စွဲစွဲမြဲမြဲ ဇွဲနပဲဖြင့်

 

မလျှော့သောဇွဲဖြင့် အလုပ်လုပ်ကြရမည်။ ဤသည်မှာ လူတစ်ဦးချင်းအတွက်ဆိုလျှင် ဘဝအောင်မြင်ရေးအတွက် လမ်းညွှန်ဖြစ်သလို လူမျိုးတစ်မျိုးလုံးအတွက်ဆိုလျှင်လည်း နိုင်ငံထူထောင်ရေး၊ တစ်မျိုးသားလုံး ကြီးပွားရေးအတွက် လမ်းညွှန်ဖြစ်သည်။

ဇွဲ၏အနက်အဓိပ္ပာယ်က အလုပ်တစ်ခုကို အောင်မြင်ပြီးမြောက်သည်အထိ မလျှော့စတမ်း စွဲစွဲမြဲမြဲလုပ်သည့် အစွမ်းသတ္တိဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်နိုင်ငံလွတ်လပ်ရေးနှင့် လွတ်လပ်ရေးရပြီးချိန်တွင် နိုင်ငံကိုပြန်လည်ထူထောင်ရေးအတွက်မျှော်တွေးကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လူထုကို ဤကဲ့သို့ လမ်းညွှန်မိန့်ကြားခဲ့သည်။

တစ်ခါခြင်္သေ့မင်ဥပမာကို ပြောရမယ်ဆိုရင် ခြင်္သေ့မင်းများဟာ တောကောင်ကိုလိုက်တဲ့နေရာမှာ ကြီးတာ၊ ငယ်တာ ပဓာနမထား ဘဲနဲ့၊ ကြီးကြီးငယ်ငယ်လုံ့လ စိုက်တဲ့နေရာမှာ အဲဒီအတိုင်းဘဲလုံ့လ စိုက်သွားတယ်၊ အဲဒီလိုထုံးအတိုင်းပဲ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု၊ အထုတ်မှုကို လျှော့လို့မဖြစ်နိုင်ဘူး၊ လုံ့လဝီရိယကို လျှော့လို့မဖြစ်နိုင်ဘူး၊ ဆတက်ထမ်းပိုးသာ ကျွန်တော်တို့လုပ်ဖို့ လိုတယ်ဟူ၍ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်က မြန်မာပြည်သူတစ်ရပ်လုံးကို တိုက်တွန်းမိန့်ကြား ခဲ့ခြင်းဖြစ်သည်။

ထိုခေတ် ထိုအခါတွင် လွတ်လပ်ရေးက နံပါတ် (၁)ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ကြရာတွင် စွဲမလျှော့ဖို့လိုသည်။ လူမျိုး၏စရိုက်သဘာဝ ထက်သန်သည့်စိတ်ဓာတ်ကို နိုင်ငံလွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် နေရာကျအောင် သုံးကြဖို့လိုသည်။ ထက်သန်သည့်စိတ်စွဲကို အချင်းချင်းချသည့်နေရာတွင် အသုံးပြု၍ အကျိုးမရှိ၊ နိုင်ငံကိုလည်း ထူထောင် နိုင်မည်မဟုတ်။ ယင်းစိတ်တော်မျိုးကို လုံးဝဖျောက်ပစ်ဖို့လိုသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးသည့်ကာလ အံကြိတ်ခါးတောင်းကျိုက်ပြီး ကြိုးစားခဲ့ကြသည့် နိုင်ငံများ၊ စည်းနှင့် ကမ်းနှင့် နေထိုင်၊ စည်းနှင့် ကမ်းနှင့် လုပ်ကိုင်ခဲ့ကြသည့် နိုင်ငံများစသည်တို့ကို နမူနာယူရန် အမျိုးသားခေါင်းဆောင်ကြီးက ညွှန်ပြခဲ့သည်။ ထို့အပြင် လူထုညီညွတ်ရေး၊ တိုင်းရင်းသားညီညွတ်ရေး၊ လူငယ်နိုင်ငံရေးသမားများ ညီညွတ်ရေးတို့၏ အင်အားများ ကြီးမားလျှင် ကြီးမားသလောက် လွတ်လပ်ရေးမှာ ပိုကောင်းလာမည်ဟုလည်း မိန့်ကြားခဲ့သည်။

မျက်မှောက်ကာလတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ မိမိတို့ ထမ်းဆောင်ကြရမည့် သမိုင်းပေးတာဝန် ဖြစ်သည်။ ထို့အပြင် နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်စေလိုပြီး ကမ္ဘာနှင့် ရင်ပေါင်တန်းလိုသည့် အလိုဆန္ဒ စီးပွားရေးတိုးတက်ကောင်းမွန် မှုနှင့်အတူ ဖြစ်ပေါ်လာမည့် ကောင်းကျိုးရလဒ်များကို ပြည်သူ တစ်ရပ်လုံးမျှဝေ ခံစားစံစားလိုကြသည့် အလိုဆန္ဒတို့မှာ မြန်မာ့မြေပေါ်တွင် မှီတင်းနေထိုင်ကြသည့် ပြည်သူတိုင်း၏ ဆန္ဒများဖြစ်သည်။ အဆိုပါ သမိုင်းပေးတာဝန်နှင့် အလိုဆန္ဒတို့ကို ကျေပွန်စွာ ထမ်းဆောင်ဖြည့်ဆည်းနိုင်ရန်မှာ လူတိုင်းလူတိုင်း လုံ့လဝီရိယဖြင့် စွမ်းအားထုတ်ကာ ဇွဲနပဲဖြင့် ခွဲစွဲမြဲမြဲအလုပ်လုပ်ကြရန်လိုသည်။

မိမိတို့ နိုင်ငံသူနိုင်ငံသား ပြည်သူများ၏ ထက်သန်သည့်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်စွာ ခုခံတွန်းလှန်နိုင်သည့် စွမ်းအားကို အနီးကပ်ဆုံးသာဓကအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ မှု ကြိုတင်ကာကွယ်သည့်ကာလနှင့် နိုင်ငံအတွင်းသို့ ရောဂါကူးစက် ဝင်ရောက်လာစအချိန်ကာလများတွင် အံ့ဩစရာ၊ ဂုဏ်ယူစရာကောင်းလောက်အောင် တွေ့မြင်ရသည်။ စည်းကမ်းလိုက်နာမှုတွင်လည်း လေးစားလောက်စရာ၊ နိုင်ငံ့အနာဂတ်အတွက် အားတက်ဖွယ်ရာ။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ၊ ကိုဗစ်-၁၉ ပိုးကို ရိုးလာပြီး ကြောက်မက်ဖွယ်ရာဟု ထင်မြင်မှုများလျော့ပါးလာ သည်နှင့်အမျှ သတိတရားတို့ နည်းလာသည်။ စည်းကမ်း လိုက်နာမှုတို့လည်း လျော့ရဲလာသည်။ စွဲစွဲမြဲမြဲ ဇွဲနပဲတို့ အားနည်းလာသည်။ ကူးစက်ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရာတွင်ဖြစ်စေ၊ နိုင်ငံကိုထူထောင်တည်ဆောက်ရာတွင်ဖြစ်စေ၊ မပြီးဆုံးသေးသရွေ့ ရည်မှန်းချက်ပန်းတိုင်ကို ပိုင်ပိုင်မရောက်သေးသရွေ့ ဇွဲစိတ်အားမာန်တို့ လျှော့ရန် ချိန်ခါမရောက်သေးဟူ၍ တိုင်းကျိုးရည်မျှော် နှိုးဆော် အပ်ပါကြောင်း။ ။

မြန်မာ့အလင်း