ဆောင်းကြက်သွန်နီစိုက်တောင်သူများ ဈေးကောင်းရရှိခြင်းကြောင့် ကြက်သွန်သက်တမ်း မရင့်မီမှာပင်  နုတ်သိမ်းရောင်းချနေရ

ကျောက်ပန်းတောင်း   ၁၆  ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီ စိုက်ပျိုးသည့်ကျေးရွာများတွင် ကြက်သွန်နီ ဈေးကောင်းရရှိသဖြင့် ကြက်သွန်သက်တမ်း မရင့်မီအချိန်မှာပင် နုတ်သိမ်းကာ ရောင်းချနေကြကြောင်း ဆောင်းကြက်သွန်နီစိုက် တောင်သူများထံမှ သိရသည်။

 

2

 

ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်းများ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာ တစ်ပိဿာ ၃၅၀၀ ကျပ် စတင်ဖြစ်ပေါ်ခဲ့ပြီး မိုးကြက်သွန်ခေါ် ဥပြန်စိုက်ကြက်သွန်များ ပေါ်ချိန်တွင်လည်း ကြက်သွန်နီ ဈေးနှုန်းမကျဆင်းဘဲ မိုးကြက်သွန်နုတ်သိမ်း ရောင်းချမှုများလာမှသာ ဈေးနှုန်းအနည်းငယ် လျော့ကျလာခဲ့ကြောင်း ကြက်သွန်နီပွဲရုံပိုင်ရှင်များမှ ပြောသည်။

 

3

 

မိုးကြက်သွန်ဈေးနှုန်းများ ဆောင်းကြက်သွန်ပေါ်ချိန်ဖြစ်သည့် တပေါင်းလ၊ တန်ခူးလ ကပ်နေသော်လည်း ကြက်သွန်နီ ဈေးနှုန်းကျဆင်းမှုမရှိဘဲ တစ်ပိဿာ ၂၀၀၀ ကျပ်ပတ်ဝန်းကျင် ဈေးရသဖြင့် ကြက်သွန် နုတ်သိမ်းချိန်မဟုတ်ဘဲ နုတ်သိမ်းရောင်းချနေကြကြောင်း လဲဂွကျေးရွာ ကြက်သွန်နီစိုက်တောင်သူ ဦးတင်ထွန်းအောင်မှ ရှင်းပြသည်။

 

4

 

ကျွန်တော်တို့ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာ (၃၀)ကျော်လောက်က ဆောင်းကြက်သွန် အများအပြား စိုက်ကြတာရယ်၊ ဒီနှစ်လို မျိုးဈေးနှုန်း တစ်ခါမှမကြုံဖူးသေးဘူး၊ ပေါ်ဦးပေါ်ဖျား ကြက်သွန်ဆို ကျပ် ၃၀၀ မှ ကျပ် ၇၀၀  ထိပဲ ဈေးရဖူးတာ၊ လက်ရှိ တစ်ပိဿာ ကျပ် ၁၂၀၀ ဆိုတော့ အလွန်ကို တွက်ခြေကိုက်တာဗျ၊ ဒါကြောင့် ကြက်သွန်သက်တမ်းမကုန်မီတည်းက လောင်းလက်စရေကိုဖြတ် ငါးရက်လောက်ရေဖြတ်ပြီး နုတ်ရောင်းချကြကြောင်း၊ အချို့ကြက်သွန်စိုက် တောင်သူများကတော့ လှောင်ဖို့အတွက် မနုတ်ဘဲ ရေဆက်လက်လောင်းကာ ကြက်သွန်သက်တမ်းပြည့်မှ နုတ်ယူလှောင်ကြကြောင်း မုန့်ကုန်းကျေးရွာ ဦးမင်းညိုက ပြောသည်။

 

5

 

ခုနုတ်ခုရောင်း ဆောင်းကြက်သွန်စိုက် တောင်သူများ တွက်ခြေကိုက်ခြင်းမှာ ကြက်သွန်အစိုဓာတ်ရှိနေပြီး အလေးချိန် မလျော့ကျခြင်းနှင့် လှောင်စရာမလိုဘဲ လုပ်အားခ၊ ကြက်သွန်ထားဖို့ စင်ဆောက်ခ၊ သယ်ယူပို့ဆောင်ခ၊ ကြက်သွန်စင်ပေါ်တင်သည့် ကုန်ကျစရိတ်များ များစွာသက်သာခြင်း၊ အထွေထွေ ကုန်ကျစရိတ်ပါ သက်သာခြင်းကြောင့် ဆောင်းကြက်သွန်နီများ နုတ်ယူရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)