စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၂ မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ (၁၄)လုံးနှင့် မြို့နယ် ၅ မြို့နယ်တွင် ပြည်သူ့အငှားအိမ်ရာ(၅) လုံး တည်ဆောက်မည်

မုံရွာ  ၁၈   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံဝန်ထမ်းများ  စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့တွင် ဝန်ထမ်းအိမ်ရာ ၁၄ လုံး၊ အခန်းပေါင်း ၁၉၆ ခန်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ သိရသည်။

 

ထို့ပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် ဝန်ထမ်းအိမ်ရာအလုံး ၂၀ ၊ အခန်းပေါင်း ၂၇၆ ခန်းကို တည်ဆောက်ပြီးစီး၍ ဝန်ထမ်းများကို စတင်နေရာချထားပေးနေကြောင်း အဆိုပါဌာနမှ သိရသည်။

 

အလားတူ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင် ပြည်သူ့အငှားအိမ်ရာ ၅ လုံး၊ အခန်းပေါင်း ၁၉၀ ကို တည်ဆောက်သွား မည်ဖြစ်ပြီး တစ်လလျှင် အခန်းငှားခ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်  လုပ်သက် ၂၅ နှစ်အထက် ကိုယ်ပိုင်အိမ်မရှိသော နိုင်ငံဝန်ထမ်းများ၊ ကိုယ်ပိုင်အိမ်မရှိသော အငြိမ်းစားဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ချက် နှင့်အညီ အချိုးကျ ခွဲဝေ၍ နေရာချထားသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဉီးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်မြရည်မွန်က ပြောသည်။

 

ယခင်ဘဏ္ဍာနှစ်များအတွင်း မြို့နယ် ၅ မြို့နယ်တွင် ပြည်သူ့အငှားအိမ်ရာ ၁၄ လုံး၊ အခန်းပေါင်း ၆၇၂ ခန်းတည်ဆောက်၍ နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော မြို့ပြနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး၊  မြို့ပြနှင့် ကျေးလက်ဒေသများတွင် ဘေးကင်းလုံခြုံသော၊ သာယာလှပသော၊ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေသော ပုံစံစနစ်တစ်ခု ပေါ်ထွန်းရေး၊ နိုင်ငံသားအားလုံး လူနေမှုဘဝ မြှင့်တင်နိုင်စေမည့် သင့်လျှော်သောအိမ်ရာများတွင် နေနိုင်စေ ရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒုတိယညွန်ကြားရေးမှူး ဒေါ်မြရည်မွန်က ပြောသည်။

 

မွှေးကြူဇင် ၊ ဓာတ်ပုံ - ကိုရဲ