ဆင်တပ်မြင်းတပ်နှင့် ဂဝံလက်ရာများ

မောင်သာ(ရှေးဟောင်းသုတေသန)

ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့သည့် မွန်ပြည်နယ်အတွင်း၌ ဂဝံ စေတီပုထိုးများ၊ ဆင်းတုရုပ်တုများ၊ မြို့ရိုးတံတိုင်းများ စသည်ဖြင့် ဂဝံလက်ရာများ အများအပြားရှိသည့်အနက် ဆင်တပ် မြင်းတပ်ဟု ထင်ရှားသည့် ဂဝံတံတိုင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။


ဆင်တပ်မြင်းတပ်သည် ဘီးလင်းမြို့နယ် ဇုတ်သုတ် ကျေးရွာ ကျိုက်ထီးဆောင်းစေတီတော်၏ အနောက် တောင်ဘက် နှစ်ဖာလုံအကွာ မြေပုံအညွှန်း မြောက် လတ္တီတွဒ် ၁၇ ဒီဂရီ ၉ မိနစ် ၂၈ စက္ကန့်နှင့် အရှေ့လောင် ဂျီတွဒ် ၉၇ ဒီဂရီ ၉ မိနစ် ၅၄ စက္ကန့်တွင် တည်ရှိသည်။

 


ဂဝံ ယဉ်ကျေးမှု


ဂဝံယဉ်ကျေးမှုကို ဂဝံကျောက်ဖြင့် ပြုလုပ်ထား သည့် ဗိသုကာလက်ရာများ၊ ရုပ်တုရုပ်ကြွ အနုပညာ လက်ရာများ၊ စေတီပုထိုးများဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခ တာဝန်ထမ်းဆောင်ခဲ့သူ လုစ် (G.H Luce) က မွန် ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာရှိ ကျိုက်ထီး ဆောင်းစေတီနှင့် ဆင်တပ်မြင်းတပ် တံတိုင်းတို့ကို ဥပမာ ပြုလျက် ဂဝံယဉ်ကျေးမှု (Latrite Culture) ဟူသည့် အသုံးအနှုန်းကို စတင်သုံးစွဲခဲ့သည်ဟု မှတ်သားခဲ့ရသည်။


ဂဝံဟူသည့် ဝေါဟာရသည် မွန်စကားလုံး တွံဝါန်မှ ဆင်းသက်လာကာ မြန်မာအဘိဓာန်က ဂဝံကို မြေစေး နှင့် သံချေးရောသောကျောက်ဟု အဓိပ္ပာယ်ဖွင့်ဆိုထား သည်။ သံနှင့် အလူမီနီယမ်ဓာတ် ကြွယ်ဝသော မြေစေး ဖြစ်သည့် ဂဝံကို ပူအိုက်စွတ်စိုသော သမပိုင်းဒေသများ တွင် တွေ့ရှိနိုင်သည်။ မြေမျက်နှာပြင်အောက်တွင်ရှိနေသည့် ဂဝံမြေစေးများသည် မြေကြီးထဲမှတူးထုတ်ပြီး လေနှင့်ထိတွေ့ပါက မာကျောသော ဂဝံကျောက်အဖြစ် ပြောင်းလဲသွားကြသည်။ ထို့ကြောင့် ဂဝံကို မြေကြီးမှ ထုတ်ယူပြီးချိန်တွင် မိမိတို့အလိုရှိရာပုံကို ပုံဖော်နိုင်သည်။ ဂဝံမြေတွင်ပါရှိသော သံနှင့် အလူမီနီယမ်တို့သည် လေထု ထဲရှိ အောက်ဆီဂျင်နှင့် ပေါင်းစပ်ကာ အောက်ဆိုက်များ အဖြစ် ပြောင်းလဲသွားကြသဖြင့် ဂဝံကျောက်များကို အနီရောင် မြင်တွေ့ကြရသည်။ အုတ်ခဲ ပုံစံပြုလုပ်ထား သည့် ဂဝံတုံးများသည် မီးမဖုတ်ရဘဲ လေနှင့်ထိကာ မာကျောသွားသဖြင့် မီးမဖုတ်အုတ် (Unbutnt Brick) ဟုလည်း ခေါ်ဆိုသည်။


