စစ်ကိုင်းတိုင်းဒေသကြီးမြောက်ဖျားမှ “ကနန်း” တိုင်းရင်းသားများ

၂၈ ဇွန်

 

မြန်မာ ကဒူး ကနန်း

ရေ ဝဲ ဝေ

ဝက် ဝပ် ဝမ့်

စားပါ ရုတ် ရောက်စ

သောက်ပါ အုမ အုဇ

ကြိုက်တယ် ကြိုက်တမ လာမောင်မ

ပြုံးပါ နီးယန်းလေး ပြုံးတော့မ

 

ကနန်းတို့စကားပြောဆိုပုံ

 

မြန်မာ ကနန်း

ဘာဟင်းစားလဲ မဟာဆဗက်ရောင်းနိုး

မုံညင်း ကင်းပွန်း

စားပြီးပြီ ရောက်စယ

မစားရသေးဘူး ရောက်စီဟူး

 

ကဒူးနှင့်ကနန်းတို့တွင် မြန်မာစာလုံးတူ များစွာရှိကြသည်။ ကဒူးနှင့် ကနန်းတို့မှာ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဓလေ့များ တူညီနေကြသော်လည်း မည်သူက ကဒူး၊ မည်သူက ကနန်းဆိုသည်ကို စကားပြောဟန်၊ ဆိုဟန်နှင့် ဝတ်စားဆင်ယင်မှုအရသာ ခွဲခြား သိရှိနိုင်သည်။

 

ယုံကြည်ကိုးကွယ်မှု

 

ကနန်းတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ထေရဝါဒဗုဒ္ဓဘာသာကို ငှက်ပျောပင် စိုက် မိရိုးဖလာကိုးကွယ်ခဲ့ကြသည်။ ကနန်းတို့နယ်မြေတွင် ကြာပလ္လင်ခံ၊ ဆင်ခံရုပ်ပွားတော် များ ပေါလှသည်။ သူတို့နယ်မြေ ဗန်းမောက် ဒေသသို့ အဘနီငြိမ်း(အညာတက္ကသိုလ်)ရောက်ရှိခဲ့စဉ်က ကနန်းတို့ထံမှ ရန်အောင်မြင် ရှေးဘုရားကြီးတစ်ဆူ ပင့်ဆောင်ပူဇော်ထားရှိကြောင်း သူ၏ဆောင်းပါးတွင် ရေးသားထားသည်ကို တွေ့ရသည်။ ကနန်းလူမျိုးတို့၏ သဘာဝနှင့် စိတ်နေသဘောထားမှာ အလွန်ရိုးသားကြသည်။ ဝိသမလောဘကင်း၍ ရသမျှနှင့် ရောင့်ရဲတင်းတိမ်တတ်ကြသည်။ တရား နည်းလမ်းမကျသော အဓမ္မဝါဒီများကို လူထုအားဖြင့် စုပေါင်းတော်လှန်တတ်ကြသည်။ ငါးပါးသီလစောင့်ထိန်းကြသည်။ အလှူအတန်း လွန်စွာရက်ရောကြ၏။ ရှိစုမဲ့စု ပုံအောကာ ကုသိုလ်လုပ်လေ့ရှိသည်။ ဘုရားဒါယကာ၊ ကျောင်းဒါယကာအဖြစ်သာမက ညောင်ပင်ဒါယကာ၊ တံတားဒါယကာဘွဲ့များပါ ရယူလေ့ရှိသည်။

 

