ဆေးလိပ်ကင်းပ လူငယ်ဘဝ၊ ဆွဲဆောင်မှုများ ဟန့်တားကြ

ဒေါက်တာအောင်ထွဏ်း (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

 

ကမ္ဘာပေါ်ရှိ လူအများဆုံးသေဆုံးရသော အကြောင်းရင်းများတွင်  ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုသည် ထိပ်တန်းသို့  လျင်မြန်စွာဖြင့် ရောက်ရှိလာသော အကြောင်းရင်းတစ်ခုဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလအတွင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ  ယနေ့ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲသူပေါင်း ၁ ဒသမ ၃ ဘီလီယံရှိပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ် လူပေါင်းရှစ်သန်းခန့် သေဆုံးလျက်ရှိကြောင်း၊ ယင်းတို့အနက် ခုနစ်သန်းသည်   တိုက်ရိုက်ဆေးလိပ်နှင့် ဆေးရွက်ကြီး  သောက်သုံးမှုကြောင့်  သေဆုံးရပြီး ၁ ဒသမ ၂ သန်းခန့်သည် တစ်ဆင့်ခံ  ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းကြောင့် ဖြစ်ရကြောင်း သိရသည်။

 

ကမ္ဘာတွင် အရှေ့တောင်အာရှဒေသသည် ဆေးလိပ်သောက်သုံးသူ အများဆုံးဖြစ်၍ ဤဒေသတွင် ဆေးလိပ် သောက်ဖူးသူ ကလေးငယ်များ၏   ၂၀ ရာခိုင်နှုန်းသည် အသက် ၁၀  နှစ်  မရောက်မီနှင့် ၈၀ ရာခိုင်နှုန်းသည် အသက် ၁၈  နှစ်  မရောက်မီ  စတင်သောက်သုံးခဲ့ကြကြောင်း လေ့လာတွေ့ရပါသည်။   ဆေးလိပ်စတင် သောက်သုံးသည့်    အသက်ငယ်လေလေ၊     ဖြတ်ရ ခက်လေလေဖြစ်၏။ နေ့စဉ် ကမ္ဘာတစ်ဝန်းတွင် လူငယ် တစ်သိန်းခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီး  စတင်စွဲလမ်းမှုဖြစ်လျက်ရှိကာ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုသည် ဤအတိုင်းသာ ဆက်သွားပါက  လူငယ်သန်း ၂၅၀ ခန့်သည် အရွယ်မတိုင်မီ သေဆုံးခြင်းဖြင့် အဆုံးသတ်မည်။

 

မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုအခြေအနေ

မြန်မာနိုင်ငံတွင် အသက် ၁၃  နှစ်မှ ၁၅  နှစ်ရှိ  ကျောင်းသား၊ ကျောင်းသူများအတွင်း စီးကရက်သောက်သုံးမှုနှုန်းမှာ  ၂၀၁၁ ခုနှစ် စစ်တမ်း (Global Youth Tobacco Survey) အရ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းကျောင်းသူ၊ ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၂၀၁၆ ခုနှစ် စစ်တမ်း တွင်မူ ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) ''Myanmar Demographic and Health Survey (2015-2016)" အရ၊ အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း အမျိုးသားများ၏ ၃၂   ရာခိုင်နှုန်းသည်   စီးကရက် သောက်သုံးကြ၍ ၁၄  ရာခိုင်နှုန်းသည် ဆေးပေါ့လိပ်၊ ဆေးတံသောက်သုံးကြသည်ကို တွေ့ရပါသည်။ အသက် ၁၅  နှစ်မှ   ၄၉ နှစ်အတွင်း မြန်မာအမျိုးသမီး၏ ၉၆ ရာခိုင်နှုန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီး မသုံးစွဲကြဘဲ၊ ၂ ရာခိုင်နှုန်းခန့်သာ စီးကရက်(သို့မဟုတ်) ဆေးပေါ့လိပ်၊ ‌ဆေးတံသောက်သုံးကြကြောင်း၊ ယင်းသုံးစွဲသူတို့အနက် အသက် ၄၀ မှ ၄၉ နှစ်အတွင်း အမျိုးသမီးအများစုဖြစ်ကြောင်း တွေ့ရသည်။

 