ဂဝံသည် ကျစ်လျစ်မာကျောသော ကျောက်အသွင် ပြောင်း မြေစေးဖြစ်သဖြင့် လမ်းခင်းရာတွင် အသုံးပြုနိုင် သကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ ထို့အတူ ဂဝံဖြင့် ရုပ်တုရုပ်ကြွများကို ထုလုပ်နိုင်သဖြင့် ဂဝံရုပ်တုများ၊ ဂဝံစေတီပုထိုးများ၊ ဂဝံထီးတော်များ၊ ဂဝံ တံတိုင်းများကို ပြုလုပ်ခဲ့ကြရာ ဂဝံထွက်ရှိရာ အရပ်ဒေသများတွင် ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့ပေသည်။ ထို့ကြောင့် ဂဝံယဉ်ကျေးမှု ရှေးဟောင်းလက်ရာများကို ဂဝံထွက်ရှိသည့် နေရာများ တွင် အများဆုံး တွေ့ရှိကြရပြီး ရှေးဟောင်း ဂဝံလက်ရာ များအပြင် ခေတ်သစ်ဒီဇိုင်းများ ပုံဖော်ထားသည့် ဂဝံ ရုပ်တု ပုံစံအမျိုးမျိုးကိုလည်း မြင်တွေ့နိုင်ကြပေသည်။


မြန်မာနိုင်ငံတွင် ဂဝံမြေများကို မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် အများဆုံး တွေ့ရှိရသည်။ ပဲခူး တိုင်းဒေသကြီး ဝေါမြို့အနီးရှိ ကြုံတူနှင့် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်နှင့် ကျောက်တန်း၊ တွံတေးမြို့နယ် တို့သည် ထင်ရှားသော ဂဝံနယ်မြေများ ဖြစ်ကြသည်။ ထို့အတူ ဘီးလင်းနှင့် ကျိုက်ထိုမြို့ အပါအဝင် မွန် ပြည်နယ်တွင်လည်း ဂဝံယဉ်ကျေးမှု အထောက်အထား များကို မြင်တွေ့နိုင်ကြပေသည်။

 


ဘီးလင်းမြို့နယ်


မွန်ပြည်နယ်ကို မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ ဖြင့် ဖွဲ့စည်းထားပြီး ဘီးလင်းမြို့နယ်သည် သထုံခရိုင်တွင် ပါဝင်၍ အရှေ့ဘက်တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ အနောက်ဘက်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ဘက်တွင် သထုံမြို့နယ်နှင့် မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိဆက်နေသည်။
ကျိုက်ထိုမြို့မှ အရှေ့တောင်ဘက် ၃၁ ကီလိုမီတာ အကွာတွင် တည်ရှိသည့် ဘီးလင်းမြို့သည် ရှေးဟောင်း မွန်တပ်မြို့ တစ်ခုဖြစ်ခဲ့ကာ မြန်မာသက္ကရာဇ် ၁၁၈၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက်တွင် မုတ္တမမြို့ဝန် မင်းကြီး ဥဇနာနှင့် နောက်လိုက်နောက်ပါများသည် ဘီးလင်းမြို့ ဝင်ကလွတ်ရပ်ကွက်၌ တပ်စွဲခဲ့သည်။


ဘီးလင်းဟူသည့်အမည်သည် မွန်ဝေါဟာရ ပီလို (ပီလမ်း) မှ ဆင်းသက်ခဲ့ကာ မြစ်ပျက်သောမြို့ဟု အဓိပ္ပာယ် ရှိသည်။ ထို့ကြောင့် မြစ်ကျိုးပြီးကျန်ခဲ့သည့် ဘီးလင်းကျိုး ဟုခေါ်သော နေရာကို မြင်တွေ့နိုင်ပေသည်။ ဘီးလင်း မြို့နယ်သည် ၈၃၅ ဒသမ ၂ စတုရန်းမိုင် ကျယ်ဝန်းလျက် ဘီးလင်းမြို့ ဧရိယာသည် ၂ ဒသမ ၁၄ စတုရန်းမိုင်ဖြစ်သည်။ တောတောင်ထူထပ်၍ မြေမျက်နှာပြင် အသင့်အတင့် ပြန့်ပြူးသော ဘီးလင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃ဝ မြင့်သည်။ ၂၂ မိုင်ရှည်သော ဘီလင်းမြစ်သည် ဘီးလင်းမြို့နယ်ကို ဖြတ်သန်းလျက် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။


