ဆေးတက္ကသိုလ် (မန္တလေး)  (၁၉) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

မန္တလေး ၂ ဇန်နဝါရီ

 

ဆေးတက္ကသိုလ် (မန္တလေး)  ၁၉၇၆-၁၉၈၂ ပညာသင်နှစ် သင်တန်းသား သင်တန်းသူများ၏ မြတ်ဆရာပူဇော်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဆေးတက္ကသိုလ် အောင်ပင်လယ်ခန်းမတွင် ကျင်းပသည်။ 

 

အစီအစဉ်အရ တပည့်ဟောင်း ဆရာဝန်များက ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ကွယ်လွန်သွားကြသော ဆရာဆရာမကြီးများနှင့် သူငယ်ချင်း ဆရာဝန်များကို ရည်စူး၍ တစ်မိနစ်ငြိမ်သက် ဆုတောင်းမေတ္တာ ပို့ကြသည်။ 

 

ထို့နောက် ကျောင်းသားဟောင်း ဒေါက်တာ ယာကြီးနှင့် ဒေါက်တာ စိုးဝင်းတို့က အာစရိယပူဇော်ပွဲ အထိမ်းအမှတ် ကဗျာများ ရွတ်ဆိုဂုဏ်ပြုကြပြီး ကန်တော့ခံ ဆရာ/ ဆရာမကြီးများကို ကန်တော့ငွေနှင့် ဂါရဝပြုလက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။

 

ကန်တော့ခံ ဆရာ/ ဆရာမကြီးများကိုယ်စား ပါမောက္ခ ဒေါက်တာ ကိုလေးနှင့် ဒေါက်တာ ခင်သန်းကြည်တို့က ဆုပေးစကား ပြောကြားပြီး ကျောင်းသားဟောင်း ဒေါက်တာ အောင်ထွေး၊ ဒေါက်တာ ခင်မာလာဝင်းနှင့် ဒေါက်တာ စိုးလွင်တို့က ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆက်လက်၍ဆေးပညာရပ်များ သင်ကြားပေးခဲ့သည့် အမိဆေးတက္ကသိုလ်ကို ကျေးဇူးဆပ်သောအားဖြင့် ငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်လွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ     ကျေးဇူးတင်စကား ပြောကြားသည်။ 

 

(၁၉)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် မိတ်ဆုံပွဲကို ညနေ ၆ နာရီတွင် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) မြနန္ဒာခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)