၂၈ သြဂုတ်
ကျန်းမာရေးဗဟုသုတကို လွန်စွာစိတ်ဝင်စားသော သားသမီးသုံးယောက်ဖခင် ကိုသိန်းဦးက ကျွန်တော့်အိမ်သို့ ရောက်လာသည်။ ကျွန်တော့်ရေးလက်စ ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး မေးခွန်းတွေ တသီတတန်းမေးတော့သည်။
မေး ။ ။ ဆရာ့ခေါင်းစဉ်က ဘာလဲဗျ။ ဘာတွေကို မေးခွန်းထုတ်နေတာလဲ။
ဖြေ ။ ။ ဒီနှစ်မှာဖြစ်နေတဲ့ တုပ်ကွေး သုံးမျိုးကို ပြောတာပါဗျ။ ဆင်တုပ်ကွေး၊ ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး၊ နောက် ရာသီတုပ်ကွေးတွေကိုပေါ့။
မေး ။ ။ တော်တော်အဖြစ်များသလား ဆရာ။
ဖြေ ။ ။ တော်တော်အဖြစ်များပါတယ်။ တစ်ခုပြီးတစ်ခုဖြစ်နေတော့ ကလေးတွေလည်း မကြာခဏဖျားတာပေါ့ဗျာ။ ဆက်တိုက်လိုလို တစ်ခုပြီးတစ်ခုဖြစ်ရင် အဖျားကြာတယ်လို့တောင် ယူဆသွားတတ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြင်ပလူနာရော၊ အတွင်းလူနာမှာရော ရုံလျှံသွားတဲ့အထိ ဖြစ်တာပါ။
မေး ။ ။ အဲဒီရောဂါတွေက တစ်ခုနဲ့တစ်ခု မတူပါဘူး။ တစ်ခုဖြစ်ပြီးရင်လည်း နောက်တစ်ခု ဖြစ်တာပဲလား။
ဖြေ ။ ။ တူတဲ့အချက်တွေရှိသလို မတူတဲ့အချက်တွေလည်းရှိပါတယ်။ အားလုံးက ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာဆိုတော့ ပဋိဇီဝဆေးတွေက အသုံးမဝင်ဘူး။ ကိုယ်ခံအားက ရောဂါကို မနိုင်မချင်းတော့ တော်တော်လေး ဖျားနာကိုက်ခဲတာရှိတယ်။ ခံရတာပေါ့ဗျာ။ သို့သော် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ အများကြီး သက်သာသွားနိုင်ပါတယ်။ ရောဂါလက္ခဏာနဲ့ အန္တရာယ်ရှိမှုတွေမှာ တော့ ကွာခြားမှုရှိနိုင်ပါတယ်။
မေး ။ ။ ဘယ်တုပ်ကွေးက အန္တရာယ်အရှိဆုံးလဲဗျ။
ဖြေ။ ။ ခြင်ကျားကိုက်လို့ဖြစ်တာကြောင့် ခြင်တုပ်ကွေးလို့ နာမည်ပေးထားတဲ့ သွေးလွန်တုပ်ကွေးကတော့ အဆိုးဆုံးပါ။ တချို့ကလေးနဲ့ လူကြီးတွေမှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်တဲ့ သွေးလန့်ခြင်းဖြစ်နိုင်တယ်။ သွေးလန့်တာကို ကုသဖို့ ကြာသွားတဲ့လူနာတွေ ကိုယ်တွင်းအင်္ဂါတွေမှာ သွေးလွန်မှုဖြစ်နိုင်တယ်။ ဒါဆိုရင် အသကအန္တ္တရာယ်ရှိတာပေါ့။ ရာသီတုပ်ကွေးလို့ခေါ်တဲ့ H1N1 အပါအဝင် တုပ်ကွေးဗိုင်းရပ်ပိုးတွေကြောင့် ဖြစ်တဲ့ရာသီတုပ်ကွေးမှာတော့ အန္တရာယ်ရှိတဲ့အုပ်စုဖြစ်တဲ့ ငယ်လွန်းတဲ့ကလေး၊ ကြီးလွန်းတဲ့လူကြီး၊ ရောဂါအခံရှိတဲ့ ကလေး၊ လူကြီးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပြင်းထန်တဲ့ အဆုတ်အအေးမိ ဖြစ်နိုင်တယ်။ ဒါကြောင့် အသက်ဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ဆင်တုပ်ကွေးမှာတော့ အသကအန္တ္တရာယ်မရှိပါဘူး။
မေး ။ ။ ကဲဒါဖြင့် ဆရာ ဘယ်တုပ်ကွေးက စပြောချင်သလဲ။ ခေါင်းစဉ်တပ်ထားတဲ့ အတိုင်းဆိုရင်တော့ ‘’ဆင်” က စရမှာပေါ့နော်။
ဖြေ ။ ။ ဟုတ်တယ်ဗျ။ “ဆင်တုပ်ကွေး” ကပဲစလိုက်မယ်။ ဘာလို့လဲဆိုတော့ အခုလောလောဆယ်တော့ အဖြစ်များဗိုလ်စွဲနေလို့ပေါ့ဗျာ။ ကလေးရောလူကြီးပါ တွေ့ရပါတယ်။ ဆင်တုပ်ကွေးကို ဆေးပညာအခေါ်အရတော့ Chickungunyaလို့ခေါ်တယ်။ ဒါက အင်္ဂလိပ်စကား မဟုတ်ဘူး။ အာဖရိက စကားပါ။ ဆင်တုပ်ကွေးဖြစ်တဲ့လူတွေမှာ အဆစ်အမျက်တွေ ရောင်ရမ်းနာကျင်လွန်းလို့၊ ကွေးကောက်နေလို့ “ကွေးနေသောလူ” လို့ ခေါ်တာပါ။
မေး ။ ။ ဘယ်လို လက္ခဏာတွေရှိသလဲဗျ။
ဖြေ။ ။ အဓိကကတော့ ဖျားတယ်ဗျ။ အဖျားကြီးတယ်။ တစ်ခါတစ်ရံ ချမ်းတုန် တက်တတ်တယ်။ အဖျားက ပထမ နှစ်ရက်၊ သုံးရက်လောက်မှာ တော်တော်ကြီးပြီး မကျဘူးဖြစ်တတ်တယ်။ နောက်တစ်ခု ထူးခြားတဲ့လက္ခဏာကတော့ အဆစ်အမျက်တွေနာကျင်ကိုက်ခဲတာပဲ။ တချို့ဆို လမ်းလျှောက်လို့ မရဘူး။ ကလေးငယ်တွေမှာ ခြေလက်တွေကို ကိုင်လိုက်၊ ရွှေ့လိုက်တာနဲ့ ငိုတာပဲ။ တချို့ လူကြီးတွေမှာတော့ အဆစ်တွေရောင်ရမ်းပြီး ကြီးလာတာကို တွေ့ရတတ်တယ်။ တစ်ခါတလေ အဆစ်ရောင်တာ၊ နာတာက သုံးလေးပတ်လောက်တောင် ဖြစ်နိုင်တယ်။ ကလေးတွေမှာတော့ အဲ့လောက်ကြာအောင် မဖြစ်တတ်ဘူး။ နောက်ထူးခြား တဲ့လက္ခဏာတစ်ခုကတော့ ခန္ဓာကိုယ်မှာ အနီပိမ့်တွေ ထွက်တတ်တယ်။ အဲဒါတွေက စဖျားပြီး တစ်ရက် နှစ်ရက်အတွင်းမှာကို တွေ့ရတယ်။ တစ်ခါတလေကျတော့ နည်းနည်းနှာစေးတာရှိတတ်တယ်။ ချောင်းဆိုး၊ နှာစေးများများတော့ မရှိဘူး။ ဒါက ရာသီတုပ်ကွေးနဲ့ ကွာတာပါ။
