စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနေရာ(၂)ခုသို့ ပြည်တွင်း/ ပြည်ပ ခရီးသွား (၁၉၇၆)ဦး ဝင်ရောက်လည်ပတ်ခဲ့

မုံရွာ ၁၃  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ် နွယ်ငြိမ်းကျေးရွာနှင့် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာတို့ရှိ ရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနေရာ(၂)ခုသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် (၁၉၇၆)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး ထံမှသိရသည်။

 

41

 

နွယ်ငြိမ်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် မြန်မာ့ရိုးရာစဉ့်ထည်လုပ်များကို  အသေး စိတ် လေ့လာနိုင်မည်ဖြစ်ပြီး အင်ဒေါင်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ဧရာဝတီ လင်းပိုင်များကို လေ့လာနိုင်သည့်အပြင် ဧရာဝတီလင်းပိုင်နှင့် ဒေသခံရေလုပ်သားများ ပူးပေါင်းပြီး ငါးဖမ်းသည့် အလေ့အထကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ အတွင်းရှိ နွယ်ငြိမ်း ရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသို့ ပြည်တွင်းခရီးသွား(၁၀ဝ)ဦးနှင့် ပြည်ပ ခရီးသွား (၆၂၇)ဦး သည်လည်းကောင်း၊ အင်ဒေါင်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသို့ ပြည်တွင်းခရီးသွား (၈၃၄)ဦးနှင့် ပြည်ပခရီးသွားဧည့်သည်(၄၁၅)ဦးတို့ ညအိပ်တည်းခိုလည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)