မြန်မာတို့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုပုံစံကို လေ့လာကြည့်လျှင် အမျိုးသမီးများသည် အသက်ကြီးလာသည် နှင့်အမျှ စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးတံနှင့် ကွမ်းယာစားသုံးမှု မြင့်မားလာကြောင်း တွေ့ရပါသည်။ အမျိုးသားများ တွင်မူ အသက် ၂၀ နှင့် ၂၉ နှစ် လူငယ်များတွင်   စီးကရက်သောက်သုံးမှု  အများဆုံး ၃၇-၃၈ ရာခိုင်နှုန်းနှင့် အသက် ၄၀၊ ၄၉ နှစ်အတွင်း လူကြီးများတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးတံများ ပိုမိုသောက်သုံး ကြကြောင်း တွေ့ရပါသည်။

 

အသက် ၁၅ နှင့် ၄၉ နှစ်အတွင်း မြန်မာအမျိုးသား ၅၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၈ ရာခိုင်နှုန်းတို့သည် ကွမ်းယာ စားသုံးကြပြီး အမျိုးသားငါးဦးအနက်  နှစ်ဦး၊ အမျိုးသမီးငါးဦးအနက်  တစ်ဦးသည်  တစ်နေ့လျှင် ကွမ်းယာ ၁၀ ယာနှင့် အထက် စားသုံးကြကြောင်း တွေ့ရ ပါသည်။

 

ကွမ်းယာစားသုံးမှုတွင် ရခိုင်ပြည်နယ်သည် အများဆုံး (အမျိုးသား ၇၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၀ ရာခိုင် နှုန်း) ဖြစ်ကြောင်းတွေ့ရသည်။

 

ထို့ပြင်  မြန်မာကျောင်းသားလူငယ်များအတွင်း ဆေးရွက်ကြီးပါသော ကွမ်းစားသုံးမှုသည် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

 

နယ်မြေဒေသအလိုက် မြန်မာများ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု အခြေအနေကို လေ့လာကြည့်ရာတွင် မြို့ပြထက်  ကျေးလက်ဒေသများတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးတံနှင့် ကွမ်းယာစားသုံးမှု မြင့်မားကြောင်း တွေ့ရ၏။

 

ထို့ပြင် သမားရိုးကျ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပြင်  အီးစီးကရက်နှင့်  ရေပြောင်းအုပ်စု (ရှီရှား၊ ဟူခါး, Waterpipe, BottlePipe) ဆေးရွက်ကြီး ထွက်ပစ္စည်းနှစ်မျိုးသည် မြန်မာဈေးကွက်နှင့် မြန်မာလူငယ်များ အတွင်း   ထိုးဖောက်ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။

 

ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်း၏ ဘေးအန္တရာယ်များ

ဆေးလိပ်ငွေ့တွင်  လူကိုအန္တရာယ်ဖြစ်စေသော ဓာတ်ပစ္စည်းများပါဝင်သည်။ ထုတ်လုပ်ပြီး ဆေးလိပ်ဆေးရွက်ကြီးတွင် ဓာတုပစ္စည်းအနည်းဆုံး ၇၀၀၀ ပါရှိ ပြီး ဆေးလိပ်ငွေ့တွင်မူ နီကိုတင်း၊ ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုက်၊   ဘင်ဇင်း၊  အမိုးနီးယားစသော လူကိုသေစေတတ်သည့် ကင်ဆာရောဂါဖြစ်စေတတ် သောပစ္စည်း ၆၉ မျိုးခန့် ပါ၀င်ပေသည်။ အဆိုပါ  ဓာတုပစ္စည်းများသည်    ၎င်းတို့၏ဆိုးကျိုးကို   ချက်ချင်းပင် ပြတတ်စေသည်။ အထူးသဖြင့် အဆုတ်ကို ထိခိုက်စေပြီး ကြံ့ခိုင်မှုကို လျော့နည်းစေသည့်အတွက် ၎င်းတို့၏ကျန်းမာရေးကို ထိခိုက်ပျက်စီးစေပြီး ဖြစ်လေသည်။ ၎င်းတို့ကို ရှူရှိုက်မိသူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆုတ်နှင့် အခြား အစိတ်အပိုင်းများအပေါ်တွင် အောက်ပါအတိုင်း ဆိုးကျိုး သက်ရောက်စေသည်-

 

၁။ အဆုတ်ကင်ဆာရောဂါ (Lung Cancer)

ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ ယခု အခါ ကမ္ဘာပေါ်ရှိ အဆုတ်ကင်ဆာကြောင့် သေဆုံးမှုများ၏ သုံးပုံနှစ်ပုံသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

