ဆီထွက်မြေပဲစိုက်ပျိုးခင်းများ ဧရာဝတီမြစ်ရေတိုး ရေနစ်ခံရ၍ ပျက်စီး

ကသာ ၂၂ စက်တင်ဘာ

ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအနီး ဂွေ့ကြီးကျွန်းတွင် ဆောင်းသီးနှံဆီထွက်မြေပဲများကို မြေနုကျွန်းပေါ်တွင် စိုက်ပျိုးထားရှိရာ အခင်းများ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရုတ်တရက် ဧရာဝတီမြစ်ရေတိုး ရေနစ်ခြင်းခံရ၍ မြေပဲခင်းများ ပျက်စီးဆုံးရှုံးခြင်း ကြုံတွေ့ခံခဲ့ရကြောင်း စက်တင်ဘာ ၂၂ ရက်တွင် မြေပဲစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

“ကသာမြို့နယ်အနီး ဧရာဝတီမြစ်အတွင်း မြေနုကျွန်းပေါ်မှာ နုန်းတောမြေများ၌ နှစ်ဆစ်မြေပဲစိုက်ပျိုးသူအချို့ ရုတ်တရက်မြစ်ရေတိုး၍ ရေနစ်ခြင်းကြောင့် ပဲဆံ ၂ တင်းချ၊ ပဲဆံ ၄ ပြည်ချစိုက်ခင်းများ ရေနစ်ပျက်စီးဆုံးရှုံးခြင်း ကြုံကြရတယ်။ ယခုလမျိုးမှာ နှစ်စဉ်ရေနစ်ခြင်း သိပ်မရှိဘူး၊ ရှိတော့ရှိတယ် နည်းပါတယ်၊ ရေကျရင် ကမ်းပြိုပျက်စီးတာလဲ နှစ်စဉ်ရှိတယ်၊ ယခုရေကျပြန်ရင် ကမ်းပြိုပျက်စီးတာတွေ ကြုံကြရဦးမယ်”ဟု ဂွေ့ကြီးကျွန်းတွင် ဆီထွက် နှစ်ဆစ်မြေပဲစိုက်ပျိုးတောင်သူ ဦးစိုးမင်း က ပြောသည်။

ကသာမြို့နယ်တွင် မြေပဲစိုက်ပျိုးသူအများစုသည် နှစ်ဆစ်ပဲကို အများဆုံးစိုက်ပျိုးကြပြီး သုံးဆစ်မြေပဲတောင်းကိုလည်း သီးထပ်သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးကြသည်။ ပဲမျိုးဆံ တစ်တင်းလျှင် ၅၅၀၀၀ ကျပ် ပေးဝယ်ရပြီး စိုက်ပျိုးကြကာ ရေနစ်ပျက်စီးသွားသည့် နေရာကို ရေခြောက်သွားအောင် ရက်အနည်းငယ်စောင့်၍ ထွန်းရေးပေး ပြန်စိုက်နိုင်အောင် ပြန်လုပ်ကြသည်။  “ရက်ပေါင်း (၉၀) မြေပဲကို နှစ်ခါပြန်စိုက်ရတဲ့အတွက် အချိန်ကုန်တယ်၊ အခြားသီးထပ်သီးညှပ် စိုက်ပျိုးရမယ့်အချိန် ရက်နောက်ကျခြင်းကြောင့် အခြားသူတွေ ရောင်းတဲ့အချိန်မှာ ကိုယ့်အခင်းက အသီးမလိုက်သေးဘူး၊ နောက်ကျတော့ အခြားမြို့ကသီးတွေဝင်တော့ စျေးပြိုင်ရောင်းရတာ တွက်ခြေမကိုက်လှဘူး”ဟု မြေပဲစိုက်တောင်သူ ဦးသန်းမှ ပြောပြသည်။

ကသာမြို့အနီးရှိ ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲတွင် ၉၁၆ စင်တီမီတာရှိပြီး စက်တင်ဘာ ၂၂ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းထွာချက်အရ ၈၉၀ စင်တီမီတာအထိ မြစ်ရေပြန်လည်ကျဆင်းနေကြောင်း မိုး/ဇလ ဦးစီးဌာနမှ သိရသည်။

ငွေအိုး(ကသာ)