မေး ။ ။ သွေးလွန်တုပ်ကွေးနဲ့ရော မှားနိုင်သလား။
ဖြေ ။ ။ မှားနိုင်တယ်။ သွေးလွန်တုပ်ကွေးမှာလည်း အဖျားကြီးပြီး ကိုယ်လက်တွေ ကိုက်ခဲနိုင်တယ်။ သွေးလွန်တုပ်ကွေးမှာ လုပ်တဲ့သွေးပေါင်ချိန်ကိရိယာနဲ့ စမ်းသပ်မှု (Hess Test)ကလည်း နှစ်ခုစလုံးမှာ လက္ခဏာပြနိုင်တယ်။ ဒါပေမယ့် အဆစ်အမျက်တွေကိုက်ခဲတာနဲ့ ပထမတစ်ရက်၊ နှစ်ရက်အတွင်း အနီပိမ့်တွေ ထွက်တာက ဆင်တုပ်ကွေးက ပိုဖြစ်တယ်။ သွေးစစ်ကြည့်ရင်လည်း ဆင်တုပ်ကွေးမှာ သွေးလွန်တုပ်ကွေးလို သွေးဥမွှား (Platelet count) ကျတာ မတွေ့ရတတ်ဘူး။ ဆင်တုပ်ကွေးမှာ သွေးလွန်တုပ်ကွေးလို အရေပြားသွေးယိုတာ၊ ကော်ဖီနှစ်ရောင် အန်တာတွေက မတွေ့ရတတ်ဘူး။ သွေးလန့်တာနဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ သွေးယိုတာလည်း မတွေ့ ရတတ်ပါဘူး။
မေး ။ ။ ဆင်တုပ်ကွေးက ဘာကြောင့်ဖြစ်တာလဲ။
ဖြေ ။ ။ ဆင်တုပ်ကွေးက ခြင်တုပ်ကွေး (သွေးလွန်တုပ်ကွေး) လိုပဲ ခြင်ကျား (ခေါ်) ခြင်ပုန်း ကိုက်လို့ဖြစ်တာပါ။ ကိုက်တဲ့ခြင်ကလည်း တူတယ်။ ရေကြည်၊ ရေသန့်မှာ ပေါက်ပြီး နေ့လယ်ဘက်မှာ ပိုကိုက်တတ်တဲ့ ခြင်ကျားကြောင့် ဖြစ်တာ။ ဒါကြောင့် ကာကွယ်မှုကလည်း အတူတူပဲ။
မေး ။ ။ ဆင်တုပ်ကွေးကို ဘယ်လိုကုသလဲ။
ဖြေ ။ ။ အဓိကကတော့ ရောဂါလက္ခဏာတွေကို ကုသခြင်း (Symptomatic Treatment) တွေ လုပ်ရတာပါ။ ပထမ နှစ်ရက် သုံးရက် အဖျားကြီးတဲ့ အချိန်မှာ အဖျားကျဆေး ပါရာစီတမော တိုက်ပေးရပါတယ်။ ကိုယ်အလေးချိန်နဲ့တွက်ပြီး ၄ နာရီတစ်ခါ၊ ၆ နာရီတစ်ခါ ပေးလို့ရပါတယ်။ ပေးပြီး ချွေးတွေထွက်လာရင် မသုတ်ပါနဲ့။ အင်္ကျီမလဲပါနဲ့၊ ချွေးက အငွေ့ပျံသွားမှ ခန္ဓာကိုယ်က အပူချိန်ကို စုပ်ယူသွားမှာပါ။ ဒီကြားထဲမှာ အဖျားတက်လို့ရှိရင်တော့ သွေးကြောကြီးကြီးတွေရှိတဲ့ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတွေမှာ ရေပတ်ဝတ်တွေ တင်လို့ရပါတယ်။ သာမန်ဘုံဘိုင်ရေထဲမှာ အမွေးပွလက်ကိုင်ပဝါတွေကို စိမ်ပြီး ညှစ်ပစ်ပါ။ ပြီးတော့ လည်ပင်း နှစ်ဖက်၊ ချိုင်း နှစ်ဖက်၊ ပေါင်ခြံ နှစ်ဖက်မှာ တင်ပါ။ ခန္ဓာကိုယ်က အပူကို စုပ်သွားရင် အဲဒီအမွေးပွ လက်ကိုင်ပဝါတွေက ခြောက်သွားပါတယ်။ အဲဒီကျရင် ပြန်စိမ်ပြီးပြန်လုပ်ပါ။ ဒီနည်းနဲ့ အပူချိန်ကျတာကို လုပ်လို့ရပါတယ်။
