောကြားပါတယ်။

 

ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ အနေနဲ့ သေဆုံးသူတွေရဲ့ အလောင်း သို့မဟုတ် ပြာအိုးကို ပြန်သယ်ယူနိုင်ရေးကို ကူညီနိုင်မှာဖြစ်ပြီး ကျသင့်ငွေကို မိသားစုတွေက ကျခံရမှာ ဖြစ်ပါတယ်။  ပြာအိုးအတွက် အမေရိကန်ဒေါ်လာ ၁,၇၇၄ ကျသင့်ပြီး အလောင်းအတွက် ၂,၈၅၈ ကျသင့်ကြောင်း သိရပြီး  အဲဒီကုန်ကျငွေကို အစိုးရက ချေးပေးမှာ ဖြစ်ပါတယ်။ 

 

သေဆုံးသူ ၃၉ ဦးထဲမှာ ပါဝင်တဲ့ အသက် ၃၀ အရွယ် လက်ဗန်ဟွာရဲ့ ဖခင်ဖြစ်သူကတော့ သူ့သားအလောင်းကို ပြန်လိုချင်ကြောင်း၊ ကျသင့်ငွေကို ပေးမှာဖြစ်ပြီး သူ့သားရဲ့ ဥရောပခရီးအတွက် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော် ချေးငှားထားပြီး ဖြစ်ကြောင်းနဲ့  အဲဒီချေးငွေတွေအတွက် အိမ်တွေ လယ်တွေ ရောင်းပေးမယ်လို့ ဆိုပါတယ်။ သေဆုံးသူ လက်ဗန်ဟွာမှာ ဇနီးနဲ့ ကလေးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ 

 

ဗီယက်နမ် ကျေးလက်ဒေသတွေမှာ အလောင်းကို သူတို့ရိုးရာ ထုံးစံအတိုင်း သင်္ဂြိုဟ်လေ့ရှိပါတယ်။ အခုသေဆုံးသူ အများစုဟာ ကျေးလက်နေသူ အများစု ဖြစ်တဲ့အတွက် သေဆုံးပြီး ရက်အနည်းငယ် အတွင်းမှာ မြှုပ်နှံသင်္ဂြိုဟ်လေ့ ရှိပါတယ်။

 

နိုင်ငံခြားရေး ဝန်ကြီးဌာနက သေဆုံးသူတွေရဲ့ မိသားစုတွေအား ပြာအိုးဟာ အလျှင်အမြန် ရောက်ရှိပြီး ဈေးသက်သာသလို ကျန်းမာရေး အရလည်း စိတ်ချရကြောင်း ပြောပါတယ်။

 

သေဆုံးသူ နောက်တစ်ဦးဖြစ်တဲ့ ဗိုနွန်းဒု ရဲ့ မိသားစုကလည်း သူ့အစ်ကို ကို ရိုးရာအတိုင်း သင်္ဂြိုဟ်ချင်ကြောင်းနဲ့  သူပြန်ရောက်ဖို့သာ လိုအပ်ပြီး အကြွေးကို နောက်မှ ဘယ်လိုဆပ်မယ်ဆိုတာ စဉ်းစားမယ်လို့ ညီမဖြစ်သူ ဗိုသီဟွန်ကလည်း ပြောပါတယ်။

 

MDN

ကိုးကား - AFP