စားသုံးသူများရရှိမည့်အခွင့်အရေးများနှင့် လုပ်ငန်းရှင်များလိုက်နာရန် သတ်မှတ်ချက်များ

နိုင်ဦး(DOCA)

ကိုဗစ်-၁၉ ကူးစက်ရောဂါ နေရာအနှံ့ဖြစ်ပွားနေတဲ့အတွက် အိမ်မှာနေရင်း ကမ္ဘာကြီးကို ကာကွယ်နေချိန်၊ အားလပ်နေလို့ မသိသေးတဲ့ အင်္ဂလိပ်စာတွေကို လေ့လာရင်း တချို့နိုင်ငံတွေကို မြန်မာမှုပြုရာမှာ ထူးထူးခြားခြား လေးတွေ တွေ့ရှိရတယ်။ France နိုင်ငံဟု ရေးထားပါလျက် ပြင်သစ်နိုင်ငံတဲ့၊ United State America–USA လို့ ရေးထားပါလျက် အမေရိကန်နိုင်ငံလို့ ခေါ်ကြပြန်ရော။ ကျွန်တော့်နာမည် “ဦးနိုင်ဦး” ဆိုပါစို့၊ အင်္ဂလိပ်လို U Naing Oo လို့ ရေးထားတာပဲ၊ “U” လို့ အသံထွက်ပါလျက် “ဦး” တဲ့။ “Oo” လို့ ရေးထားပါလျက် “ဦး” လို့ ထွက်ပြန်ရော။ ဒါကြောင့်ထင်ပါတယ်။ မြန်မာစာနဲ့ မရင်းနှီးတဲ့ နိုင်ငံခြားသူတစ်ဦးက ကျွန်တော့်ကို “ယူနိုင် အိုအို” လို့ခေါ်တာ မဆန်းပါဘူး။


မန္တလေးတိုင်းဒေသကြီးသို့ ခရီးတစ်ခု သွားရောက် စဉ်ကလည်း ကပ်လျက်ဆိုင်သုံးဆိုင်ကို အမှတ်တမဲ့တွေ့ မိတယ်။ ဘေးတစ်ဖက်က ကုမ္ပဏီဆိုင် တစ်ခုက စာလုံး ကြီးကြီးနဲ့ ရေးထားတဲ့ သူ့ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းတွေ ဟာ ပစ္စည်းမှန်၊ စျေးနှုန်းမှန်ကြောင်း ပြည်သူတွေ ဝယ်ယူ သုံးစွဲပါက “တစ်ခါဆက်ဆံ ရာသက်ပန်”ဆိုသလို ပစ္စည်း ကောင်းလွန်းလို့ သားစဉ်မြေးဆက် ဝယ်ယူသုံးစွဲ ကြမည်မှာသေချာကြောင်း ဖော်ပြထားတယ်။ တခြားတစ်ဖက်က စားသောက်ဆိုင် ကလည်း အားကျမခံသူ့စားသောက် ဆိုင်ကဝယ်ယူစားသုံးတဲ့သူတွေဟာ ပေးတဲ့ငွေထက် ပိုမိုတန်သော အရသာနဲ့ စိတ်ကျေနပ်မှုကို ရရှိမှာ ဖြစ်ကြောင်း၊ အရည်အသွေးကောင်းတဲ့ စားသောက်ကုန် ပစ္စည်းတွေကိုသာ ရွေးချယ်ဝယ်ယူလို့ သန့်ရှင်း လတ်ဆတ်ကြောင်း စသဖြင့် စာလုံးကြီးကြီးနဲ့ ဖော်ပြထားပြန်ရော။ အလယ်က ဖုန်းပစ္စည်းရောင်းတဲ့ဆိုင်ရဲ့ နာမည်ကတော့ “ ယုံဖူး” တဲ့ဗျာ။ စဉ်းစားသာ ကြည့်ကြပါတော့။


