ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရပြီဖြစ်တဲ့ အမီတာ ဘချမ်း

ဘောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသားကြီးတစ်ဦး ဖြစ်သူ အမီတာဘချမ်းဟာ လွန်ခဲ့တဲ့ သုံးပတ်ခန့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် ဆေးရုံတက်ရောက်ခဲ့ရပြီး လတ်တလောမှာတော့ ပြန်လည် ကျန်းမာလာပြီဖြစ်ကာ ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း စကိုင်းနယူးစ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။ ။

 

အမီတာဘချမ်းဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး နောက် မွမ်ဘိုင်းက ဆေးရုံတစ်ရုံမှာ သီတင်းပတ် သုံးပတ်ခန့် တက်ရောက်ကုသမှုခံယူခဲ့ရတာပါ။

 

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ လတ်တလောမှာ ဗိုင်းရပ်စ်ပိုးရှိမရှိ ပြန်လည်စစ်ဆေး ရာမှာတော့ ဗိုင်းရပ်စ်ပိုးမရှိတော့ကြောင်းနဲ့ နေအိမ်မှာပင် ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

 

အမီတာဘချမ်း ဆေးရုံဆင်းခွင့်ရတဲ့ အကြောင်းကို သူ့ရဲ့ သားဖြစ်သူ မင်းသား အဘီရှက် ဘချမ်းက သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ မင်းသားက ဖခင် ဆေးရုံမှ ဆင်းခွင့်ရတာကြောင့် ဆုမွန်ကောင်းတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း၊ သူကတော့ ဆေးရုံမှာ ကုသမှုခံယူနေရဆဲဖြစ်ကာ မကြာမီမှာ ဆေးရုံမှ ဆင်းလာနိုင်မှာဖြစ်ကြောင်းလည်း ထည့်သွင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

သူ့ရဲ့ဇနီးဖြစ်သူ မင်းသမီး အရှရာရိုင်းဘချမ်း နဲ့ ရှစ်နှစ်အရွယ်သမီးလေးဟာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေးပြည့်