ဆီးချိုအနာများ အကျက်မြန်စေရန်

၁၆  ဇန်နဝါရီ

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ သွေးကြောများကို ထိခိုက်လာနိုင်ပါတယ်။ အာရုံကြောများ ခံစားသိရှိမှုအားနည်းသွားလို့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ (အထူးသဖြင့် ခြေထောက်) ထိခိုက်ဒဏ်ရာရပြီး အနာများ ဖြစ်လာနိုင်ပါတယ်။ အိပ်ရာပေါ် ကာလကြာရှည် လဲလျောင်းနေရသူများဟာလည်း အိပ်ရာပူနာများ ဖြစ်လာနိုင်ပါတယ်။

 

အကယ်၍ ဆီးချိုရောဂါရှိသူများမှာ အနာဖြစ်ခဲ့ရင် သေချာစွာ ဂရုစိုက်ကုသဖို့ လိုအပ်ပါတယ်။ ဂရုမစိုက်ဘဲထားရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးသော အခြေအနေကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ ဥပမာ ခြေချောင်းလေးများမှာ အနာဖြစ်ပြီး ကောင်းကောင်းမကျက်တာကြောင့် ဖြတ်ပစ်ရခြင်းမျိုး ဖြစ်ပါတယ်။

 

အနာကျက်မြန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

ဆီးချိုရှိသူများမှာ အနာဖြစ်လာပြီဆိုရင် အနာဟာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မပေါ့ဆဘဲ ဂရုစိုက် ကုသရပါတယ်။ မိမိဖာသာ လုပ်ဆောင်နိုင်တဲ့အပိုင်းတွေ ရှိသလို ဆရာဝန်ဖက်က ကုသမှုအပိုင်းတွေလည်း ရှိပါတယ်။ အောက်ပါလုပ်ဆောင်ချက်များ ပါဝင်ပါတယ်။

 

မိမိကိုယ်တိုင် ပုံမှန်ကြည့်ရှုစစ်ဆေးခြင်း

ဆီးချိုဝေဒနာရှင်များအနေနဲ့ မိမိကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ၊ အနာ ရှိ၊ မရှိ ပုံမှန်စစ်ဆေး နေသင့်ပါတယ်။ အနာဖြစ်ကြောင်း စောစီးစွာသိရှိပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူမှသာ ရောဂါပိုးဝင်ခြင်းနဲ့ တခြားနောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် မိမိရဲ့ခြေထောက်များကို နေ့စဉ် စစ်ဆေးနေရပါမယ်။ ခြေဖဝါးရော ခြေချောင်းလေးများကြားထဲမှာ အသေးစိတ် စစ်ဆေးရပါမယ်။

 

မျက်ခြေမပြတ်လေ့လာပါ

ဆီးချိုသွေးချိုရှိသူတိုင်း ကျန်းကျန်းမာမာဘယ်လိုနေရမလဲဆိုတာ ပုံမှန်လေ့လာလိုပါသလား

 

မကောင်းသည့်တစ်ရှူးစများ ဖယ်ရှားခြင်း

ဆီးချိုအနာများဖြစ်လာရင် သားများဟာ ပုပ်ဆွေးလာပြီး ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ ရောဂါပိုးများ ပျံ့နှံ့လာနိုင်ပြီး အနာပျောက်ကင်းနိုင်ခြေလည်း လျော့နည်းသွားပါတယ်။ ဒါကြောင့် အနာဝန်းကျင်က မကောင်းတော့တဲ့ တစ်သျှူးစတွေကို ရှင်းလင်းဖယ်ရှားပေးဖို့ လိုပါတယ်။ အပေါ်ယံအရိအရွဲအနည်းငယ်ကိုတော့ ဆေးထည့်ချိန်မှာ ဆေးရည်၊ ဂွမ်း စတာတွေနဲ့ ဖယ်ရှားနိုင်သလို မကောင်းတဲ့ အသားစများကိုတော့ ဆရာဝန်က ဖယ်ရှားပေးပါလိမ့်မယ်။

 

ပုံမှန် ဆေးထည့်ခြင်း

နေ့စဉ် ပုံမှန်ဆေးထည့်ခြင်းအားဖြင့် ဘက်တီးရီးယားများ အနာထဲကို ဝင်ရောက်ပေါက်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ ဘယ်လို ဆေးအမျိုးအစားတွေ သုံးရမလဲ၊ ဘာပစ္စည်းတွေ လိုအပ်သလဲဆိုတာ ဆရာဝန်က ညွှန်ပေးပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မပျက်မကွက် ဆေးထည့်ပေးဖို့ လိုပါတယ်။

 

အနာပေါ် ဖိအားမဖြစ်စေခြင်း

အနာရှိတဲ့နေရာကို ဖိအားမသက်ရောက်ဖို့၊ အကယ်၍ ခြေထောက်မှာဆိုရင် အားနဲ့ဖိထောက်ခြင်းမပြုဖို့ သတိပြုရပါမယ်။ အနာရှိရာနေရာကို ဖိအားသက်ရောက်ရင် အနာဝက အရေပြားကို ထိခိုက်စေပြီး အနာပိုကြီးခြင်း၊ ပိုနက်ခြင်းများ ဖြစ်သွားနိုင်ပါတယ်။

 

ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့၊ အနာကျက်မြန်စေဖို့အတွက် စားသောက်ပုံကို ဂရုစိုက်ရပါမယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်မယ့် အစားအစာတွေကို ရွေးချယ်စားသုံးသလို တဖက်မှာလည်း အနာကျက်မြန်အောင်၊ အသားတက်အောင် ပရိုတိန်းဓာတ်နဲ့ ဗီတာမင်သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးရပါမယ်။

 

တက်ကြွလှုပ်ရှားခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာ အင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်စေပါတယ်။ သွေးတွင်းသကြား ဓာတ်ကို ထိန်းချုပ်နိုင်စေပြီး အနာကိုလည်း အကျက်မြန်စေပါတယ်။

 

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ ကိုယ်ခန္ဓာရှိဆဲလ်များ အောက်ဆီဂျင်ရရှိနိုင်မှုကို လျော့ကျစေပါတယ်။ ကိုယ်ခံအားကိုလည်း လျော့ပါးစေပြီး သွေးကြောနဲ့ဆိုင်တဲ့ ပြဿနာတွေ ပိုမိုဖြစ်ပွားစေပါတယ်။ အနာကျက်နှေးစေပါတယ်။

 

ဆီးချိုထိန်းခြင်း

ဆီးချိုအနာတွေကို ကုသနိုင်ဖို့ အချုပ်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ပါပဲ။ ဆရာဝန်ညွှန်တဲ့ ဆေးဝါးတွေကို တိကျစွာ သောက်သုံးရပါမယ်။ အစားအသောက်ကို သတိပြုစားသောက်ပြီး ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပေးရင် ဆီးချိုကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းတာပြီး ဆရာဝန်ချိန်းဆိုတဲ့အခါတိုင်း မပျက်မကွက် ပြသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်