အထက်နတ်၊ အောက်နတ်ခွဲပြီး နတ်မျိုးစုံ ကိုလည်း ကိုးကွယ်တတ်ကြသည်။ တောင် စောင့်နတ်၊ တောစောင့်နတ်၊ လယ်ယာမြေ စောင့်နတ်၊ မိုးနတ်၊ လေနတ်များအပြင် “မိုင်းလုံအရှင်ကြီး သူလုံသူကပ် ခေါ် နတ်နှစ်ပါး၊ “ဖိဟော် ခေါ် “မုဆိုးနတ်၊ “စပါး လိပ်ပြာ ခေါ် “ပုန်းမကျီနတ် တို့ကို ပူဇော်ပသလေ့ရှိသည်။ ရှေးအခါက ကြက်ငှက် များသတ်ကာ “ဟုန်းနတ် ကိုလည်း ပူဇော် ပသခဲ့ကြသည်။ ဘုရင့်နောင်မင်းလက်ထက်အမိန့်နှင့်တားမြစ်၍ ယစ်ပူဇော်ဓလေ့ ပျောက်ခဲ့ရသည်။

 

ဘာသာရေးဓလေ့

 

ကနန်းတို့သည် ရှင်ဆယ်ပါး၊ ဆယ့်ငါးပါး စုပေါင်းပြီး ရှင်ပြုပွဲလုပ်လေ့လုပ်ထရှိသည်။ နွေဦးပေါက်လျှင် ဗန်းမောက်မြို့နယ် ကနန်း ရွှေစုဝင်နယ်မြေရှိ ကျေးရွာများတွင် ရှင်ပြုပွဲများ ပြုလုပ်လေ့ရှိသည်။ ကျေးရွာတွင် ရှင်ပြု ကြမည့် သားများ၏မိဘများက စုပေါင်း၍ ရှင်ပြုပွဲပြုလုပ်ကြသည်။

 

ကနန်းတို့ ရှင်ပြုအလှူပွဲနှင့် အလှူမဏ္ဍပ် ကား ခမ်းနားကြီးကျယ်လှသည်။ အလျား ငါးတောင်စီရှိသော အခန်းပေါင်း ၁၄ ခန်း ပါဝင် လေ့ရှိသည်။ မဏ္ဍပ်ဆောက်လုပ်ရေးပစ္စည်း များနှင့် မဏ္ဍပ်ဆောက်လုပ်ခြင်းကို ကျေးရွာမှ စုပေါင်းဆောင်ရွက်ကြသည်။ အလှူမဏ္ဍပ်တွင် အသုံးပြုရန်လိုအပ်သည့် ဖျာ၊ သောက်ရေအိုး၊ သောက်ရေခွက် စသည့် အသုံးအဆောင်တို့ကို လည်း ကျေးရွာမှစုပေါင်းဆောင်ရွက်ကြရသည်။ မဏ္ဍပ်ဆောက်လုပ်ရာတွင် ဇာတ်ပွဲ ကပြရန် ဇာတ်ရုံကို မဏ္ဍပ်၏အခြားတစ်ဖက် အစွန်တွင် သံဃာစင်နှင့် မျက်နှာချင်းဆိုင် ဆောက်လုပ်ထားကြရသည်။

 

အလှူရက်မတိုင်မီ ၁၅ ရက်ခန့်ကပင် အလှူရှင်တစ်ဦးစီ၏အိမ်တွင် အပျိုနှစ်ဦးကျစီ ထားကြရသည်။ အလှုရှင်အိမ်တွင် အပျိုမရှိခဲ့ပါ လျှင် အခြားကျေးရွာများရှိ အလှူရှင်၏ ဆွေမျိုးများ(သို့) ရင်းနှီးသူများထံမှ အပျိုများ ကို ခေါ်ယူထားရသည်။ လူပျိုအပျိုအဖွဲ့သည် အလှူတွင် သုံးစွဲရန်အတွက် ထင်းများကို သုံး၊ လေးရက်ကြာမျှ ရှာဖွေကြရသည်။

 

