ဆန်းရယ်ဂျင်ရဲ့ ရုပ်ရှင်သစ် လာမည့်လအတွင်း ပြသမည်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ဆန်းရယ်ဂျင်ရဲ့ ရုပ်သံဇာတ်လမ်းတွဲသစ်ကို မကြာမီ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ လတ်တလောမှာ အဆိုပါဇာတ်လမ်းတွဲ ရုပ်ရှင်အတွက် ဇာတ်ညွှန်းဖတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီလအတွင်း ယင်းဇာတ်လမ်းတွဲကို စတင်ထုတ်လွှင့်ပေးမှာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဆန်းရယ်ဂျင်ဟာ အဆိုပါ ဇာတ်လမ်းတွဲသစ်မှာ အဓိကအမျိုးသမီး ဇာတ်ကောင်အဖြစ် ပါဝင် ထားပါတယ်။ ယင်းဇာတ်လမ်းတွဲဟာ အသက် ၄၀ ပြည့်တော့မယ့် အမျိုးသမီးသုံးဦးအကြောင်းကို ပုံဖော်ထားတာဖြစ်ပြီး 39 လို့ ယာယီအမည်ပေးထားပါတယ်။ ဒီဇာတ်လမ်းတွဲကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းဇာတ်လမ်းတွဲမှာ ဆန်းရယ်ဂျင်နဲ့တွဲဖက်ကာ အဓိက အမျိုးသားဇာတ်ဆောင်အဖြစ် မင်းသား ယွန်ဝူဂျင် ပါဝင်သရုပ်ဆောင်မှာပါ။ အဆိုပါ ဇာတ်လမ်းတွဲဟာ အထက်တန်းဒုတိယနှစ်မှာ စတင် ဆုံတွေ့ခဲ့ကြတဲ့ သူငယ်ချင်းသုံးဦးရဲ့ သံယောဇဉ်ကိုလည်း ထည့်သွင်းပုံဖော်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေနဲ့ အချစ်ရေး အကြောင်းအရာတွေကိုလည်း ထည့်သွင်းဖန်တီး ထားတယ်လို့ သိရပါတယ်။

39 မှာ ဆန်းရယ်ဂျင်ရဲ့ သူငယ်ချင်းတွေအဖြစ် မင်းသမီး ဂျွန်ကီဒိုနဲ့ ကင်ဂျီယွန်းတို့က တွဲဖက် ပါဝင်ထားပါတယ်။ ဆန်းရယ်ဂျင် ပါဝင်ထားတဲ့ ဇာတ်ကောင်ကတော့ ဂန်းနမ်းမှာ ဆေးခန်းဖွင့်ထားတဲ့ အရေပြားဆရာဝန်တစ်ဦးဖြစ်ပြီး ဂျွန်ကီဒိုကိုတော့ မင်းသမီးဖြစ်ဖို့ရာ တိတ်တဆိတ်အိပ်မက်မက်နေတဲ့ ကျောင်းဆရာမတစ်ဦးအဖြစ် တွေ့မြင်ရမှာပါ။ ကင်ဂျီယွန်းကတော့ အလှကုန်ပစ္စည်းအရောင်းဌာနရဲ့ မန်နေဂျာအဖြစ် ပါဝင်ပုံဖော်ထားပါတယ်။

အေးပြည့်