ဆော်ဒီအာရေဗျ ပင်လယ်နီကမ်းလွန်တွင် ရေနံတင်သင်္ဘောတိုက်ခိုက်ခံရသဖြင့် ပေါက်ကွဲမှု ဖြစ်ပွား

၂၆ နိုဝင်ဘာ

 

ဆော်ဒီအာရေဗျ ပင်လယ်နီကမ်းလွန်တွင်  ရေနံတင်သင်္ဘော တိုက်ခိုက်ခံရသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုသင်္ဘောပျက်စီးခဲ့သည်။  အဆိုပါ သင်္ဘောကို ယီမင်အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြထားသည်။

 

ထိုပေါက်ကွဲမှုကြောင့် ဂျာဇန်းဒေသအနီး ရေပြင်တွင် မော်လတာအလံတင်ထားသော ရေနံတင်သင်္ဘော ကိုယ်ထည် ပျက်စီးခဲ့ကြောင်း အစိုးရရုပ်မြင်သံကြားနှင့် အခြားမီဒီယာတို့က ယမန်နေ့က ဖော်ပြသည်။ သတင်းများအရ သင်္ဘောသားများ ဒဏ်ရာမရရှိဟု သိရသည်။

၎င်းပေါက်ကွဲမှုသည် အိမ်နီးချင်း ယီမင်နိုင်ငံမှဟူသီသူပုန်များ၏ လက်ချက်ဖြစ်သည်ဟု အစိုးရရုပ်မြင်သံကြားက ဆိုသည်။ ဟူသီသူပုန်များဘက်ကမူ ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ယခုအချိန်ထိ မှတ်ချက်ပြုပြောကြားခြင်းမရှိသေးပေ။

 

ဆော်ဒီအာရေဗျနိုင်ငံအနောက်ပိုင်း နိုင်ငံပိုင်ရေနံကုမ္ပဏီတစ်ခု၏ရေနံစက်ရုံတစ်ရုံ တနင်္လာနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ယင်းပေါက်ကွဲမှုဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

ဟူသီသူပုန်တို့က ရေနံစက်ရုံ မီးလောင်ကျွမ်းမှုသည် ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ဆိုသည်။

ဂျာဇန်ဒေသသည် ယီမင်နိုင်ငံနယ်စပ်တွင် တည်ရှိပြီး ဟူသီသူပုန်များ၏မကြာခဏ တိုက်ခိုက်မှုခံရသည်။

 

ယီမင်နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် ဆော်ဒီအာရေဗျစစ်တပ်က ကြားဝင်ဆောင်ရွက်ခဲ့သည်။ဆော်ဒီအာရေဗျတပ်ဖွဲ့များက အီရန်အားပေးထောက်ခံသည့် ဟူသီတို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

ဟူသီတို့က ဆော်ဒီအာရေဗျနယ်စပ်တစ်လျှောက် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို