စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စွမ်းအားမြှင့်မီးဖို (၁၇၀၀၀)ကျော် ဖြန့်ဝေပေးသွားမည်

မုံရွာ ၁ ဒီဇင်ဘာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ထင်းလောင်စာသုံးစွဲမှုကို လျှော့ချပေးနိုင်သော စွမ်းအားမြှင့်မီးဖို အလုံး (၁၇၈၂၀)ကို ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။

 

အပူပိုင်းဒေသအတွင်းမှာ နေထိုင်ကြတဲ့ ကျေးလက်ဒေသနေပြည်သူတွေ အဓိကလိုအပ်နေတဲ့ ထင်းလောင်စာကို အသုံးပြုမှုလျှော့ချနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတဲ့အခါမှာ စွမ်းအားမြှင့်မီးဖို အသုံးပြုခြင်းအားဖြင့် ထင်းလောင်စာသုံးစွဲမှုကို လျှော့ချပေးနိုင်တာဖြစ်တဲ့အတွက် အခမဲဖြန့်ဝေပေးဖို့ စီစဉ်ပေးတာ ဖြစ်ပါတယ်။ စွမ်းအားမြှင့် မီးဖိုတွေကို ပိုမိုသုံးစွဲဖို့အတွက်ကိုလည်း အသိပညာပေးဟောပြောတာတွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အခုဘဏ္ဍာရေးနှစ်မှာတော့ စွမ်းအားမြှင့်မီးဖို အမျိုးအစား(၂)ခု ကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။

 

အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ထင်းလောင်စာသုံးစွဲမှုကို လျော့ချပေးနိုင်သည့် စွမ်းအားမြှင့် မီးဖိုများဖြစ်သော အေဝမ်းမီးဖို အလုံး (၁၄၄၂၀)နှင့် သံပုံးခွံစွပ် မီးဖို အလုံး (၃၄၀၀) စုစုပေါင်း အလုံး (၁၇၈၂၀) ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)