တောင်းဆိုခွင့်ရှိသော စားသုံးသူအခွင့်အရေး

ကျွန်တော်တို့သည် အခွင့်အရေးများနှင့် ပတ်သက်၍ အမျိုးမျိုး တောင်းဆိုနေကြသည်။ ဘာတဲ့ လူ့အခွင့်အရေးတဲ့၊ ယောကျ်ားနဲ့ မိန်းမတန်းတူအခွင့်အရေး ရရှိရေးတဲ့ စသည်ဖြင့် တောင်းဆိုနေကြသော်လည်း လူသားတို့ နေ့စဉ် ဖြတ်သန်းနေကြရသည့် စားရေး၊ ဝတ်ရေး၊ နေရေး ကိစ္စများဖြစ်သော အစားအသောက်များတွင် ခွင့်မပြု ဆိုးဆေးများ မသုံးစွဲရေး၊ အန္တရာယ်ဖြစ်စေသည့် ဓာတု ပစ္စည်းများ မသုံးစွဲရေး၊ ဝတ်ဆင်စရာပစ္စည်းများ ဖြစ် သည့် အဝတ်အထည်၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက် ၍ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ နေထိုင်သည့် ပစ္စည်းများ ဖြစ်သည့် ဘိလပ်မြေ၊ သံချောင်း စသည်တို့ ထုတ်ကုန်များကို လုံခြုံစိတ်ချစွာ ထုတ်လုပ်ထားမှု ရှိ/မရှိ သိရှိရေးတို့အတွက်မူ အရေးဆိုသူ နည်းပါးလှသည်၊ မိမိတို့ တစ်ဦးချင်းရရှိမည့် စားသုံးသူအခွင့်အရေးများကို ရရှိရေး တောင်းဆိုပိုင်ခွင့်၊ တိုင်တန်းနိုင်ခွင့်၊ ကုစားပိုင်ခွင့်၊ ဖြေရှင်းနိုင်ခွင့် စသည့် စားသုံးသူအခွင့်အရေးများကိုမူ တောင်းဆိုရန် လိုအပ်လျက်ရှိသည်ကို တောင်းဆိုရ ကောင်းမှန်းမသိ မေ့လျော့နေကြသည်။


ထိုအခါ လုပ်ငန်းရှင်အချို့သည် မိမိဆောင်ရွက်နေသော ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ဓာတုဆေးဝါးများ၊ တာရှည်ခံဓာတုပစ္စည်းများ၊ အရောင်ဓာတုဆေးများ၊ ပစ္စည်းတုများ သုံးစွဲ၍ စားသောက်ကုန်များ၊ ဆေးဝါးများ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်မှုပစ္စည်းများကို ရောင်းချကြသည်။ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပညာရေး၊ အာမခံ၊ ပို့ဆောင်ရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်၊ အလှပြုပြင်ရေး၊ ကျန်းမာ ရေး စသည်တို့တွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မိမိအကျိုးအမြတ်ရရှိရေးအတွက်သာ ဦးတည်ဆောင် ရွက်ကြသဖြင့် စားသုံးသူများ ကိုယ်ရောစိတ်ပါ နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့ရမှု တဖြည်းဖြည်းများပြားလာသဖြင့် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့ကြောင့်ပင် နိုင်ငံတကာတွင် ဖွဲ့စည်းထားသော စားသုံး သူအကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအတိုင်း မြန်မာနိုင်ငံတွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအောက်တွင် စားသုံးသူရေးရာဦးစီးဌာန ကို ဖွဲ့စည်းကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာ၊ ရပ်ကွက်များအထိ လွှမ်းခြုံ၍ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။


စားသုံးသူရေးရာဦးစီးဌာနသည် ၅၁ သန်းကျော်သော တစ်ပြည်လုံးရှိ စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်ဝန်ဆောင်မှုများကို ရယူသုံးစွဲကာ ကျန်းမာစွာဖြင့် လူ့သက် တမ်းစေ့ ပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိနေသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ကုန်စည်၊ ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်နိုင်စေရေးအတွက် ဆောင်ရွက်ပေး လျက် ရှိပါသည်။ ခေတ်နှင့်အညီ နိုင်ငံတကာတွင် ကျင့်သုံး၊ ဆောင်ရွက်လျက်ရှိသော လုပ်ထုံးလုပ်နည်း သတ်မှတ်ချက် များနှင့်အညီ မျက်ခြည်မပြတ်ဘဲ လိုအပ်သော ဥပဒေ ပြင်ဆင်မှုများ၊ အမိန့်ညွှန်ကြားချက်များကို ပြည်သူများ အကျိုးကိုရှေးရှု၍ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း စားသုံးသူများ၊ လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေး အဖြေရှာပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်ယူကာ အဆင့်ဆင့်တင်ပြ၍ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။


