ဆောင်းရာသီအတွက် သစ်သီးတွေကဘာတွေဖြစ်မလဲ…………..

ဆောင်းရာသီလေးအေးတယ်။ ဆောင်းအေးအေးလေးမှာ ကျန်းကျန်းမာမာနဲ့ အသားအရေလှလှလေး ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးလေးမှားရှိလား။ ဒါဆိုရင်တော့ ဒီစိတ်ကူးလေး အထမြောက်စေဖို့  ဒီသစ်သီးလေးတွေကိုစားပေးနော်။

 

ဆောင်းရာသီမှာ စားပေးသင့်တဲ့အသီးအနှံတွေက ဘာတွေများလဲ…………..

ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှုကင်းပြီး အအေးမိဖျားနာတာတွေကနေ ကင်းစေဖို့ ဆိုရင်တော့

 

ငှက်ပျောသီး

 

ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ရေသောက်နည်းနေလည်း အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရတွေအကောင်းဆုံး စုပ်ယူစေနိုင်သလို ဝမ်းလည်းမှန်စေမှာပါ။

 

လိမ္မော်သီး

 

ဗီတာမင် C ကြွယ်ဝသလို ရေဓာတ်ပြည့်ဝမှုက အသားအရေအတွက်ရော ကိုယ်ခံအားအတွက်ပါ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ဆောင်းအေးအေးလေးမှာ လိမ္မော်သီးလေးစားပေးလို့ ကျန်းမာရေးစောင့်ရှောက်လိုက်ပါ။

 

Grapefruit

 

ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအားကောင်းစေပြီး ဖျားခဲ့ရင်တောင် အဖျားတာတိုစေမှာပါ။ အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရော အသားအရေ ကျန်းမာစေဖို့ပါစားပေးလို့ရပါတယ်။ အသီးမစားချင်ရင်တောင် ဖျော်ရည်သောက်ပေးလို့ရပါတယ်။

 

သလဲသီး

 

ရေဓာတ်ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ အမျှင်ဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ခံအားအတွက် အထောက်အပံ့ပေးသလို အဆစ်ရောင်နာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ တို့ကနေလည်း ကာကွယ်ပေးပါသေးတယ်။

 

ပန်းသီး

 

ဗီတာမင် C၊ အမျှင်ဓာတ်တို့ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆောင်းရာသီမှာ ပန်းသီးချိုချိုလေးစားပေးတာက အသားအရေကိုရော ကိုယ်ခံအားကိုရော အကောင်းဆုံးအားဖြည့်ရာရောက်ပါတယ်။

 

တည်သီး

 

ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက ဆောင်းတွင်းမှာဖြစ်တတ်တဲ့ အသက်ရှုလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အမြင်အာရုံကောင်းစေသလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။

 

ကီဝီသီး

 

အစိမ်းရောင်အသားလွှာနူးနူးညံ့ညံ့လေးရှိတဲ့ ကီဝီသီးက လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှုပိုများပြီး ငှက်ပျောသီးထက် ပိုတက်ဆီယမ်ပါဝင်မှုပိုများပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် ကီဝီသီးလေးကို ဆောင်းအေးအေးမှာ စားပေးလို့ရပါတယ်။

 

ပန်းသစ်တော်သီး

 

ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ စားရတာ အရသာရှိသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို  ဝိတ်ကျစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဆောင်းတွင်းမှာ ကျန်းမာရေးရော အသားအရေပါ ကျန်းမာချင်တယ်ဆိုရင် ပန်းသစ်တော်သီးစားပေးလို့ရပါတယ်။

 

အခုပြောခဲ့တဲ့အသီးလေးတွေကိုစားရင်း ဗီတာမင်နဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာရရှိအောင်လုပ်ဆောင်လို့ ဆောင်းအေးအေးလေးကို ကျန်းမာပျော်ရွှင်စွာ ကျော်ဖြတ်လိုက်ပါ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”