စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားများ တက်ရောက်

မုံရွာ နိုဝင်ဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော မုံရွာတက္ကသိုလ် နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များအားကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် ယနေ့နိုင်ငံတော်တွင် ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်မှုများအနက် ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမများအားလုံး တက်ညီလက်ညီနှင့် ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမတို့အနေဖြင့် အပြန်အလှန် ယုံကြည်နားလည်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့် နည်းစနစ်များကို သိမြင်ပြီး လက်တွေ့လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အားထုတ်စေလိုပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြားရေးတာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများဖြစ်လို့ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် စံနမူနာပြနေထိုင်ရင်း လက်တွေ့အသုံးချ သုတေသနများကို မိမိတို့နှင့်အတူ ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို ဦးတည်ဆောင်ရွက်နိုင်ခြင်း စတာတို့ကို အားထုတ်စေလိုပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရည်မှန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို စေတနာအပြည့်အဝဖြင့် တာဝန်ကျေပွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အောင်မြင်အောင်လည်း အားလုံးနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း   ပြောကြားခဲ့သည်။

 

ယင်းနောက် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးက နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာတက္ကသိုလ်ရှိ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ ဆရာမများအတွက် ဆရာ/ဆရာများထံ ငွေကျပ် ၄၄၁၀၀၀၀ အားပေးအပ်ခဲ့ပြီး နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

 

အဆိုပါ မုံရွာတက္ကသိုလ်၊ ဟုမ္မလင်းတက္ကသိုလ်တို့မှ တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမများအား မွမ်းမံသင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ သင်ကြားနည်းစနစ် စိတ်ပညာဘာသာရပ်၊ မိမိတို့ သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဘာသာရပ်များ ပို့ချပေးသွားမည်ဖြစ်ပြီး ဆရာ/ဆရာမ သင်တန်းသား၊ သင်တန်းသူ ၁၃၉ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေးတက္ကသိုလ်၊ အဆောင် (၈) ခန်းမတွင် ကျင်းပသော နည်းပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက နည်းပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ် ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆရာ/ဆရာများထံ ငွေကျပ် ၈၇၀၀၀၀ အားပေးအပ်ခဲ့ပြီး နည်းပြ၊ ဆရာ/ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

 

အဆိုပါ မုံရွာစီးပွားတက္ကသိုလ် နည်းပြ၊ ဆရာ/ဆရာမများအား မွမ်းမံသင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ စီမံဘဏ္ဍာ သင်တန်းရေးရာဘာသာရပ်၊ သင်ကြားနည်းပညာ ဘာသာရပ်၊ ဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဆရာ/ဆရာမ သင်တန်းသား၊ သင်တန်းသူ ၂၉ ဦး တက်ရောက်သွားမည်ဖြစ်သည်။

 

ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်၊ မုံရွာပညာရေးဒီဂရီကောလိပ်၊ ကသာပညာရေး ဒီဂရီကောလိပ် စုစုပေါင်း တက္ကသိုလ် ၆ ခု၊ ကောလိပ် ၃ ခု တို့တွင် ဆရာ၊ ဆရာမ ၁၄၅၈ ဦးတို့ မွမ်းမံသင်တန်း တက်ရာက်ကြပြီး ၎င်းတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချီးမြင့်ငွေ ၄၃၇၄၀၀၀၀ ကျပ်အား ချီးမြင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)