အားပြိုင်မှုများအတွက် ဟန်ချက်ညီစေမည့်ဥပ‌ဒေ

စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းဟူသည် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏ အားပြိုင်မှုများကို ဟန်ချက်ညီအောင် ထိန်းညှိကုစားပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် စားသုံးသူများအတွက် စားသုံးသူများ ရသင့်သည့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည်ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသလို လုပ်ငန်းရှင်များကိုလည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသော ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လိုက်ပါနိုင်စေရေးအတွက် လုပ်ဆောင်ခြင်းကြောင့် ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက်အထိပါ ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင်နိုင်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိနေပါ သည်။ ထိုသို့ ဆောင်ရွက်ပေးသည့်အခါ မလိုလားအပ်သော ထိခိုက်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် စားသုံးသူများလည်း စိတ်ကျေနပ်၊ လုပ်ငန်း ရှင်များလည်း ပြုပြင်လိုက်နာဆောင်ရွက်ကာ လုပ်ငန်း ဆက်လက်လည်ပတ်နိုင်စေရေးအတွက် ထိန်းညှိကုစား ဖြေရှင်းပေးခြင်းဖြင့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို ရှေးရှုဆောင်ရွက်ပေးလျက်ရှိသဖြင့် ထိုက်သင့်သော အောင်မြင်မှုများကို ရရှိနေခြင်း ဖြစ်ပါသည်။


ထို့ကြောင့်ပင် မိမိနိုင်ငံ၏ လူသားအရင်းအမြစ်များဖြစ်သည့် စားသုံးသူများ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက် လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ ဟန်ချက်ညီစွာ သဟဇာတဖြစ်စေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် နိုင်ငံတကာတွင် လက်ရှိအောင်မြင်စွာ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအနက်မှ မိမိနိုင်ငံ နှင့် သင့်တော်ကာ လိုက်လျောညီထွေဖြစ်မည့် အချက်များနှင့် ချိန်ထိုးပြီး ကြိုးစားဆောင်ရွက်ခဲ့မှုများကြောင့် ယခင် ပြဋ္ဌာန်းဆောင် ရွက်ခဲ့သည့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ(၂၀၁၄)ထက် ပိုမို၍ စားသုံးသူများကို အကာအကွယ် ပေးနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာစျေးကွက်အထိပါ ထိုးဖောက် အောင်မြင်မှု ရရှိရေးအတွက် ဆောင်ရွက်နိုင်သည့် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)ကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ သောကြာနေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၉)ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ထို့အပြင် စားသုံးသူ ကာကွယ်ရေးနည်းဥပဒေကို ရေးဆွဲလျက်ရှိပြီး မကြာမီပြဋ္ဌာန်းကာ ယခင်ကထက် စားသုံးသူများကို ကာကွယ်ပေး နိုင်တော့မည်။ စီးပွားရေးလုပ်ငန်းရှင်များကို ကူညီပေးနိုင် တော့မည် ဖြစ်ပါသည်။ အသစ်ပြဋ္ဌာန်းခဲ့သော စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) အရ စားသုံးသူများရရှိမည့် အခွင့်အရေး၊ တာဝန်နှင့် တောင်းဆိုပိုင်ခွင့်များအပြင် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်သင့်သည့်အချက် များကို ပြည့်စုံတိကျရှင်းလင်းစွာ ဖော်ပြထားပါသည်။


စားသုံးသူများ ရရှိမည့်အခွင့်အရေး၊ တာဝန်နှင့် တောင်းဆိုပိုင်ခွင့်

စားသုံးသူများရရှိမည့် အခွင့်အရေးများနှင့် ပတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာ၌ စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိနိုင်ခြင်း၊ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခြင်း၊ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ တိုင်ကြားနိုင်ခြင်း၊ ဆုံးရှုံးနစ်နာ မှုများကို ကုစားနိုင်ခြင်း၊ သတင်းအချက်အလက်များကို လေ့လာနိုင်ခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များ အတွက်ပါ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခြင်းတို့ ရရှိမည်ဖြစ်ပါသည်။ ထို့ပြင် စားသုံးသူများ လိုက်နာရမည့် တာဝန်များဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုပါ သတင်းအချက်အလက်များအတိုင်း လိုက်နာခြင်း၊ သတ်မှတ် ထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ လုပ်ငန်းရှင် အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ် မမှန်စွပ်စွဲ ပြောဆို၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းနေစဉ် လူမှုမီဒီယာနည်းလမ်းနှင့် အခြား နည်းလမ်းများ အသုံးပြု၍ လုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန် မဟုတ်မမှန်ပြောဆို၊ ရေးသား၊ ပြုမူခြင်းတို့ကို ရှောင်ကြဉ်၍ လိုက်နာရမည်ဟု ပြဋ္ဌာန်းထားပါသည်။