ရှင်ပြုအလှူပွဲမတိုင်မီ ၁၀ ရက်ခန့်အလို နေ့ကောင်းရက်သာနေ့တစ်နေ့တွင် ပုဏ္ဏား လောင်း၊ လောင်းပွဲခေါ် ရှင်လောင်းယူပွဲအခမ်း အနားတစ်ခုကို ကျင်းပလေ့ရှိသည်။ ရှင်လောင်း များသည် အလှူရက်မတိုင်မီ ရှင်လောင်းလှည့် ခြင်း၊ သင်္ကန်းတောင်း၊ ပစ္စေဝက္ခဏာဆင်ခြင်ပုံ၊ သရဏဂုံ၊ ငါးပါး၊ ရှစ်ပါးနှင့် ၁၀ ပါးသီလ အစရှိ သော ရှင်သာမဏေဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားကြရသည်။ ကနန်းရှင်လောင်း များမှာ အရွယ်ရောက်နေသူများဖြစ်သဖြင့် သာမဏေဆိုင်ရာကျင့်ဝတ် (ရှင်ကျင့်ဝတ်)ကို လွယ်ကူစွာ သင်ကြားနိုင်လေ့ရှိသည်။

 

ကနန်းတို့၏လူမှုစီးပွားဘဝ

 

ကနန်းတို့သည် ရှေးဘိုးဘေးစဉ်လာ လက်ထက်ကတည်းကပင် ရွှေကျင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သူများ ဖြစ်ကြသည်။ ကနန်းတို့စုစုခဲခဲနေထိုင်ရာ ဗန်းမောက် ဒေသတစ်ခွင်သည် ရွှေထွက်ရာအရပ်ဒေသဖြစ်သည်။ ထို့ကြောင့် ချောင်းမြောင်းတို့တွင် ရွှေကျင်လုပ်ငန်း လုပ်ကိုင်ကြသည်။ ရွှေကျင် လုပ်ငန်းအကြောင်းပြု၍ ကနန်းရွှေစုဝင် နယ်မြေဟုပင် အမည်သညာမှည့်ခေါ်မှု ရှိလာခဲ့ သည်။ မြန်မာဘုရင်များလက်ထက်ကပင် ကနန်းတို့သည် ရွှေကျင်လုပ်ငန်းအတွက် ရွှေခွန် ဆောင်ခဲ့ရသည်။ ထို့ကြောင့် ကနန်းတို့ဒေသတွင် ရွှေခွန်မှူးများခန့်အပ်ကာ ရွှေခွန်ကောက် ခံစေခဲ့ကြောင်း မြန်မာသမိုင်းများမှ မှတ်သားရ သည်။

 

မူးချောင်း လက်ဝဲ၊ လက်ယာရှိ မြေနိမ့် လွင်ပြင်များတွင် လယ်ယာစပါးကိုလည်း လယ်ယာမြေများ ဖော်ထုတ်ကာထွန်ယက် စိုက်ပျိုးကြသည်။ တောင်စောင်း၊ တောင်ကုန်း များ၌ တောင်ယာစပါးကိုလည်း စိုက်ပျိုးကြ သည်။ စိုက်ပျိုးရန် ထွန်ယက်ရာတွင် ကျွဲကိုသာ အသုံးပြုကြသည်။

 

ကနန်းတို့နေထိုင်ရာဒေသသည် ဤသို့ သော စီးပွားရေးအခြေခံကောင်းများရှိရာ ဒေသ ဖြစ်သဖြင့် လူမှုစီးပွားဘဝ အတိုင်းတာတစ်ခုထိ မြင့်မားခဲ့မှုနှင့်အတူ ရှေးရိုးရာထုံးတမ်းဓလေ့ယဉ်ကျေးမှုများကိုပါ ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့သော တိုင်းရင်းသားလူမျိုးတစ်စုပင် ဖြစ်ပေသည်။

 

ကနန်းသဘာဝနှင့်အပျိုလူပျိုဓလေ့

 