၂။ အဆုတ်ရောင်ရောဂါများ (Chronic Obstructive Pulmonary Disease-COPD)

 ဆေးလိပ်သောက်ခြင်းကြောင့်နုနယ်သည့် အဆုတ် လေအိတ်ကလေးများ၏ နံရံများပျက်စီးစေသည်။ အသက်ရှူ လမ်းကြောင်းတစ်လျှောက်ရှိ အမြှေးပါးကလေးများ၏ လုပ်ငန်းများကို ပျက်စီးစေသည်။ သို့ဖြစ်၍ အဆုတ် အတွင်း၌ နာတာရှည်သလိပ်များခြင်း၊   သလိပ်ပွခြင်း ဖြစ်လာသည်။ ချောင်းတဟွတ်ဟွတ်ဆိုး၍ အဆုတ်ရောင်လာသည်။ ထိုမှတစ်ဆင့် အဆုတ်လေပြွန်အိတ်ကလေးများ လုံးဝပျက်စီးသွားကာ အဆုတ်ပွလာခြင်းကို ဖြစ်စေပါသည်။ အထက်ပါ  အဆုတ်ရောဂါအခြေအနေများကို (COPD) ဟု သတ်မှတ်ကြသည်။ (COPD)  ဖြစ်ပွားသူ လူနာများ၏  ၈၀ ရာခိုင်နှုန်းမှ  ၉၀ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ပန်းနာရင်ကျပ်ရောဂါ၊   အဆုတ်ပွခြင်းကြောင့်ဖြစ်သော နှလုံးရောဂါ (Cor Pulmonale) များဖြစ်ပွား၍ အဆုတ်တီဘီရောဂါကို ပိုဆိုးရွားစေပါသည်။

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲခြင်းသည် အဆုတ်ကို အားနည်းစေကာ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်စွမ်း ကျဆင်းစေပါသည်။

 

ထို့ပြင်  ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးမမှန်သည့်ရောဂါ၊     ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်ရောဂါ၊ ဦးနှောက်အမြှေးပါးအောက် သွေးယိုခြင်း၊ ခြေပုပ်လက်ပုပ်ရောဂါ ဖြစ်ခြင်း၊ ပြင်းထန်သည့် သွေးတိုးရောဂါဖြစ်ခြင်း။ ပင်မသွေးကြောလွယ်ကူ စွာပေါက်နိုင်ခြင်းစသည့် နှလုံးသွေးကြော ရောဂါများကို ဖြစ်ပေါ်စေပါသည်။

 

ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါးဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့်ဆေးပါသော ကွမ်းစားခြင်းတို့ကြောင့် နှလုံးသွေးကြောနှင့်  အဆုတ်ရောဂါများအပြင် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာများ ဖြစ်ပွားခြင်း။ အမျိုးသားများတွင် အသက်ရှူမ၀ခြင်း၊ ပန်းသေပန်းညှိုး ရောဂါရခြင်း၊ အိမ်ထောင်ရေး သုခ  အပြည့်အ၀ မခံစားနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

 

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးလိပ်သောက်လျှင်၊ သူတစ်ပါးဆေးလိပ်ငွေ့ရှူရလျှင် ကိုယ်ဝန်ပျက်ခြင်း၊ ကလေး အသေမွေးခြင်း၊    လမစေ့၊   ပေါင်မပြည့်သော ကလေးမွေးဖွားခြင်း၊ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းသည့် ကလေး မွေးဖွားခြင်း၊ မွေးစကလေး  ရုတ်တရက် သေဆုံးခြင်းများဖြစ်စေနိုင်ပါသည်။ ဆေးလိပ်မီးခိုးငွေ့ များသည် မွေးကင်းစ ကလေးငယ်များနှင့် လသားကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းရောဂါများ၊ ရင်ကျပ်ပန်းနာ ရောဂါနှင့် မကြာခဏ  နားပြည်ယိုခြင်းများ ဖြစ်တတ်ပါသည်။

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း  သုံးစွဲခြင်းသည်  လူတစ်ဦးချင်း၊ မိသားစု၊ ပတ်ဝန်းကျင်၊ လူ့အသိုင်း အဝိုင်းနှင့် နိုင်ငံအတွက်ပါ ထိခိုက်စေသည့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသည့်အပြင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ကိုပါ       ထိခိုက်စေသည့် လတ်တလောနှင့် ရေရှည်ဆိုးကျိုးများစွာ  ဖြစ်ပေါ်စေပါသည်။

 

