ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ ယခင်ကထက် ပိုမိုတိုးမြှင့်ထုတ်လုပ်

ရန်ကုန်  ၂၉  မတ်

 

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင်ကထက် ပိုမိုတိုးမြှင့် ထုတ်လုပ်လျက် ရှိကြောင်း အဆိုပါ ဆေးဝါးစက်ရုံ(အင်းစိန်) က သိရသည်။

 

2000

 

“ အခုက ပုံမှန်ထက်ကို ၂ ဆလောက် ပိုထုတ်နေပါတယ်။ အင်းစိန် BPI ဆေးဝါးစက်ရုံရှေ့မှာရှိတဲ့ ဆေးအရောင်း ဆိုင်ကနေ အရက်ပြန်ဆို လိုသလောက် ရောင်းပေးနေပါတယ်။ လက်သန့်ဆေးကတော့ တစ်ဦးတစ်ယောက်တည်းက အများကြီးဝယ်နေတာရှိတော့ လူတစ်ဦးကို တစ်ဘူးနှုန်းနဲ့ ရောင်းပေးနေပါတယ်။ စက်ရုံရောင်းဈေးအတိုင်း ရောင်းချ ပေးနေပါတယ်။ ဈေးတက်ရောင်းတာ မရှိပါဘူး။ အရက်ပြန်ကတော့ တော်တော်လေး ရောင်းပေးရပါတယ်” ဟု ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ စက်ရုံမှူး ဒေါက်တာ ခင်ပြုံးလွင် က ပြောသည်။ 

 

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ထုတ်လုပ်လျက်ရှိသော အရက်ပြန်နှင့် လက်သန့်ဆေးရည်များသည် သတ်မှတ်ထား သည့် စံချိန်စံညွန်း GMP guide line အတိုင်း ထုတ်လုပ်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) BPI က သိရသည်။

 

3000

 

စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင် က “ BPI ဆေးဝါးစက်ရုံအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမှာစာ အတိုင်း ဆေးဝါးတွေကို ထုတ်လုပ်ပေးနေပါတယ်။ ပဋိဇီ၀ဆေးတွေကိုလည်း တောက်လျောက် ထုတ်ပေးနေပါတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်လာတဲ့အချိန်မှာ ကျွန်မတို့ BPI ဆေးဝါးစက်ရုံ ဝန်ထမ်းတွေအနေနဲ့ နေ့၊ ည အဆိုင်းတွေ တိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိလည်း မူလထုတ်လုပ်မှုထက်ပိုပြီး ဆေးဝါးတွေကို ထုတ်လုပ်လျက်ရှိပါတယ်။ ဆေးဝါးလိုအပ်ချက်ကိုလည်း တက်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။ 

 

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုး အစား (၁၈၀)ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို 50mL ၊ 500mL ၊ 4 Liters ဘူးများဖြင့် ဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန် ဆေးဘူးများကို 100mL ၊ 500mL ဘူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 

 

COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်သည့် အရက်ပြန်နှင့် လက်သန့်ဆေးရည်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများခဲ့ကြောင်း ဈေးကွက်အတွင်းက သိရသည်။ 

 

သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-နေလင်း