ကနန်းလူမျိုးတို့သည် အလွန်ရိုးသားကြသည်။ ဝိုင်းလုပ်ဝိုင်းစားစနစ်ကို မပစ်ပယ်ဘဲ အမြစ်တွယ်အောင် ထိန်းသိမ်းခဲ့ကြသည်။ ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှုများကို အမြတ်တနိုးတန်ဖိုးထားကြသည်။ အပျိုလူပျို ဓလေ့မှာ တစ်ရွာတည်းသားချင်း အပျိုလူပျိုများ လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ရှိသည်။ အကယ်၍ မိမိရွာမှ ရည်းစားမရှိသောအပျိုကို အခြားရွာမှ လူပျိုကလာရောက်၍ လူပျိုလှည့် မည်ဆိုပါက ညအချိန်တွင် လူပျိုခေါင်းသည် ဧည့်သည်လူပျိုအား အပျိုအိမ်သို့လိုက်ပို့ပေး ရသည်။ ဧည့်သည်လူပျိုသည် အိမ်သည်အပျို နှင့် တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် လူပျိုခေါင်း သည်လည်းကောင်း၊ အပျို၏မိသားစုသည် လည်းကောင်း၊ အလိုက်သိစွာရှောင်တိမ်းပေး ကြရသည်။ လူပျိုသည် လွတ်လပ်စွာ စကား ပြောခွင့်ရှိသည်။ သို့သော် အခွင့်အရေးယူပြီး လက်ရောက်ကျူးလွန်ခြင်းမျိုး မရှိကြပေ။ အပျိုကလည်း လူပျိုအား နေရာပေးခြင်း၊ ဆေးပဝါ၊ ကွမ်းပဝါ၊ ရေနွေးကြမ်းတည်ခြင်း စသည်ဖြင့် ဧည့်ဝတ်ပြုရသည်။ လူပျို၏ရှေ့တွင် ကျုံ့ကျုံ့ယုံ့ယုံ့ ဒူးကျဦးကျထိုင်လျက် ယဉ်ကျေးသိမ်မွေ့စွာ စကားပြောလေ့ရှိသည်။

 

လက်ထပ်ထိမ်းမြားခြင်းဓလေ့

 

ကနန်းလူမျိုးတို့ လက်ထပ်ထိမ်းမြားခြင်း ဓလေ့တွင် လူငယ်ချင်းမေတ္တာမျှပြီးနောက် လက်ထပ်နိုင်ရေးအတွက် နှစ်ဖက်သောမိဘများ သဘောတူရန်လည်း အထူးလိုအပ်ပါသည်။ နှစ်ဖက်မိဘတို့ သဘောမတူဘဲ လူငယ်ချင်း မေတ္တာမျှ၍ ပေါင်းသင်းနေထိုင်ပါက ဆွေမျိုး စာရင်းမှ ပယ်ဖျက်ခြင်းခံရလေ့ရှိသည်။

 

ထူးခြားသည်မှာ လက်ထပ်ချိန်နီးလျှင် သတို့သမီး၏ အိပ်ခန်းရှိခေါင်တိုင်အနီး ဖျာတစ်ချပ်ကို ပက်လက်ခင်းထားရသည်။ ထိုဖျာပေါ်တွင် အခြားဖျာတစ်ချပ်ကို မှောက်ခုံ ခင်းလိုက်ရသည်။ ဖျာပေါ်တွင် သံတိုသံစများ ကို တင်ထားကြပြီး သတို့သားနှင့် သတို့သမီး နှစ်ဦးတို့သည် သံတိုသံစများပေါ်တွင် တက်နင်းပြီးမှ ဖျာပေါ်၌ထိုင်ရပါသည်။ ဤကဲ့ သို့ပြုလုပ်ခြင်းကား သစ္စာပန္နက်သံမှိုနက်သကဲ့ သို့ ခိုင်မြဲစွာစိုက်ထူထားအပ်သော ဓလေ့ဖြစ် ပါသည်။

 

