စစ်ကိုင်းမြို့မှ လေ့လာစရာ ရတနာပုံခေတ် စက်မှုနိုင်ငံထူထောင်မှုအကြောင်း သက်သေပြနေသည့် ရှေးဟောင်းသံဖိုစက်ရုံ

mdn

စစ်ကိုင်း ၂၀ အောက်တိုဘာ

 

သမိုင်းအမွေအနှစ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သည့်နည်းတူ ထိုနိုင်ငံ၏ တိုးတက်မှု အခြေအနေများကို ပြသနေတတ်သည်။ မြန်မာ့သမိုင်းတွင် ဖြတ်သန်းလာသော ကြေးခေတ်၊ သံခေတ်များမှ စတင်ကာ ထုပ်လုပ်မှုအမျိုးမျိုးသမိုင်းဆိုင်ရာ သက်သေများမှ အသိပေးလျက်ရှိသည်။ ပုဂံဒေသရှိ ပြတိုက်တွင်လည်း ပုဂံခေတ်မှလက်နက် ပြုလုပ်ပုံများကိုပင် သရုပ်ပြထားပေသည်။

 

ဒေသအသီးသီးမှ တွေ့ရှိရသော လူ့အသုံးအဆောင်လက်နက်များကို ကြည့်ခြင်းအားဖြင့် အဆင့်ဆင့်တိုးတက်လာပုံကို လေ့လာနိုင်သည်။ ရတနာပုံခေတ်တွင်လည်း ကနောင်မင်းသားကြီး ဦးဆောင်သော စက်မှုနိုင်ငံတော်တည်ထောင်ခြင်း၊ ပညာတော်သင်များစေလွှတ်ကာ စက်ရုံများ တည်ထောင်လုပ်ကိုင်ခဲ့သည့် သက်သေအဖြစ် စက်ရုံဟောင်းနေရာများ၊ လက်ရှိတိုင် သင်္ဘောများ ထုတ်လုပ်နေသော ရတနာပုံသင်္ဘောကျင်းတို့မှ သက်သေပြနေသည်။

 

ရတနာပုံခေတ် မြန်မာ့စက်မှုလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ထောင်ရေး အောင်မြင်သင့်သလောက် မအောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းတွင် စည်းလုံးညီညွှတ်မှု ပြိုကွဲခဲ့ခြင်းက တစ်ခုပါဝင်ကြောင်း သမိုင်းဖြစ်ရပ်များက သက်သေပြနေသည်။ ထိုသက်သေများစွာထဲတွင် ပြည်တွင်းမှ စက်မှုပညာရှင်များကို စနစ်တကျ လေ့ကျင့်သင်ကြားမွေးထုတ်ပေးကာ တီထွင်မှုများကို စနစ်တကျ တစ်စိုက်မတ်မတ်ပြုလုပ်ရန် အသိပေးနေသော ရတနာပုံခေတ်နှောင်း စက်ရုံတစ်ရုံရှိသည်။ ထိုစက်ရုံမှာ စစ်ကိုင်းမြို့ ရွှေတောင်ဦးမော်စေတီခြေရင်း သာစည်အရပ်ရှိ သံဖိုစက်ရုံပင်ဖြစ်သည်။

 

သံဖိုစက်ရုံကို လေ့လာသမျှ ပေ ၅၀ ခန့်မြင့်သည့် စတုရန်းပုံ အုတ်ခေါင်းတိုင်ကြီးနှင့်အတူ မြေအောက်လိုဏ်များဖြင့် စနစ်တကျ ဆက်သွယ်ပြုလုပ်ထားသော အုတ်ရိုးမြောင်းများ၊ အုတ်ကန်ငယ်များ၊ စက်အုတ်ခုံအရွယ်မျိုးစုံကို ယနေ့တိုင်မြင်တွေ့နိုင်သည်။ စက်ရုံတည်ဆောက်မှုတွင် နိုင်ငံခြားသားပညာရှင်များကို အားကိုးကာ နိုင်ငံခြားမှပင် စက်ပစ္စည်းများ ဝယ်ယူရေးကို ခက်ခဲစွာကြိုးပမ်းခဲ့ရကြောင်း သိရသည်။

 

သံဖိုစက်ရုံကို မြန်မာသက္ကရာဇ် ၁၂၃၆ တွင် အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ နိုင်ငံခြားပညာရှင်နှင့် နိုင်ငံခြားမှ စက်ပစ္စည်းများကို ဝယ်ယူတည်ဆောက်ခဲ့ရာ အခက်အခဲအဟန့်အတား များစွာရှိခဲ့ခြင်း၊ ပထမ၊ ဒုတိယ မြန်မာ-အင်္ဂလိပ်စစ်ပွဲများတွင် မြန်မာ့နယ်မြေများ ဆုံးရှုံးရခြင်းနှင့်အတူ စည်းလုံးမှုပြိုကွဲကာ စက်မှုနိုင်ငံတည်ထောင်ရေး ဦးဆောင်ကြိုးပမ်းပေးနေသော ကနောင်မင်းသားနတ်ရွာစံသည့် အရေးများကြောင့် သံဖိုအကြံကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ယခုအခါ စစ်ကိုင်းမြေမှ ရတနာပုံခေတ် သံဖိုအဟောင်းသည် မြန်မာ့စက်မှုနိုင်ငံ တည်ထောင်ခဲ့မှု အမှတ်အသား ပြည်တွင်းပညာရှင်များ မွေးထုတ်ပေးထားပါဆိုသော အသိတို့ကို ပေးနေသော စက်ရုံတစ်ရုံအဖြစ် ယနေ့တိုင် လေ့လာနိုင်သည်။

 

တိမ်တမန်