မေး ။ ။ ရေချိုးတာရော မလုပ်ရဘူးလားဆရာ။
ဖြေ ။ ။ ရေချိုးပြီး ချက်ချင်းသုတ်ပစ်တော့ ခဏပဲ အပူချိန်ကျပြီး ချက်ချင်း အပူချိန် ပြန်တက်ပါတယ်။ ရေခဲရေနဲ့ ချိုးတာတော့ လုံးဝကိုမလုပ်ရပါဘူး။ ခန္ဓာကိုယ် အရေပြားမှာရှိတဲ့ သွေးကြောလေးတွေကျုံ့သွားလို့ ခန္ဓာကိုယ်က အပူ ပျံ့လွင့်ဆုံးရှုံးမှုနည်းသွားတော့ ခဏသာအေးပြီး ကိုယ်အပူချိန်ကို ပိုတက်စေပါတယ်။
မေး ။ ။ တချို့ကလည်း အခြားပိုထိရောက်တဲ့ အကိုက်အခဲပျောက်ဆေး၊ အဖျားကျ ဆေးတွေ သုံးကြပါတယ်။ အဲဒါရော သုံးသင့်ပါသလား။
ဖြေ ။ ။ အဖျားကျဆေးသုံးတဲ့နေရာမှာ ပါရာစီတမောအပြင် Ibuprofen ဆိုတဲ့ ဆေးလည်း ရှိပါတယ်။ သူကတော့ ပါရာစီတမောထက် ပိုပြီး အကိုက်အခဲ ပိုသက်သာစေပါတယ်။ ဒါပေမယ့်သူက ပါရာစီတမောလိုတော့ အန္တရာယ်မကင်းဘူး။ သွေးလွန်တုပ်ကွေးဖြစ်နေရင် အစာအိမ်က သွေးယိုတာဖြစ်နိုင်တယ်။ ဒါကြောင့် ဒီဆေးကို သုံးမယ်ဆိုရင်တော့ သွေးလွန်တုပ်ကွေးမဟုတ်ကြောင်း သိပ်ကိုသေချာမှ သုံးသင့်တယ်။ ပါရာစီတမောပဲပေးရင်လည်း တစ်ရက် နှစ်ရက်ကြာရင် အဖျားရော၊ ကိုက်ခဲတာရော သက်သာသွားပါတယ်။ ဒါကြောင့် ကျွန်တော်တော့ သိပ်မသုံးပါဘူး။ ဒီဆေးပေးမယ်ဆိုရင် အစာစားပြီးမှ ပေးရပါမယ်။ ပါရာစီတမောမှာတော့ အစာရှိဖို့ မလိုပါဘူး။
မေး ။ ။ သွေးစစ်တာနဲ့ ဆင်တုပ်ကွေးလား၊ ခြင်တုပ်ကွေးလား ခွဲလို့မရဘူးလား။
ဖြေ ။ ။ ပထမ တစ်ရက်၊ နှစ်ရက်မှာ ခွဲရခက်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးမှာ NS1Ag ဆိုတာ ပေါ်ရင်တော့ သေချာပါတယ်။ ဒါက သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူတိုင်းမှာ မပေါ်ဘဲ၊ သုံးပုံနှစ်ပုံပဲ ပေါ်တော့ပေါ်ရင် သွေးလွန်တုပ်ကွေးလို့ ပြောလို့ရပေမယ့် မပေါ်ရင်ပြောလို့မရပါဘူး။ ဆင်တုပ်ကွေးရဲ့ ပဋိပစ္စည်းကို စစ်တာကလည်း ဒုတိယပတ်မှာမှ စပြီးပေါ်မှာဆိုတော့ အစပိုင်းမှာ အသုံးမဝင်ပါဘူး။ အဓိကတော့ ရောဂါလက္ခဏာတွေနဲ့ ခွဲရတာပါ။
