စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၂) တက်ရောက်

မုံရွာ ဇွန် ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂)ကို ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးသည် သယ်ယူပို့ဆောင်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးရန်အတွက် မြေနေရာများ ကျယ်ဝန်းခြင်း၊ လုပ်သားအလွယ်တကူရရှိခြင်းကြောင့် သီးနှံမျိုးစုံဖြစ်ထွန်းသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ အဓိကစီးပွားရေသည် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်နေသည့်အတွက် အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများကို သတင်းအချက်အလက် ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း။

 

စစ်ကိုင်းစက်မှုဇုန်တွင်လည်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် သုံးဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် နှစ်ဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဝင်ရောက်ရန်ရှိကြောင်း သိရှိရပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကပြဿနာသည်  မြေယာဖြစ်သည့်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စာရင်းများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ကော်မတီအတွင်းရေးမှူးတို့က ပူးပေါင်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်သွားကြရန် မှာကြားလိုပါကြောင်း  ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က စစ်ကိုင်းမြို့နယ်ရှိ Shwe Pyi Gone Yee Co., Ltd နှင့် Htoo Myat Da Na Co., Ltd တို့မှ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်တင်ပြလာခြင်းနှင့် ယခင်(၄/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဇွန်လအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သော အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြပြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)