လူငယ်များအား လမ်းမှားသို့ ပို့ဆောင်ပေးနေသော ဆေးလိပ်ကုမ္ပဏီများ

ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုသည်    ကာကွယ် တားဆီးနိုင်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ  ကူးစက် ရောဂါဖြစ်ပြီး၊  နိုင်ငံများစွာရှိ  ဆေးလိပ်ကုမ္ပဏီကြီးများ၏ ပြောင်ပြောင်တင်းတင်း လမ်းမှားသို့ ပို့ဆောင်မည့် အရောင်းမြှင့်တင်မှု အကျင့်ဆိုးများက ဆိုခဲ့ပြီးသော ကူးစက်ရောဂါပျံ့နှံ့မှုကို ပိုမိုဆိုးရွားအောင် မီးထိုးဆီထည့် ပေးနေကြပါသည်။   ၎င်းကုမ္ပဏီများက ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ရေးပစ္စည်းများ ဝေငှခြင်း၊ အခမ်းအနားများကို အကုန်အကျ တာဝန်ခံပေးခြင်း၊ ထုတ်လုပ်ပစ္စည်းကို လွယ်လင့်တကူ ဝယ်ယူရရှိစေခြင်းအပြင် အောင်မြင်မှုနှင့် ဆေးလိပ်ကိုယှဉ်တွဲ၍  ဖော်ပြသော ဆိုင်းဘုတ်ကြီးများကို အသုံးချပြီး  လူငယ်များအား ဖြားယောင်းသွေးဆောင်လျက်ရှိပါသည်။ ကြော်ငြာခြင်းနှင့်   အခမ်းအနားများ၊ အားကစားပွဲများကို အကုန်အကျ  တာဝန်ခံပေးခြင်းစသော နည်းလမ်းများသည်   လူငယ်များအား အထူးဆွဲဆောင်လျက်ရှိသည်။ ဆေးလိပ်/ဆေးရွက်ကြီးထွက် ပစ္စည်းကုမ္ပဏီများသည်  ၎င်းတို့ ထုတ်လုပ်သောပစ္စည်းကို သုံးစွဲ၍  သေဆုံးခဲ့ကြသူ  သန်းပေါင်းများစွာကို အစားထိုးရန် ဖောက်သည်အသစ်များ  ဖြစ်လာမည့် ကလေးများ၊ လူငယ်များအား အထူးလေ့လာ၍ စနစ်တကျ ငွေအရင်းအနှီးများစွာ သုံးစွဲပြီး ကြော်ငြာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။ ငယ်ရွယ်သူ ဆေးလိပ်သောက်သုံးသူ တစ်ဦးသည် အထက်ပါကုမ္ပဏီများ အတွက် ရာသက်ပန် ဆေးလိပ်စွဲခြင်းနှင့် ရာသက်ပန် အမြတ်အစွန်းပေးခြင်းတို့ကို ကိုယ်စားပြုလေသည်။ ထိရောက်သော အရေးယူဆောင်ရွက်မှုများမရှိပါက ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲခြင်းဟူသော ကပ်ရောဂါသည်    ဆက်လက်ပျံ့နှံ့ကူးစက် နေပေလိမ့်မည်။

 

ဆေးလိပ်ကုမ္ပဏီဆွဲဆောင်အား၊ လူငယ်အများ သတိထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မေ ၃၁ ရက်တွင် ကျရောက်သည့်၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆေးလိပ်မသောက် ရေးနေ့ ဆောင်ပုဒ်အဖြစ်   ‘ထုတ်လုပ်သူတို့  ပစ်မှတ်သဖွယ်၊ တို့လူငယ်များကို သတ်မှတ်တယ်၊   အသိဉာဏ်နှင့် ရှောင်ဖယ်ပေး၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်ဘေး’ (Protecting youth from  industry  manipulation and preventing them from tobacco and nicotine use) ဟု သတ်မှတ်ခဲ့ပါသည်။  ဆေးလိပ်ကုမ္ပဏီများ၏ လူငယ်လူရွယ်များအား     ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးကြစေရန် ဆွဲဆောင်သည့်နည်းလမ်းမျိုးစုံအား သတိထားဖော်ထုတ်၍  ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်တို့မှ ကာကွယ်ပေးရေးအတွက် တစ်ကမ္ဘာလုံးအား တိုက်တွန်းထားပါသည်။

 

ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထောက်ပံ့ကူညီမှု၊ နှီးနွယ်၀န်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူငယ်များအား ဆေးလိပ်ကုမ္ပဏီများ၏ ပစ်မှတ်ထားဆွဲဆောင်မှုနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်တို့မှ ကာကွယ်ပေးရေးအတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီး ကင်းဝေးရေးစီမံချက်ဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (WHO FCTC) ပါအချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပါသည်။

 

သို့ဖြစ်၍ လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းအန္တရာယ် ကင်းဝေးရေး အတွက် အောက်ပါအချက်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။

 

လူငယ်များသည်လည်း ဆေးလိပ်ကို လုံးဝရှောင်ကြရန်၊ အစမ်းသဘောမျိုးဖြင့်ပင် မသောက်သုံးမိစေရန် အလွန်အရေးကြီးပါသည်။ အစရှိ တနောင်နောင် ဆိုသကဲ့သို့ စမ်းရင်းက စွဲသွားတတ်ပါသည်။

 

ဆေးလိပ်ကုမ္ပဏီများ၏ လူငယ်လူရွယ်များအား ပစ်မှတ်ထား၍ ဆွဲဆောင်နေသည့် နည်းလမ်းများအား သိနားလည်ကာ၊ စပွန်ဆာယူခြင်းနှင့် အရောင်းမြှင့်တင်သည့် ကြော်ငြာစုံကို ရှောင်ကြဉ်သင့်၏။

 

လူကြီး၊ မိဘဆရာ၊ အုပ်ထိန်းသူများ၊ ကျန်းမာရေး ဝန်ထမ်းများမှလည်း ကျောင်းသားလူငယ်များ အတုမြင် အတတ်ရ မဖြစ်စေရန် ကိုယ်တိုင်ဆေးလိပ် မသောက်ခြင်း၊ ကလေးများအား ဆေးလိပ်မီးမညှိခိုင်းခြင်း၊ ဆေးလိပ် မဝယ်ခိုင်းခြင်း၊ ဆေးလိပ်သောက်ခြင်းအန္တရာယ်ကို ရှင်းပြ၍ ဆေးလိပ်သောက်ခြင်းကို တားမြစ်သင့်ပါသည်။

 

ဆေးလိပ်အန္တရာယ် ပညာပေးမှုများကိုလည်း တစ်ဦးချင်းသာမက အုပ်စုအလိုက်ပါ အခါအခွင့်သင့်တိုင်း ပြုလုပ် သင့်သည်။ ထို့ပြင် ကျောင်းသားလူငယ်များ အပေါင်းအသင်းမမှားရေး၊ မကောင်းမှုများ အတုမယူရေး၊ စိတ်ဓာတ် ခိုင်မာရေးတို့အတွက် ငယ်စဉ်ကပင် ဂရုတစိုက်ဆုံးမပြုပြင်ပေးသင့်ပါသည်။ အားလပ်ချိန်များတွင် မိမိတို့ရင်သွေး များအား လူမှုရေးနှင့် ဘာသာရေးလုပ်ငန်း၊ အားကစားလုပ်ငန်း၊ ဖွံ့ဖြိုးရေးသင်တန်းများ ဆောင်ရွက်စေသင့်သည်။ စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးခြင်း နည်းလမ်းဖြင့်လည်း စိတ်မလေစေရန် စိတ်ဓာတ်ကြံ့ခိုင်စေရန် ပျိုးထောင် ပေးနိုင်ပါသည်။ မိမိသားသမီးတပည့်များ ဆေးလိပ်စွဲနေပါကလည်း ဖြတ်ရန်စည်းရုံး ဆောင်ရွက်ပေးသင့်ပါသည်။

 

ယခုအခါ ခေတ်စားလျက်ရှိသည့် လူမှုကွန်ရက်နှင့် မီဒီယာမျိုးစုံတွင် ကျော်ကြားသူ၊ ဩဇာရှိသူနှင့် အနုပညာ ရှင်များကလည်း လူငယ်များအား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကာကွယ်ရေးကို တစ်တပ် တစ်အား ပါဝင်ကူညီသင့်ကြပါသည်။

 

မှီငြမ်း

- Word No Tobacco Day Tool Kit, WHO,2020

-Investment case for tobacco control in Myanmar: The Case for Investing in WHO FCTC Implementation, MOHS/WHO/UNDP/ FCTC Secretariat/RTI Int. December 2018

- The Tobacco Atlas, 6th Edition, American Cancer Society, 2018

- Facts on Tobacco, MOHS, 200911 - Manual on Tobacco Control in Schools, MOHS, 2012။