စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကုလားပဲမျိုးသန့်မျိုးပွား စံပြကွက်စိုက်ပျိုးရန် မြေနေရာ ရွေးချယ်

စေတုတ္တရာ ၂၈ နိုဝင်ဘာ     

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကူတော်ကျေးရွာ အုပ်စုတွင်  ကုလားပဲ မျိုးသန့်မျိုးပွားစံပြကွက် စိုက်ပျိုးရန် တောင်သူ(၁၁)ဦး၏ လယ်မြေ (၅)ဧကတွင် မြေနေရာရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်အေးနှင့် ကွင်းဝန်ထမ်းများက  ကူတော်ကျေးရွာအုပ်စုရှိ တောင်သူဦးစန်းလင်းပါ တောင်သူ (၁၁)ဦး၏ လယ်မြေ(၅)ဧကတွင် ကုလားပဲမျိုးသန့်မျိုးပွား စံပြကွက်စိုက်ပျိုးရန် မြေနေရာ ကွင်းဆင်း ရွေးချယ်ဆောင်ရွက်ခဲ့ပြီး တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ ကုလားပဲမျိုးသန့်မျိုးပွား စိုက်ပျိုးရာတွင် သိရှိရမည့်အချက်များ၊ ကုလားပဲမျိုးသန့်မျိုးပွားစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်အတွင်း ကုလားပဲ မျိုးသန့် မျိုးပွား စံပြကွက်(၅)ဧကနှင့် ကုလားပဲမျိုး(၃)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် (၁)ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ တောင်သူများအနေဖြင့် ကုလားပဲ မျိုးသန့်မျိုးပွား စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ခြင်းနှင့် ဈေးကောင်းရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)