မေး ။ ။ ခြင်တုပ်ကွေး (သွေးလွန်တုပ်ကွေး) ကရော ဒီနှစ်အဖြစ်များသလား။
ဖြေ ။ ။ ဒီနှစ်ကတော့ အဖြစ်များတဲ့နှစ်လို့ မဆိုနိုင်ပါဘူး။ သို့သော် ကျွန်တော်တို့ ဆေးရုံဆေးခန်းတွေမှာတော့ အမြဲလိုလို တွေ့နေရပါတယ်။ သွေးလန့်တဲ့ ကလေးတွေလည်း တွေ့ရတာပါပဲ။ ဒီရန်သူဟောင်းကတော့ အမြဲသတိထားနေရမှာပါ။ အဖျားကြီးတဲ့လူနာ၊ မှိန်းတဲ့လူနာ၊ အစားအသောက်အရည်မဝင်တဲ့ လူတိုင်းမှာ သွေး လွန်တုပ်ကွေးဖြစ်နိုင်တာကြောင့် သတိထားကြည့်နေရမှာပါ။ သူက အသက်အန္တရာယ် ပေးနိုင်တဲ့ရောဂါပါ။
မေး ။ ။ ခြင်တုပ်ကွေး (သွေးလွန်တုပ်ကွေး)တင် တော်တော်ကြောက်နေရတာဗျာ။ အခု ဆင်တုပ်ကွေးက လာပြန်ပြီ။ ဒီခေတ်မှ ရောဂါတွေကလည်း အသစ်တွေ ပေါ်နေပါလားဗျ။
ဖြေ ။ ။ တကယ်တော့ ရောဂါအသစ်မဟုတ်ဘူးဗျ။ ဒီရောဂါက ကမ္ဘာတစ်ဝန်းမှာ ကြိုးကြားကြိုးကြားဖြစ်နေပြီး ဆင်တုပ်ကွေးဆိုတဲ့ အမည်ပေါ်ခဲ့တာက ၁၉၅၀ ပတ်ဝန်းကျင်လောက်ကတည်းက။ (၁၇) ရာစုတွင်းမှာ မြှုပ်နှံခဲ့တဲ့ မံမီရုပ်အလောင်းတွေရဲ့ ဒီအင်န်အေမှာလည်း ဒီပိုးတွေတွေ့ရတယ်ဆိုတော့ ဖြစ်နေတာကြာပါပြီ။
မေး ။ ။ ဆင်တုပ်ကွေးရဲ့ ကောင်းတာလေးတွေ ပြောပါဦး။
ဖြေ ။ ။ကောင်းတာကတော့ ဆင်တုပ်ကွေးက သွေးလွန်တုပ်ကွေးလို ပိုးလေးမျိုး မရှိဘူးဗျ၊ တစ်မျိုးတည်းပဲ။ တစ်ခါဖြစ်ပြီးရင်လည်း တစ်သက်တာ ကိုယ်ခံအားရသွားတယ်။ နောက်ထပ် ထပ်မဖြစ်နိုင်တော့ဘူး။ သွေးလွန်တုပ်ကွေးကတော့ လူတစ်ယောက်မှာ လေးခါတိတိ ဖြစ်နိုင်တယ်။ ရာသီတုပ်ကွေးကတော့ နှစ်စဉ်ဗီဇ ပြောင်းနေလို့ နှစ်တိုင်းဖြစ်နိုင်တယ်။
မေး ။ ။ ရာသီတုပ်ကွေးဘက် လှည့်ကြဦးစို့ ဆရာ။ ဒီနှစ်မှာ တော်တော်ဖြစ်ပြီး အသေအပျောက်လည်း များတယ်ဆိုပဲ။
ဖြေ ။ ။ ရာသီတုပ်ကွေးကတော့ နှစ်တိုင်းဖြစ်နေကျပါဗျာ။ တုပ်ကွေးဗိုင်းရပ်က နှစ်စဉ်လူကြီးတွေရဲ့ ၅-၁၀ ရာခိုင်နှုန်းနဲ့ ကလေးတွေရဲ့ ၂၀-၃၀ ရာခိုင်နှုန်း ကို ဝင်ရောက်နေကျပါ။ ဗီဇပြောင်းလဲမှု အကြီးအကျယ်ဖြစ်တဲ့ နှစ်တွေမှာတော့ ပိုအန္တရာယ်ကြီးပါတယ်။ ၂၀ဝ၉ ခုနှစ်က ဖြစ်ခဲ့ပါတယ်။
