စစ်ကိုင်းမြို့တည်နန်းတည် ကိုးဌာနထဲမှ စစ်ကိုင်းအစ စေတီလှကို ကြည်ညိုဖွယ်ဖူးမြော်နိုင်

စစ်ကိုင်း ၂၂ စက်တင်ဘာ

စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံတွင် ထင်ရှားသည့်မြို့ဖြစ်ပြီး ဇေယျာရွှေမြေဟု ညွှန်းဆိုထားသည်။ သူတော်စင်များ တရားရှာရာ စစ်ကိုင်းတောင်တော်မှာလည်း ထင်ရှားသည်။ စစ်ကိုင်းမြို့နှင့်အတူ တွဲဖက်ကာ ထင်ရှားသည့်သမိုင်းဝင် စေတီတစ်ဆူရှိသည်။ ထိုစေတီမှာ စေတီလှပင်ဖြစ်သည်။ စစ်ကိုင်းအစ စေတီလှဟုပင် ခေါ်ဝေါ်ကြသည်။ လက်ရှိကာလ စစ်ကိုင်းမြို့ လေးကျွန်းအောင်မြေရပ် အနောက်ဘက် မင်းဝံတောင်စွယ်ပေါ်ရှိ စေတီလှမှာ ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ထားသည့်အတွက် ကြည်ညိုဖွယ်ဖူးမြော်နိုင်ပြီ ဖြစ်သည်။

စေတီလှမှာ စစ်ကိုင်းမြို့တည်နန်းတည် ကိုးဌာနတွင် တစ်ဆူအပါအဝင်ဖြစ်သော စေတီပင်ဖြစ်သည်။ စစ်ကိုင်းမြို့တည်သည်နှင့် တစ်ပြိုင်နက်တည်းတည်သော ကိုးဌာနမှာ ရွှေနန်းတော်၊ ရွှေမြို့တော်၊ အရှေ့တံခါး၊ အနောက်တံခါး၊ တောင်တံခါး၊ မြောက်တံခါး၊ စေတီလှ၊ သောတပန်နတ်ကွန်း၊ ဆင်ဖြူကန်တို့ပင် ဖြစ်သည်။ စစ်ကိုင်းအစစေတီလှဟု ဆိုရခြင်းမှာ စေတီလှကို အတုလဝတီမြို့တည်စဉ်ကပင် သက္ကရာဇ် ၆၇၇ တွင် အသင်္ခယာစောယွမ်းက တည်ထားခဲ့သောကြောင့် ခေါ်ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့မှာ မြန်မာနိုင်ငံတွင် ထင်ရှားပြီး မသိသူမရှိသော မြို့ပင်ဖြစ်သည်။ သူတော်စင်များ တရားရှာဖွေရာ စစ်ကိုင်းတောင်တော်မဟာသည် ထင်ရှားလှသည်။ စစ်ကိုင်းမြို့ကို ပင်းယမြို့တည် တစ်စီးရှင်သီဟသူ၏ မြောက်နန်းရတနာပုံ မိဖုရားမှဖွားမြင်သော အသင်္ခယာစောယွမ်းက သက္ကရာဇ် ၆၇၇ တွင် အတုလဝတီမြို့ကို တည်ခြင်းမှသည် စစ်ကိုင်းသမိုင်းကို စတင်ခဲ့သည်ဟု သိရသည်။

စစ်ကိုင်းဟုခေါ်တွင်လာမှုကို ပြောဆိုရာတွင် စူဠာသမ္ဘဝနှင့် မဟာသမ္ဘဝဟူသော မျက်မမြင်အမွှာမင်းသားနှစ်ပါး မသိုးထမင်းမသိုးဟင်းဖြင့် ဖောင်မျောလာရာ စစ်ကိုင်းအရပ်အရောက်တွင် မြစ်အတွင်း ကိုင်းပေါက်နေသော စစ်ပင်ကြီးကိုင်းနှင့် ငြိကာ ဖောင်ရပ်တန့်မှုကြောင့် စစ်ပင်ကိုင်း (သို့မဟုတ်) စစ်ကိုင်းဟု ခေါ်တွင်ခဲ့ကြောင်းနှင့် တစ်ဖက်တွင်လည်း ဧရာဝတီမြစ် စီးဆင်းလာရာတွင် စစ်ကိုင်းမြို့အရောက်တွင် လေးကိုင်းသဖွယ် အရှေ့နောက် စကိုင်းကာစီးဆင်းသွားခြင်းကို အကြောင်းပြုကာ စကိုင်းမှ စစ်ကိုင်းဟု ခေါ်ဝေါ်ကြောင်း သုသေတနပညာရှင်များ၏ မှတ်တမ်းများတွင် နှစ်မျိုးနှစ်စား လေ့လာတွေ့ရှိရသည်။ လက်ရှိကာလ စစ်ကိုင်းအစ စေတီလှဟု ညွှန်းဆိုထားသော သမိုင်းဝင်စေတီလှမှာ ပြန်လည်ပြုပြင်မွမ်းမံ ထိန်းသိမ်းထားသည့်အတွက်  ကြည်ညိုဖွယ် ဖူးမြော်နိုင်ပြီဖြစ်သည်။

တိမ်တမန်