လက်ရှိ ဘီးလင်းမြို့နယ်ကို ရပ်ကွက် ငါးခု၊ ကျေးရွာ အုပ်စု ၅၁ အုပ်စု၊ ကျေးရွာ ၂၁၁ ရွာဖြင့် ဖွဲ့စည်းထားကာ မြို့နယ် အတွင်း နေထိုင်သူ ၁၈၈၇၄၄ ဦးတွင် ဗမာလူမျိုး ၁၁၄၅၇၈ ဦး(၆၀ ဒသမ ၇ ရာခိုင်နှုန်း) နှင့် ကရင်လူမျိုး ၆၀၆၀၈ ဦး(၃၂ ဒသမ ၁ ရာခိုင်နှုန်း)ရှိသည်။ မြို့နယ် လူဦးရေ၏ ၉၈ ဒသမ ၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။


ဆင်တပ် မြင်းတပ်


ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာတွင် တည်ရှိ၍ ဆင်ရုပ် မြင်းရုပ်များ ထုလုပ်ထားသဖြင့် ဆင်တပ်မြင်းတပ်ဟု ထင်ရှားသည့် ဂဝံတံတိုင်းကို ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ကျောင်းသား ကျောင်းသူများနှင့်အတူ သွားရောက်လေ့လာခဲ့သည်။ ဆင်တပ်မြင်းတပ် တံတိုင်းသည် ပေ ၄၂၀ ရှည်ကာ ၁၀ ပေမြင့်၍ တံတိုင်း၏ ဝဲဘက်အဆုံးနေရာသည် အထူ ၃၁ ပေ ၈ လက်မရှိကြောင်း တိုင်းထွာနိုင်ခဲ့သည်။ တံတိုင်းပေါ်ရှိ ၃ ပေ ၆ လက်မ ပတ်လည် စတုရန်းကွက် ၃၅ ကွက်ပေါ်တွင် ရုပ်ကြွများကို တစ်ခြမ်းဖောင်းကြွ ထုဆစ်ထားသည်။
ဆင်တပ်မြင်းတပ်ဟု ဆိုကြသော်လည်း မြင်းရုပ်များ မပါရှိဘဲ ခြင်္သေ့နှင့် ဆင်ရုပ်များကိုသာ တွေ့ရှိရသည်။ တောတွင်း၌ ခြင်္သေ့နှင့် ဆင်တို့ သဘာဝအလျောက် ရှင်သန် ကျက်စားကြသည့် ပုံများကို ထုဆစ်ထားသည့် ဂဝံရုပ်ကြွ များသည် အလွန် အသက်ဝင်လှပေသည်။ ကျောပေါ်တွင် ဆင်ခေါင်းသုံးလုံးရှိနေသည့် ခြင်္သေ့တစ်ကောင်၏ ရုပ်တုကို တွေ့မြင်ကြရသကဲ့သို့ ဦးခေါင်းငဲ့စောင်းကြည့်နေသည့် ဆင်တစ်ကောင်ပုံကိုလည်း မြင်ကြရသည်။ ရုပ်ကြွကွက်များ တစ်ကွက်နှင့် တစ်ကွက်ကြားတွင် လေးထောင့်ပုံ ဂဝံ တုံးရှည်များကို ထောင်လိုက် ကန့်ထားပြီး ပေါင်ပေါ်တွင် ကာလသာအိုး ခေါ် ကြာသွတ်အိုးများကို ပုံဖော်ထားသည်။


ဆင်တပ်မြင်းတပ်တံတိုင်းကို သံတိုင်များကာရံလျက် အမိုးအကာအောက်၌ ထိန်းသိမ်းထားပြီး တိုးချဲ့ဆောက်လုပ် ထားသော တံတိုင်းရှည်တွင် မြင်းရုပ်များကို တွေ့ရှိရသည်။ တံတိုင်း၏ ဝဲဘက်အစွန်းတွင် ထုလုပ်ထားသည့် မြင်းရုပ် များသည် မူလလက်ရာမဟုတ်ကြောင်း မန္တလေးတက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်လွင်က ရှင်းပြခဲ့သည်။


ဆင်တပ်မြင်းတပ်၏ အရှေ့စွန်းစွန်းရှိ ကုန်းမို့နေရာတွင် ဂဝံဖြင့် လက်ရာမြောက်စွာ ထုလုပ်ထားသော ဖား၊ ငါးနှင့် လိပ်တစ်ကောင်၏ ရုပ်တုများကို မြင်တွေ့ကြရပြီး မည်သို့ ရည်ရွယ် ထုဆစ်ခဲ့သည်ကို မသိရှိနိုင်ခဲ့ပါချေ။ မြေပြင် ပေါ်တွင် အရှေ့တောင်ဘက်သို့ မျက်နှာမူထားသည့် ရေသတ္တဝါသုံးကောင် ဂဝံရုပ်တုများသည် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။


