ဆန်းသစ်တီထွင်သည့် မြန်မာ့စားသောက်ကုန်လုပ်ငန်း အသေးစား၊ အလတ်စား ထုတ်ကုန်ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

မော်လမြိုင်   ဒီဇင်ဘာ   ၇

 

မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ပြည်ပဈေးကွက်ထိ MSMEs လုပ်ငန်းများ ပိုမိုများပြားလာစေရန်ရည်ရွယ်၍ အာဆီယံ- ဟောင်ကောင်၊  China Free Trade Agreement ECOTECH Work Programme ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီး စားသောက် ကုန်ထုတ်လုပ်ငန်းများ ဆန်းသစ်တီထွင်မှု အလေ့အကျင့်ကောင်းများ မျှဝေသည့်   စီမံကိန်း MSMEs ထုတ်ကုန်ပြိုင်ပွဲ ဆုပေးပွဲကို ဒီဇင်ဘာ ၆ ရက်က မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြိုင်ပွဲဝင် လုပ်ငန်းရှင် ရှစ်ဦးတို့က တစ်ဦးချင်းစီအလိုက် စားသောက် ကုန်ထုတ်လုပ် မှုများကို ရှင်းလင်းတင်ပြပြီး ဆုပေးပွဲကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ပထမဆုရရှိသည့်  ရွှေဝါမြေ ဝဥခြောက်လုပ်ငန်း  ဦးကျော်ခိုင်မြင့်အား လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်က ဒုတိယဆုရရှိသည့် JJY (မှိုစားသောက်ကုန်ထုတ်လုပ်ငန်း) ဒေါ်ခင်လေးဆန်းအား လည်းကောင်း၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က တတိယဆုရရှိသည့် ပြည်မြန်မာကိတ်နှင့် မုန့်မျိုးစုံ လုပ်ငန်း ဦးဇော်အေးအား လည်းကောင်း၊ ဖိတ်ကြားထားသည့် ပညာရှင်များက နှစ်သိမ့်ဆုရရှိသူ ငါးဦးတို့အားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)