ဗန်းမောက်မြို့နယ်တွင် ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

ဗန်းမောက်  ဇွန်  ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် ကတူးတိုင်းရင်းသားများ နေထိုင်သည့် ကံရွာအုပ်စု ကံရွာကျေးရွာနှင့် မော်တိတ်ရွှေချောင်း (တောင်ကုန်း) ကျေးရွာချင်းဆက် မြေသားလမ်းကို ဇွန်၂၃ရက်မှ စကာကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က တိုင်းဒေသကြီးလွှတ်တော်ရန်ပုံငွေကျပ် သိန်း(၂၀)ဖြင့် အဆိုပါ ကျေးရွာနှစ်ရွာချင်းဆက်လမ်းအား မြေသားလမ်းအဖြစ် ခင်းကျင်းပေးထားသော်လည်း မိုးများသော ဒေသဖြစ်ခြင်းကြောင့် လမ်းတွင် ရွံ့ဗွက်များထခြင်း၊ လမ်းပေါ်တွင်ရေများ တင်ကျန်ခြင်းနှင့် ချိုင့်ခွက်များ ဖြစ်ပေါ်နေခြင်းများကြောင့် တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာနေကြသည့် ပြည်သူများ အခက်အခဲများ ရှိခဲ့ကြသည်။

 

ထို့ကြောင့်  ကံရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လွင်မှဦးဆောင်၍ ရွှေသတ္တုတူးဖေါ်သူများအသင်းက ထည့်ဝင်လှူဒါန်းငွေ ဘက်ဟိုး မြေသယ်ယာဉ် စက်ယန္တရားကြီးများနှင့် ကျေးရွာနေပြည်သူများ၏ လုပ်အားဒါနများဖြင့် အရှည် ၁မိုင်၄ဖာလုံ၊ အကျယ်၁၈ပေနှင့် ဒု ၁ပေ လမ်းဘေး ဝဲ/ယာ အကျယ်၂ပေနှင့် အနက်၂ပေရှိ ရေမြောင်းများအား ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကျေးရွာချင်းဆက် ကျောက်ချောလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပြီးပါက ကတူး တိုင်းရင်းသားများ ရိုးရာပွဲတော်များဖြစ်သည့် ကောက်ဦးဆွမ်း စားပွဲ၊ ရှင်ပြုပွဲ၊ ဆရာကန်တော့ပွဲ၊ ကတူး အမျိုးသားများနေ့နှင့် သာရေးနာရေးပွဲတော်များသို့ သွားလာကြမည့်ပြည်သူများမှာ လွယ်ကူချောမွေ့စွာ ကူးသန်းသွားလာနိုင်တော့မည်ဖြစ်သည်။

 

လှိုင်ဘွား(ဗန်းမောက်)