ဆင်တပ်မြင်းတပ် တံတိုင်းအနီးတွင် ရေကန်တစ်ခုကို တွေ့ရှိခဲ့ကြရပြီး ယင်းကန်သည် ဆင်တပ်မြင်းတပ်တံတိုင်း တည်ဆောက်ခဲ့စဉ်က ဂဝံကျောက်များ ထုတ်ခဲ့သည့် ကျောက်ကျင်းဟောင်းဖြစ်သည်ဟု ဆိုကြသည်။ ဂဝံ စေတီပုထိုးများ တည်ထားခဲ့သည့်နေရာ အနီးဝန်းကျင် များတွင် ဂဝံကျောက်များထုတ်ခဲ့သည့် ကျောက်ကျင်း ဟောင်းများ ရှိနေကြရာ ကျိုက်ထီးဆောင်းစေတီတော် တောင်ဘက်၊ ကျိုက္ကသာစေတီအနီးနှင့် သထုံ ရွှေစာရံ စေတီတော်အနီးတို့တွင် ကျောက်ကျင်းဟောင်းများကို ရေကန်များအဖြစ် တွေ့ရှိနိုင်ကြပေသည်။


ဆင်တပ်မြင်းတပ် တံတိုင်းသည် မြို့ရိုးတံတိုင်း ပုံစံထက် အလှအပများ မွမ်းမံထုဆစ်ထားသော နံရံ တစ်ခု ဖြစ်ဖွယ်ရှိသည်ဟု ယူဆနိုင်သည်။ ရှေးဟောင်းမြို့ တစ်ခု၏ မြို့ရိုးကို မွမ်းမံခြယ်သထားခြင်းထက် နန်းတော်ရာ သို့မဟုတ် ခမ်းနားသော အဆောက်အအုံ တစ်ခုခု၏ အဝန်းအဝိုင်းတစ်ခုကို ကာရံထားသည့် ဂဝံအုတ်ရိုးတွင် အလှအပ တန်ဆာဆင်ထားခြင်းလည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။


ကျိုက်ထီးဆောင်းစေတီ


ဆင်တပ်မြင်းတပ်အနီးတွင်တည်ရှိသည့် ကျိုက်ထီး ဆောင်း စေတီတော်ဝင်းအတွင်း၌ ဂဝံလက်ရာ အများ အပြားများကို မြင်တွေ့ခဲ့ရသည်။ ကျိုက်ထီးဆောင်း စေတီကို ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၁၀ မြင့်သည့် ကုန်းမြင့်ပေါ်တွင် တည်ထားခဲ့ရာ မူလ ကျိုက်ထီးဆောင်းစေတီတော်သည် လေးထောင့်ပန္နက် ပေါ်တွင် ပစ္စယံရှစ်မြှောင့်ခံထားသည့် ဂဝံစေတီတော် ဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်တည်ဆောက်မှု များကြောင့် ယခုအချိန်တွင် စေတီတော်၏ လေးထောင့်ပုံ အခြေသည်သာ မူလလက်ရာအတိုင်း ကျန်ရှိနေသည်။ စေတီတော်ကို အလျား နှစ်ပေနှင့် သုံးပေကြား၊ အထူ ခြောက်လက်မမှ တစ်ပေအကြားရှိ ဂဝံတုံးများဖြင့် တည်ဆောက်ခဲ့သည်။
ကျိုက်ထီးဆောင်းစေတီတော် ရင်ပြင်တွင် ဂဝံ ယဉ်ကျေးမှု အကြွင်းအကျန်များဖြစ်သည့် စေတီတော် အစိတ်အပိုင်းများ၊ ဆင်းတုတော်များ၊ ပန်းဒီဇိုင်းများ၊ သင်ပုတ်စင်များ၊ တိုင်လုံးများ၊ အိုးများနှင့် သရက်ကင်း လှေကားတို့ကို တွေ့မြင်ရသည်။ စေတီတော် အနောက် ဘက် မုခ်ရှိ ဉာဏ်တော် ၃ ပေ ၆ လက်မ သာရှိသည့် ဂဝံစေတီငယ်သည် မူလလက်ရာအတိုင်း ရှိနေပြီး အနား တစ်ဖက်လျှင် ၁ ပေနှင့် ၆ လက်မရှိသည့် ပလ္လင်ပေါ်၌ မုခ်ကပ်လေးခုကို ပြုလုပ်ထားသည်။ မုခ်ကပ်အတွင်း၌ ဘူမိဖဿ (လက်တော် မြေထိ) ဟန် ဗုဒ္ဓဆင်းတုတော် တစ်ဆူစီကို ပူဇော်ထားသည်။