မေး ။ ။ အပေါ်က တုပ်ကွေးတွေနဲ့ရော ဘာကွာသလဲ။
ဖြေ ။ ။ ရာသီတုပ်ကွေးမှာလည်း အဖျားကြီးတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ကတော့ အတူတူပါပဲ။ ဒါပေမယ့် နှာစေးတာ၊ နှာရည်ယိုတာ၊ ချောင်းဆိုး တာတွေကတော့ ရာသီတုပ်ကွေးက အများကြီးပိုတယ်။ ဆင်တုပ်ကွေးနဲ့ ခြင်တုပ်ကွေးမှာ တွေ့ရတာနည်းတယ်။ ဒါနဲ့ အဓိက ခွဲခြားရတာပါပဲ။
မေး ။ ။ သူကရော အန္တရာယ်ရှိသလား။ သတင်းစာထဲမှာရော ရာသီတုပ်ကွေး H1N1 အကြောင်း နေ့တိုင်းဖတ်နေရတာပဲ။
ဖြေ ။ ။ ရာသီတုပ်ကွေးရဲ့ အဓိကအန္တရာယ်ကတော့ နောက်ဆက်တွဲ ဗက်တီးရီး ယားပိုးတွေဝင်ပြီး အဆုတ်အအေးမိ ဖြစ်တာပါပဲ။ အဲဒီလိုဖြစ်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ သာမန်ဗီဇပြောင်းလဲမှုလောက်ပဲဖြစ်တဲ့နှစ်တွေမှာတော့ လူတိုင်းမှာ အသက်အန္တရာယ်မရှိပါဘူး။ ပဋိဇီဝဆေးတွေနဲ့ ထိထိရောက် ရောက်ကုသနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့အုပ်စုတွေကတော့ ငယ်လွန်းတဲ့ကလေး၊ ကြီးလွန်းတဲ့လူကြီး (၆၅ နှစ်အထက်)၊ ရောဂါအခံရှိတဲ့သူ (ဥပမာ- ကလေးဆိုရင် မွေးရာပါနှလုံးရောဂါ၊ အာဟာရချို့တဲ့တာ၊ ပန်းနာရင်ကျပ်ရှိတာ၊ လူကြီးဆိုရင် ဆီးချို သွေးချို၊ နှလုံးရောဂါရှိတာ)နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ဖြစ်ပါတယ်။ သူတို့မှာ နောက်ဆက်တွဲ အဆုတ်အအေးမိရင် ထိရောက်တဲ့ပဋိဇီဝဆေးတွေနဲ့ မှန်မှန်ကန်ကန် ကုသရမှာပါ။ အောက်ဆီဂျင်တို့၊ အသက်ရှူအားကူခြင်းတို့ စတာတွေလည်း လိုအပ်သလို လုပ်ရပါတယ်။ ကြီးမားတဲ့ ဗီဇပြောင်းလဲမှု (Antigenic Shift)ဖြစ်တဲ့ နှစ်တွေမှာတော့ နဂိုက ကျန်းမာတဲ့လူငယ်လူရွယ်တွေတောင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါက ၂၀ဝ၉ ခုနှစ်မှာ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဲဒီလို ဖြစ်တာ မရှိပါဘူး။
မေး ။ ။ သူ့ကျတော့ ဘယ်လိုကာကွယ်ရမလဲ။
