စစ်တောင်းကျေးရွာတွင်ဒီရေရိုက်ခတ်မှုကြောင့်နေအိမ်(၁)လုံးနှင့် လူ(၃)ဦးမျောပါသွား

ကျိုက်ထို   ၂၀   စက်တင်ဘာ

 

ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ ၊အေးသီတာပိုင်းတွင် စက်တင်ဘာ(၂၀)ရက် နံနက်(၅)နာရီ မိနစ် (၃၀) ခန့်က ပင်လယ်ဒီရေ ရိုက်ခတ်မှုကြောင့်နေအိမ်(၁)လုံးနှင့် အိပ်ပျော်နေသူ(၃)ဦး ဒီရေနှင့်အတူ မျောပါ ပျောက်ဆုံးခဲ့ကြောင်းသိရသည်။

 

ယင်းမျောပါသွားသော နေအိမ်သည် ဦးလင်းလင်း၊ ဒေါ်ကြည်ခင်တို့၏နေအိမ်ဖြစ်ပြီး ဦးလင်းလင်းသည် တံငါလုပ်ငန်း လုပ်ကိုင်၍ လွန်ခဲ့သော (၁၀)ရက်ခန့်က ပင်လယ်တွင်းသို့ ငါးဖမ်းဆီးရန် ထွက်ခွါသွားခဲ့ကြောင်း သိရသည် ။

 

အဆိုပါ ပင်လယ်ဒီရေ ရိုက်ခတ်စဉ်တွင်အလျား(၁၀) ပေ၊အနံ(၁၀)ပေ၊တောင်ထန်းမိုး ၊ဝါးထရံကာ၊ ဝါးခင်းရှိ နေအိမ်ပေါ်၌ ဒေါ်ကြည်ခင်(၃၀)နှစ် နှင့်သားသမီးများဖြစ်သော မစန်းသီတာ(၁၀)နှစ်၊ မောင်ဇင်လင်း (၇)နှစ်၊ မောင်မိုးဟိန်း(၂)နှစ်၊ မောင်လင်းအောင်(၂)လ စုစုပေါင်း (၅)ဦးတို့မှာ အိပ်ပျော်နေပြီး မစန်းသီတာနှင့် မောင်ဇင်လင်းတို့မှာဒီရေ ရိုက်ခတ်မှုကြောင့် အိမ်မှထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ဒေါ်ကြည်ခင်နှင့် သား(၂)ဦးတို့မှာ နေအိမ်နှင့်အတူ စစ်တောင်းမြစ်အတွင်းသို့ မျောပါသွားသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုကူညီရေး အသင်းများရှာဖွေ လျှက်ရှိကြောင်း သိရသည်။

 

ကျိုက်ထိုပြန်/ဆက်