ကြုံတူ ဘုရားကုန်း


ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့သည့် ကြုံတူဘုရားကုန်း သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့မှ တစ်မိုင်အကွာ ရန်ကုန်-မော်လမြိုင် ကားလမ်း၏ လက်ယာဘက် နှစ် ဖာလုံတွင် တည်ရှိသည်။ ပဲခူး စစ်တောင်းတူးမြောင်း၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် ကြုံတူဘုရားဝင်းကို ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှ မြင်ရသည်။
ကြုံတူဘုရားကုန်းတွင် နောင်တော်ကြီးနှင့် နောင် တော်လေး စေတီညီနောင်နှစ်ဆူ ရှိခဲ့ပြီး ပြိုပျက်နေသော နောင်တော်လေးစေတီကို ၂၀၁၂ ခုနှစ် ဝန်းကျင်က ပြန်လည်ပြုပြင်ခဲ့ရာ စေတီတော်ကို ဂဝံကျောက် အောက်ခံပေါ်တွင် အုတ်များဖြင့် တည်ထားကြောင်း တွေ့ရှိခဲ့ရသည်။ ကြုံတူသည် ဂဝံ ယဉ်ကျေးမှု ထွန်းကား ခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်း သုတေသီများက ယူဆ ကြပြီး ယခုအချိန်တွင်မူ ကြုံတူစေတီများသည် မူလ လက်ရာ မရှိတော့ပါချေ။


ကြုံတူဘုရားကုန်း၏ အရှေ့တောင်ဘက်ရှိ အလျား ပေ ၁၅၀၊ အနံ ပေ ၁၀၀၊ အနက် ပေ ၂၀ ရှိသည့် မြစိမ်းကန်အောက်ခြေ၊ ကန်စပ်မှအုတ်ရိုးများရှိ အုတ်ချပ် များသည် အလျား ၁၈ လက်မ၊ အနံ ကိုးလက်မ၊ ထု သုံး လက်မရှိသည်။ အဆိုပါ ရေကန်မှ ၁၈ လက်မ ပတ်လည်၊ အထူလေးလက်မရှိသည့် စတုရန်းပုံ မြေမီးဖုတ် ရုပ်ကြွ များကို ရရှိခဲ့သည်။ ရုပ်ကြွများ၏အလယ်တွင် ကချေ သည်ရုပ်များနှင့် သီဆိုတီးမှုတ်နေကြသည့်ပုံများ ဖော် ထား၍ စက်ဝိုင်းနှစ်ထပ်အတွင်း ဗိန္ဓုစက်များ ခြံရံထား သည်။ မြေမီးဖုတ်ရုပ်ကြွ အကျိုးများကို ကြုံတူစေတီ တော်တန်ဆောင်းအတွင်း ထိန်းသိမ်းထားရှိသည်။


မြစိမ်းကန်အတွင်းမှ ငါးပေနှင့် ခုနစ်လက်မစီမြင့် သောဆောင့်ကြောင့် ထိုင်နေသည့် အရွယ်တူဂဝံ ခြင်္သေ့ ရုပ်နှစ်ခုကို ရရှိခဲ့သည်။ မောင်နှံအသွင်ကို ဆောင်နေကြ သည့် ခြင်္သေ့နှစ်ကောင်ကို အမိုးအကာအောက်၌ ထိန်း သိမ်းထားသော်လည်း ရာသီဥတုဒဏ်ကိုခံခဲ့ကြရသဖြင့် ပီပြင်မှု အားနည်းနေကြပေသည်။


