စစ်ကိုင်းမြို့၌ မြေသိမ်းဆည်းခံခဲ့ရသော မြေပိုင်ရှင် ၁၆ ဦးအား နစ်နာကြေးများပေးအပ်

စစ်ကိုင်း၊  ၂၁  ဇန်နဝါရီ

 

စစ်ကိုင်းမြို့၌ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်ခဲ့စဉ်က ရွာထောင်ရပ်ကွက်နှင့် အိုးဘိုရပ်ကွက်များမှ မြေသိမ်းဆည်းခံခဲ့ရသော မြေပိုင်ရှင် ၁၆ ဦးအား မြေယာနစ်နာကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီက စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သောင်းတို့က အမှာစကားများ ပြောကြားခဲ့ကြကာ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်စွာထွန်းက နစ်နာကြေးငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက သီရိမင်္ဂလာ ခုံးကျော်တံတား တည်ဆောက်ခဲ့စဉ်က မြေသိမ်းဆည်းခံခဲ့ရသည့် ဒေသခံပြည်သူ ၁၆ ဦးအား  နစ်နာကြေးငွေများကို တစ်ဦးချင်းပေးအပ်ရာ နစ်နာကြေးရရှိသူများကိုယ်စား ဦးသန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်ခဲ့စဉ်က မလွတ်ကင်း၍ မြေသိမ်းဆည်း ခံခဲ့ရသည့် ဒေသခံပြည်သူများကို နစ်နာမှုမရှိစေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိစစ်မှုအဆင့်ဆင့်ဖြင့် တင်ပြတွက်ချက်ကာ မြေပိုင်ဆိုင်သည့် ဧရိယာအလိုက် နစ်နာကြေးငွေများကို ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်း ၁၆ ဦးအတွက် ထုတ်ပေးငွေ စုစုပေါင်းမှာကျပ် ၂၃၅၈ သိန်း ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက ပြောကြားခဲ့သည်။

 

မျိုးဝင်း(ပြန်/ဆက်)