စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့အာမခံလုပ်ငန်းမှ ငွေကျပ် ၉၁၅ သန်းကျော်ရရှိခဲ့ပြီး ၄၈ သန်းကျော် ပြန်လည်အသုံးပြုခဲ့

မုံရွာ   ၁၈   ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးခုနှစ်အတွင်း အာမခံ ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးမှ ငွေကျပ်(၉၁၅ ဒသမ ၈၄၅)သန်းရရှိခဲ့ကြောင်းနှင့် ၎င်းဝင်ငွေများထဲမှ စီမံခန့်ခွဲမှုနှင့် အကျိုးခံစားခွင့်နှင့် နစ်နာကြေးပြန်လည်ပေးအပ်ခြင်းတို့အတွက် ငွေကျပ် ၄၈ ဒသမ ၃၅၁ သန်းကို ပြန်လည် အသုံးပြုခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးမန်နေဂျာ ဦးတင်မောင်သန်း၏ ပြောကြားချက်များအရ သိရသည်။

“မြန်မာ့အာခမံလုပ်ငန်းက ဝန်ဆောင်မှုပေးနေတဲ့ အာမခံအမျိုးအစားတိုင်းကို ပြည်သူတွေစိတ်ဝင်စားဖို့အတွက် အသိပညာပေးစည်းရုံးမှုတွေကလုပ်ဆောင်နေတယ်၊ အခုထက်ပိုပြီး လုပ်ဆောင်ဖို့လိုလည်း လိုပါတယ်၊ ကျွန်တော်တို့ဆီမှာက ဝန်ထမ်းနည်းတော့ အခက်အခဲဖြစ်နေတယ်၊ ပြည်သူတွေအနေနဲ့ အခုထက်ပိုပြီးတော့ အာမခံလုပ်ငန်းကို စိတ်ဝင်စားဖို့အတွက် ဝန်ထမ်းတွေထပ်ဖြည့်တင်းပေးမယ်ဆိုရင်တော့ ဝန်ဆောင်မှုတွေကို အခုထက်ပိုပြီး ပေးနိုင်မယ်၊ တိုင်းပြည်အတွက် ဝင်ငွေတွေလည်း အခုထက်ပိုပြီးတော့ ရရှိလာမှာ ဖြစ်ပါတယ်၊ အခုအခြေအနေအတိုင်းကတော့ လိုအပ်ချက်တွေရှိနေအုံးမှာပါ” ဟု မြန်မာ့အာမခံလုပ်ငန်း စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးမန်နေဂျာ ဦးတင်မောင်သန်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ အသက်အာမခံ၊ မီးအာမခံ၊ ခရီးသွားအာမခံ၊ ရေကြောင်းခရီးသွားအာမခံနှင့် သူတပါး ထိခိုက်မှုအာမခံ စသည့်အာမခံ(၅)မျိုးကိုဝန်ဆောင်မှုပေးလျက်ရှိရာ တွင် မီးအာမခံနှင့်သူတပါး ထိခိုက်မှုအာမခံတို့တွင် အာမခံအများဆုံးထားလျက်ရှိကြောင်း ကျန်အာမခံ အမျိုးအစားများကိုထားရှိနိုင်ရေး အသိပညာပေးစည်းရုံးမှုများလုပ်ဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီး မန်နေဂျာ ဦးတင်မောင်သန်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။    
    
ဝင်းဦး(ဇေယျာတိုင်း)