ရေကန်အတွင်းမှ လက်စင်းရာများပါသော ဂဝံ အုတ်ချပ်များကို ရရှိခဲ့ပြီး ရှေးဟောင်းသုတေသနဦးစီး ဌာနက ထိန်း သိမ်းထားခဲ့သည်။ လက်စင်းရာများပါရှိသော အုတ်များကို ယေဘုယျအားဖြင့် ပျူခေတ်အုတ်များဟု ယူဆကြသည်။ ကြုံတူမှ တွေ့ရှိခဲ့သည့် လက်ရေးစင်းပါ အုတ်များပေါ်တွင် ထောင့်ဖြတ်ကြက်ခြေခတ်ပုံ လက်ရေးစင်းသုံးကြောင်း၊ အလျားလိုက် ပေါင်ခတ် လက်ရေးစင်း၊ မျက်နှာပြင်ထိပ် တစ်ဖက်စီတွင် မျဉ်းကွေး စက်ဝိုင်းခြမ်းပုံ လက်ရေးစင်းသုံးကြောင်းနှင့် အလယ် တွင် ထောင်လိုက် လက်ရေးစင်းများကို တွေ့ရှိရသည်။ ကြုံတူသည် ၁၉၃၆ ခုနှစ်တွင် ကမ္ပည်းကျောက်စာဝန် မစ္စတာဒူရိုင်ဇယ် ဦးစွာ ကွင်းဆင်းလေ့လာခဲ့သည့် ဂဝံ ယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သည်။


ကျိုက္ကသာမြို့ဟောင်း


ကျိုက္ကသာသည် ကျိုက်ထိုမြို့နှင့် မုပ္ပလင်အကြား စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ရန်ကုန်- မော်လမြိုင် မီးရထားလမ်းသည် ကျိုက္ကသာ မြို့ရိုးကို ဖြတ်သန်းနေကာ ရထားလမ်း အရှေ့ဘက်ခြမ်းရှိ ကော့စန်ကျေးရွာနှင့် ရထားလမ်း အနောက်ဘက်ခြမ်းရှိ ကျိုက္ကသာကျေးရွာကိုပေါင်း၍ ကျိုက္ကသာကျေးရွာ အုပ်စုအဖြစ် ဖွဲ့စည်းထားသည်။


သစ်တောမင်းကြီး ဦးအောင်မြင့်သည် ကျိုက္ကသာ မြို့ဟောင်းကို ကောင်းကင်ဓာတ်ပုံများမှတစ်ဆင့် မြင်တွေ့ခဲ့ သဖြင့် ၁၉၈၁ ခုနှစ် ဇန်နဝါရီလတွင် ကိုယ်တိုင် ကွင်းဆင်းဖော် ထုတ်ခဲ့ပြီးနောက် ရှေးဟောင်းသုတေသန ဦးစီးဌာနက ၁၉၈၆ ခုနှစ်တွင် တူးဖော်မှုများ ဆောင်ရွက် ခဲ့သည်။


ကျိုက္ကသာရွာရှိ ရှေးဟောင်းသုတေသနဦးစီးဌာနက ထိန်း သိမ်းထားသည့် မုဆိုးမဂူကို သထုံပြည်ပျက်ပြီးနောက် မွန် မိဖုရားတစ်ပါး လာရောက်ပုန်းအောင်းခဲ့ရာနေရာဟု ဆိုသည်။ မုဆိုးမဂူသည် ဂဝံကျောက်ကုန်းတစ်ခုကို တူးထားသည့် လူလုပ်လိုဏ်တစ်ခုဖြစ်ပြီး အတန်ငယ် ကျယ်ဝန်းသည့် အတွင်းပိုင်း၌ အခန်းများဖွဲ့စည်းထားကာ လူများ ကောင်းစွာခိုအောင်းနိုင်ရန် ပြုလုပ်ထားသည်။ သုတေသီများက မုဆိုးမဂူသည် မြို့ရိုးအနီးတွင် တည်ရှိ နေခြင်း၊ လူလုပ်ဂူဖြစ်ပြီး ရန်သူကို ကာကွယ်ရန် စနစ် တကျပြုပြင်ထားသည့် လက္ခဏာများ တွေ့ရခြင်း တို့ကြောင့် မြို့စောင့် သူရဲသူခက်တို့ နားနေစခန်းချရာ နေရာတစ်ခုဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။