ထို့အပြင် စားသုံးသူများသည် လုပ်ငန်းရှင်များက အာမခံချက်ပေးထားသကဲ့သို့ ကုန်စည်အရည်အသွေး မကောင်း၊ သတင်းအချက်အလက် မပြည့်စုံပါက အာမခံ ထားသည့်အတိုင်း ပြန်လည်ပြင်ဆင်လဲလှယ်ခြင်း၊ အရည် အသွေးကောင်း ကုန်စည်ပြန်ရရင်၊ လျော်ကြေးရရင် တောင်းဆိုပိုင်ခွင့်ရှိပေသည်။ ဝန်ဆောင်မှုများနှင့် ပတ်သက်၍လည်း လျော်ကြေး ပေးရန်၊ ကုစားခွင့်ပေးရန် တောင်းဆို ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။


စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်များ

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိထုတ်လုပ်၊ တင်သွင်းဆောင်ရွက်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များကိုသာ ပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဆက်ဆံခြင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ခြင်း၊ အရည်အသွေးစံသတ်မှတ်ချက်များကို အာမခံချက်ပေးခြင်း၊ စားသုံးသူများကို ဝယ်ယူ ခြင်းမပြုမီ စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ထပ်မံ ပေးချေရမည့် တန်ဖိုးကို မဝယ်ယူခင် ကြိုတင်အတိ အလင်းဖော်ပြပေးခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု မဖြစ်ရေးတိုက်ရိုက်၊ သွယ်ဝိုက်ရောင်းချခြင်းမှ ရှောင်ကြဉ် ခြင်း၊ ကတိပြုထားသည့် အာမခံချက်အတိုင်းတာဝန်ယူ ဆောင်ရွက်ခြင်း၊ အငြင်းပွားမှု ဖြေရှင်းနေစဉ် မီဒီယာ နည်းလမ်းနှင့် အခြားနည်းလမ်းများ အသုံးပြု၍ စားသုံးသူများအပေါ် ခြိမ်းခြောက်၊ မဟုတ်မမှန်ရေးသား၊ ပြုမူ ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုအတွင်း ဘေး အန္တရာယ်ရှိကြောင်း သိရှိလျှင် လူထုဆက်သွယ်ရေး နည်းလမ်းနှင့် ဖြစ်စေ၊ အခြားနည်းလမ်းများ ဖြစ်စေ၊ သက်ဆိုင်ရာဌာနများ အချိန်မီသိရှိစေရန် အသိပေးခြင်း၊ အငြင်းပွားမှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာကော်မတီ၏ ဆုံးဖြတ်ချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။


စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ထင်ရှားစွာဖော်ပြအသိပေး ရမည့်အပြင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေး၊ အလေးချိန်မှန်ကန်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း၍ သုံးစွဲသူလိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းအတိုင်း တူညီခြင်း၊ အာမခံပေးထားသည့်အတိုင်း၊ ကြော်ငြာထားသည့်အတိုင်း ဆောင်ရွက်၍ စားသုံးသူများကို ကြိုတင်အသိပေး ခြင်း၊ ကြော်ငြာသည့်အတိုင်း ဝန်ဆောင်မှုပြည့်ဝစွာပေးခြင်း၊ စားသုံးသူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း။ အာမခံထားသည့် အချိန် အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် တန်ဖိုးအတိုင်းပေး အပ်ခြင်း စသည့် အချက်များကို အာမခံပေးရမည် ဖြစ်ပေသည်။

 

စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်၊ တင်သွင်းဖြန့်ဖြူး၊ ဆောင်ရွက်သော ကုန်စည်/ဝန်ဆောင်မှုများကို ရယူအသုံးပြု၍ လည်းကောင်း၊ အာမခံပေးထား သည့် ကာလအတွင်း စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှုများ
ဖြစ်ပေါ်ပါက လုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ ကုန်အမှတ်အသားအသုံးပြုခွင့်ရှိသူ၊ ပြည်ပမှ တင်သွင်းရောင်းချသူ၊ တစ်ဆင့်ပြန်လည်ရောင်းချသူ၊ ကြားခံ ဝန်ဆောင်မှုပေးသူများ အားလုံးတွင် တာဝန်ရှိသည်ကို သတိပြုသင့်ပေသည်။ ဖြေရှင်းပေးရန် တာဝန်ရှိပေသည်။


စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ထင်ရှားစွာ ဖော်ပြပေး ရမည်ဖြစ်သည့်အပြင် ကုန်စည်၏ တံဆိပ် အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်သည့်ကုန်ကြမ်းပစ္စည်း ပမာဏ အမျိုးအစား၊ ဘေးထွက် ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ သက်ဆိုင်ရာဌာနများက ဖော်ပြရန် သတ်မှတ်ထားသောအချက်များ စသည်တို့ကို မြန်မာ ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြပေးရမည် ဖြစ်ပါသည်။


စီးပွားရေးလုပ်ငန်းရှင်များသည် မိမိထုတ်လုပ် တင်သွင်း၊ ဖြန့်ဖြူးရောင်းချဆောင်ရွက်သော ကုန်စည်၊ ဝန်ဆောင်မှုများ နှင့် ပတ်သက်၍ ကြော်ငြာရာတွင် သတင်းအချက်များ၊ အာမခံချက်များ၊ မဟုတ်မမှန်သော အကြောင်းအရာများ၊ အန္တရာယ်ရှိမှုများ၊ သက်ဆိုင်သူ၏ ခွင့်ပြုချက်မရရှိဘဲ တစ်စုံတစ်ဦး၊ အဖြစ်အပျက်တစ်ခု အပေါ် အသုံးပြုထားခြင်းများ၊ လူမှုကျင့်ဝတ်နှင့် ဆန့်ကျင်ခြင်းများကို လိမ်လည်လှည့်ဖြား၍ ကြော်ငြာခြင်းများကို မပြုလုပ်ရပေ။ မဖြစ်နိုင်သော ကိစ္စရပ်များကြောင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်ပွားနိုင်ပေသည်။


ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည် နှင့် ဝန်ဆောင်မှုများ ရောင်းဝယ်ဆောင်ရွက်ရာတွင် အသုံးမပြုနိုင်၊ မရနိုင်သော၊ အပြစ်အနာအဆာ၊ ချို့ယွင်း ချက်များကို ဖုံးကွယ်ထားသော၊ အခြားကုန်စည်၊ ဝန်ဆောင်မှုများကို ချိုးနှိမ်ဖော်ပြထားသော၊ ပြည့်စုံ ခိုင်မာမှုမရှိဘဲ ချဲ့ကားဖော်ပြထားသော၊ ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်ကို အစားထိုး ရောင်းချသော၊ အရောင်းမြှင့်တင်ခြင်းမပြုမီ စျေးနှုန်းများကို တိုးမြှင့်သော၊ ကုန်စည်တစ်ခုဝယ်ယူရာတွင် မလိုအပ်သော အခြားပစ္စည်းများနှင့် တွဲဖက်ရောင်းချသော ကိစ္စများကို မပြုလုပ်ရပေ၊ လိမ်လည်လှည့်ဖြား ရောင်းချရာ ရောက်ပါသည်။


စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းဝယ်ဆောင်ရွက်ရာတွင် မူလ ကုန်စည်ဝန်ဆောင် မှုများကို ပြုပြင်ပြောင်းလဲခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးနှင့် ကိုက်ညီသည်ဟု မမှန်မကန်ဖော်ပြခြင်း၊ နောက်ဆုံး သုံးစွဲရမည့် ရက်စွဲကျော်လွန်နေသော ကုန်စည်များကို ရောင်းချခြင်း၊ အမျိုးအစားတူ အရည်အသွေးနိမ့် ကုန်စည်များကို ရောနှောရောင်းချခြင်း၊ စားသုံးရန်မသင့်သော ကုန်စည်များ ရောင်းချခြင်းများကို ဆောင်ရွက်၍ စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေမည့် ကိစ္စများကို မရိုးမဖြောင့်သော သဘောဖြင့် မပြုလုပ်ရန် တားမြစ်ထားပါသည်။


စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ မပါရှိသော၊ သတင်းအချက်အလက်များ တိကျမှု မရှိသော၊ ကိုက်ညီမှုမရှိသော၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့တွင် ဖော်ပြထားချက်များနှင့် ကိုက်ညီမှုမရှိသော အငြင်းပွားလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ထုတ်လုပ်ခြင်း၊ ကုန်သွယ် ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရန် ပိတ်ပင်ထားပါသည်။


စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့်ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရောင်းမြှင့်တင်ခြင်းများ ပြုလုပ်ရာ၌ သတ်မှတ်ကာလအတွင်း ကြော်ငြာ အသိပေးထားသည့် ပမာဏ၊ အရေအတွက်အတိုင်း ရောင်းချရန် အစီအစဉ်မရှိဘဲ အထူးစျေးနှုန်းဖြင့် ရောင်းချရန် ကမ်းလှမ်းခြင်း၊ ဆုကြေးပေးရန်၊ အခမဲ့ဝန်ဆောင်မှု ပေးရန် ကတိပြုထားသော်လည်း အမှန်တကယ် မပေးနိုင်ဘဲ ရောင်းချရန် ကမ်းလှမ်းခြင်း၊ စားသုံးသူများ၏စိတ်ပိုင်း၊ ရုပ်ပိုင်းကို အနှောင့်အယှက်ဖြစ်စေသည့် နည်းလမ်းတစ်ခုခုကို အသုံးပြုရန်ရောင်းချရန် ကမ်းလှမ်းခြင်းများ မပြုရပေ။
 

ကိုယ်စီအသိစိတ်ဖြင့် ပူးပေါင်းပါဝင်ကြရမည်

စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများသည် တိမ်မယောင်နှင့် နက်သည်၊ လွယ်မယောင်နှင့် ခက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်၊ စားသုံးသူများရော၊ စီးပွားရေး လုပ်ငန်းရှင်များရော၊ သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်း များရော၊ အသင်းအဖွဲ့များရော ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်၊ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြမှသာလျှင် အောင်မြင်မှုမြန်ဆန်စွာ ရရှိမည်ဖြစ်ပါသည်။ လူ့သက် တမ်းအနေဖြင့် မြန်မာနိုင်ငံသားများသည် ၂၀၁၅ ခုနှစ် စာရင်းအရ ကျား ၆၂ နှစ်၊ မ ၆၅ နှစ်အထိသာ ရှိနိုင်တော့သဖြင့် သက်တမ်းတဖြည်းဖြည်း တိုလာနေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိရသည်။


လူတို့သည် မိမိမျက်စိရှေ့တွင် ချက်ချင်းသေကျေ၊ ဒဏ်ရာရရှိမှုများကို မြင်တွေ့ရပါက ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့ကြသော်လည်း အမြင်လှလှ၊ အသွင်ကြွကြွ ထုပ်ပိုးကာ၊ ကြော်ငြာ အားကောင်းကောင်းဖြင့် ထုတ်လုပ် ဆောင်ရွက်ထားပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော၊ ဘေးအန္တရာယ်ကင်းရှင်းမှု မရှိသော ကုန်စည်ဝန်ဆောင်မှု များကြောင့် တဖြည်းဖြည်း သေဆုံးမှာ၊ ထိခိုက်ဒဏ်ရာ ရရှိမှာ၊ ရောဂါမျိုးစုံ စွဲကပ်မှာ၊ အလှပျက်၊ ဘဝပျက်ရမှာကိုမူ သတိထားမိသူ၊ ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့စရာဖြစ်သူ လွန်စွာနည်းပါးလျက်ရှိသည်။ သတိထားဆင်ခြင်ကာ၊ ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။ ထိုသို့ မဟုတ်ပါကမူ အချိန်နှောင်းမှ ရရှိသည့် နောင်တများကို ရင်ဝယ်ပိုက်ကာ ကြေကွဲဝမ်းနည်းမှုများဖြင့် အဆုံးသတ်ကြရမည့်သူများ ဒုနဲ့ဒေးဖြစ်လာမည်ကို စိုးရိမ်မိပါသည်။


သို့ဖြစ်ပါ၍ ကျန်းမာပျော်ရွှင်စွာဖြင့် လူ့သက်တမ်းစေ့ နေထိုင်နိုင်ရေးအတွက် စားသုံးသူများသည် ကုန်စည်၊ ဝန်ဆောင်မှု များကို ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိ စနစ်တကျ ရွေးချယ်ရယူ စားသုံးဆောင်ရွက်ကြပါရန်၊ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက ကုစားဖြေရှင်းမှု ရယူတိုင်ကြားကြပါရန်၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော၊ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းသော၊ နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်၊ ဝန်ဆောင်မှုများကိုသာ ထုတ်လုပ်ဆောင်ရွက်ကြပါရန်၊ ထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာ၍ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။   ။