ဖြေ ။ ။ သူကတော့ ခြင်ကကူးတာမဟုတ်ဘူးဗျ။ ရောဂါဖြစ်တဲ့လူက နှာချေ၊ ချောင်းဆိုးတာနဲ့ ဗိုင်းရပ်ပိုးက လေထဲကို ပျံ့လွင့်သွားပြီး နောက်တစ်ယောက်ကို ကူးတာပါ။ ဒါကြောင့် လက်ဆေးတာ၊ နှာခေါင်းစည်းသုံးတာ၊ လူစုလူဝေးများတဲ့နေရာတွေ၊ ရှောင်ကြဉ်တာတွေက အသုံးဝင်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ခါထိုးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် အ္တရာယ်ရှိတဲ့အုပ်စုတွေနဲ့ ရောဂါပိုးနဲ့ ထိတွေ့နိုင်တဲ့ ကျန်းမာရေးဝန်ထမ်း တွေက နှစ်တိုင်းထိုးထားသင့်ပါတယ်။
မေး ။ ။ ကြောက်ပါပြီဆရာရယ်။ ဆရာရဲ့ဆင်တွေ၊ ခြင်တွေ၊ ရာသီတွေကို။
ဖြေ ။ ။ သိပ်လည်း မကြောက်ပါနဲ့ဗျာ။ ဒါတွေက ကုသကာကွယ်လို့ရတဲ့ ရောဂါတွေပါ။ အသစ်အဆန်း အခုမှဖြစ်တာတွေလည်း မဟုတ်ပါဘူး။ အရင်ကတည်းက ရှိနေတာပါ။ ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ကျန်းမာရေးအလေ့ အကျင့်တွေကို လုပ်ကြရမယ်။ အာဟာရပြည့်ဝအောင်စားတာ၊ အနားယူတာ၊ ကောင်းကောင်း အိပ်စက်တာတို့ပေါ့။ ဖြစ်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ဆရာမတွေကို ပြသင့်တယ်။ ဟိုလူပြော၊ ဒီလူပြော ဆေးမြီးတိုတွေ၊ စပ်ဆေးတွေနဲ့ မကုသသင့်ဘူး။ ကုန်ကျစရိတ် မတတ်နိုင်လည်း အစိုးရဆေးရုံ၊ ဆေးခန်းတွေ၊ စေတနာဆေးခန်းတွေမှာ ပြသလို့ရပါတယ်။ ဆင်တုပ်ကွေးနဲ့ ခြင်တုပ်ကွေး တွေမှာတော့ ပိုးလောက်လမ်းနဲ့ ခြင်နှိမ်နင်းရေး “ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်” တွေကို ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ်တိုင်ကိုယ်ကျလုပ်ကြ ရမယ်။ ရာသီတုပ်ကွေးအတွက်ကတော့ လက်ဆေးရမယ်၊ နှာခေါင်းစည်းသုံးရမယ်၊ လူစုလူဝေးတတ်နိုင်သလောက် ရှောင်ရမယ်။ တစ်နှစ်တစ်ခါ ကာကွယ်ဆေး ထိုးထားသင့်တယ်။ ဒါတွေကိုလိုက်နာ ကျင့်သုံးခြင်းဖြင့် ဆင်တုပ်ကွေး၊ ခြင်တုပ်ကွေး၊ ရာသီတုပ်ကွေးတွေရဲ့ အန္တရာယ်ကို နည်းနိုင်သမျှ နည်းအောင်လုပ်နိုင်ပါတယ်ဗျာ။ ။
ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)