မုဆိုးမလိုဏ်ဂူသည် အလျား ပေ ၈၀၊ အနံ ပေ ၂၀ ရှိပြီး ဂူ ပေါက်၀သည် ၂ ပေ ၃ လက်မသာ ကျယ်သည်။ ဂူအလယ် ပိုင်းနှင့် အနောက်ခြမ်းသည် ပြိုကျနေသဖြင့် အခန်းမည်မျှရှိသည်ကို အတိအကျ မသိနိုင်ခဲ့ချေ။ ပြိုကျ နေသည့် ဂူ၏ အလယ်ပိုင်းတွင် အခန်းကျယ်တစ်ခုရှိပြီး ထိုအခန်းထဲတွင် ဂဝံဖြင့်ပြုလုပ်ထားသော ခုတင်တစ်လုံး ယခင်က ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြခဲ့သည်။


ကျိုက္ကသာမှ တစ်မိုင်သာသာဝေးသည့် မလော့ချောင် ရွာရှိ ဘုရားတစ်ထောင်ကုန်း၏ လမ်းဘေးဝဲယာတွင် ကုန်း ၈၄ ကုန်းကို တွေ့ကြရသည်။ ကုန်းများသည် လမ်းတစ်ဘက်စီ၌ ၄၂ ခုစီရှိပြီး ၁၅ ပေမှ ပေ ၂၀ ဝန်းကျင်စီ မြင့်ကြသည်။ ယခင်က ထိုကုန်းငယ်များပေါ်တွင် စေတီ ငယ်များ တည်ထားခဲ့ဟန်ရှိပြီး ယခုအခါတွင် ထိုကုန်းမို့ များပေါ်၌ ရွှေရောင်များဝင်းနေသည့် ခေတ်စေတီ ၁၄ ဆူကို တွေ့ရှိခဲ့ရသည်။


ကုန်းထိပ် စေတီတော်အနီးရှိ ချုံများအတွင်း၌ ဂဝံ ရုပ်တုများကို မြင်တွေ့ကြရသည်။ ယင်းတို့အနက် ဂဝံ ဗုဒ္ဓဆင်းတု နှစ်ဆူသည် တစ်ဆူနှင့်တစ်ဆူ ကျောချင်းကပ် နေကြပြီး အမြင့် ၃၃ လက်မ၊ ရှေ့နောက် ၁၆ လက်မနှင့် ဝဲယာ လက်မ ၂၀ ရှိသည်။ ဆင်းတုတော်နှစ်ဆူ၏ ထူးခြား ချက်မှာ ပြလမ္မနာသန ဟုခေါ်သည့် ခြေစုံတွဲလဲချ ပုံစံ ဖြစ်ကာ ကျိုက်မရောမြို့ရှိ ရှင်စောပုဘုရင်မကြီး၏ ကောင်းမှုတော် ဆုတောင်းပြည့်ရုပ်ပွားတော်၏ အာသန (ခြေဟန်)နှင့် တူညီနေပေသည်။ ရုပ်တုများတွင် ဦးခေါင်း တော်များ မရှိတော့ပါချေ။ မြန်မာနိုင်ငံရှိ ဘုရားရှင်ဆင်းတု ရုပ်ပွားတော်များတွင် တွေ့မြင်ရမှုနည်းပါးသည့် ခြေစုံ တွဲလဲချသည့် အာသန(ခြေတော်ဟန်)သည် ဂဝံ ယဉ်ကျေးမှု ခေတ်ကပင်ရှိခဲ့ကြောင်း သုံးသပ်နိုင်ကြပေသည်။


ဂဝံယဉ်ကျေးမှုထွန်းကားခဲ့သည့် နေရာဒေသများတွင် ဂဝံ ရုပ်တု၊ ဘုရား၊ စေတီ၊ တံတိုင်းများသည် ယနေ့တိုင် ကျန်ရှိနေကြသည်။ သို့သော် ဂဝံသည် မိုးဒဏ်ရေဒဏ်ကို ကျောက်သားများလောက် မခံနိုင်သဖြင့် ဂဝံအနုလက်ရာ များ ရေရှည် တည်တံ့နေစေရန် ထိန်းသိမ်းကြရမည်သာ ဖြစ်ပေသည်။ ။


ကိုးကား
၁။ ကောင်းကင်ဓာတ်ပုံများမှ


မြန်မာ့ရှေးဟောင်းမြို့တော်များ(ဦးအောင်မြင့်)
၂။ သုဝ္ဏဘူမိ သုတေသန(ဦးစံဝင်း)


၃။ သုဝ္ဏဘူမိ ဂဝံယဉ်ကျေးမှုစာတမ်းများ


(မောင်မောင်လွင်)