လက်ထပ်ကြရာတွင်လည်း ကနန်းလူမျိုး တို့သည် အများအားဖြင့် အသက် ၁၆ နှစ်အရွယ် မှသာ လက်ထပ်လေ့ရှိကြသည်။ ဤအရွယ်သို့ ရောက်မှလက်ထပ်ခြင်းဖြင့် မွေးလာသည့် ကလေးများ ထွားကြိုင်းသန်မာမည်ဟု ယုံကြည်ကြသည်။ မိဘနှစ်ပါးမှာလည်း စဉ်းစားချင့်ချိန်နိုင်သော အသက်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် အမှားအယွင်းနည်းပါး နိုင်သည်ဟု ယူဆကြသည်။

 

မင်္ဂလာဆောင်ရာတွင် ထူးခြားသောဓလေ့ မှာ လာရောက်သောအဖွဲ့သည် လူဦးရေ(စုံ)ဖြစ်ရမည်။ (မ) မဖြစ်ရ။ တစ်ဖန် ဘိသိက်ဆရာသည် သတို့သမီး၏အိမ်ပေါ်သို့ မရောက်မီ တက်ရောက်ခွင့်တောင်းရသည်။ ခွင့်ပြုမှ တက်ရသော ဓလေ့ရှိသည်။ မင်္ဂလာဆောင် မောင်မယ်တို့သည် ယင်းနေ့တွင် သတို့သမီးဘက်မှ ဆွေမျိုးများအား အုန်းတစ်လုံး၊ ငှက်ပျောတစ်ဖီးစီပါသော ကန်တော့အုပ်များ ဖြင့် ကန်တော့ကြရသည်။ အုပ်ပွဲများနှင့် ကန်တော့ခြင်းကို ဂုဏ်ယူတတ်ကြသည်။

 

ကနန်းတို့သည် မြန်မာတို့၏ ဘိုးဘေး ဘီဘင်မျိုးနွယ်စု ပျူ၊ ကမ်းယံ၊ သက်တို့အထဲမှ သက်အစုဝင်မှ ပွားစီးခဲ့သည့် လူမျိုးစုတစ်စု ဖြစ်သည်။ စာပေမရှိ၊ စကားသာရှိကြပြီး ဘာသာစကားကို အခြေခံကာ မိမိတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ကာ နေထိုင်လာခဲ့ကြ ရာမှ ယခုအခါ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် အညီ စာပေယဉ်ကျေးမှုအသင်းဖွဲ့စည်းကာ မိမိတို့၏ ဆက်သွယ်ရေးကိရိယာဘာသာစကား ကိုအခြေခံ၍ စာပေသစ်တစ်ရပ် တီထွင်ကာ စာပေယဉ်ကျေးမှုဆိုင်ရာများကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် မိမိတို့တိုင်းပြည်ရှိ မိမိတို့တိုင်းရင်းသားလူမျိုးစုတစ်စုဖြစ် ကြောင်း လေ့လာစုစည်းတင်ပြလိုက်ရပါသည်။ ကနန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ပါစေ။

 

မှီငြမ်းကိုးကား

၁။ လေ့လာမိသမျှကဒူးကနန်းဒေသ

အကိုစော။

၂။ ခေတ်ဟောင်းမြန်မာရာဇဝင်

ဒေါက်တာသန်းထွန်း။

၃။ ကဒူးနှင့် ကနန်းအလှ

မောင်ကျော်ရှင်း။

၄။ ရခိုင်မြောက်ဖျားဒေသမှ

သက်တိုင်းရင်းသားများ

ထွန်းရွှေခိုင်(စစ်တွေကောလိပ်)။

၅။ စစ်ကိုင်းတိုင်းမြောက်ဖျားမှ ကဒူး ကနန်းတိုင်း ရင်းသားများ

နီငြိမ်း(အညာတက္ကသိုလ်)။

၆။ ကိုယ်တိုင်လေ့လာမှုမှတ်တမ်းများ။

 

ကျော်လင်းအောင်