ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရားခရီး

ဟင်္သာတ နေခြည်

 

ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရားသည် ရခိုင်ရိုးမတောင်တန်း၏ ကုန်းမြေပေါ် တောင်ဘက်ဆုံးအစွန်းတွင် တည်ထားသော စေတီဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ဆံတော်ကို ထည့်သွင်းဌာပနာထားသော ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရားသည် ဂေါတမဘုရားရှင် ပွင့်တော်မူစဉ်က ဥက္ကလာပပြည် ပေါက္ခရဝတီ အတိသဉ္စာမြို့နေ သုဝဏ္ဏသူဌေးကြီး၏သား တဖုဿနှင့် ဘလ္လိကညီနောင်တို့ မဇ္ဈိမသို့ ကုန်ကူးသွားကြရာ ဘုရားရှင်ထံမှ ဆံတော်ရှစ်ဆူ ပင့်ဆောင်ပြီး ပြန်လာခဲ့ကြပါသည်။ ကုသိမနာဂရ (ပုသိမ်) မြို့၏အ နောက်တောင်ဘက် နာဂရဇ် (သရန) (မော်တင်) အငူစွန်းသို့ ရောက်သည့်အခါ ဇေယျသေန နဂါးမင်းက အလှူခံ၍ ဆံတော်ရှင် မြတ်မော်တင်ဘုရားကို တည်ထားကိုးကွယ်ခဲ့ပါသည်။

 

သီရိဓမ္မာသောကမင်း၊ ပုဂံခေတ် အနော်ရထာ၊ ကျန်စစ်သားမင်းတို့ ဆက်လက် ကိုးကွယ်ခဲ့ပါသည်။ အလောင်းစည်သူမင်း သည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်စဉ် ဆံတော်ရှင်မြတ်မော်တင်ဘုရားသို့ ရောက်သည့်အခါ မော်တင်စေတီကို ပြုပြင်မွမ်းမံရုံသာမက ဖောင်တော်ဦး၊ ဖောင်တော်ဆိပ်၊ ဘုရားစေတီများ တည်ခဲ့ပါသည်။ ယခုအခါ ဆံတော်ရှင် မော်တင်စေတီဘုရား၊ ဖောင်တော်ဦးစေတီ၊ ဖောင်တော်ဆိပ်စေတီ၊ နတ်တောင်စေတီများကို မဝေးမနီး တစ်နေရာတည်းမှာပင် ဖူးမြင်နိုင်ပါသည်။

 

ယခုခရီးစဉ်ကို ၂၁-၂-၂၀၂၀ ရက်နေ့ ညနေ ၆ နာရီမှာ သန်လျင်မြို့ အောင်ချမ်းသာစုရပ်မှ ၄၅ ဦးဆန့် Express ဘုရားဖူးကားကြီး နှစ်စီးဖြင့် စတင်ထွက်ခွာလာပါသည်။ ကားပိတ်သောရန်ကုန်ကို ဖြည်းညင်းစွာဖြတ်သန်း၍ လမ်းပြင်တိုးချဲ့နေသော လှိုင်သာယာကိုကျော်ပြီး ညောင်တုန်းမြို့ မြသီတာဆိုင်မှာ ခေတ္တနားသည့်အခါ ည ၁၁ နာရီခွဲဖြစ်နေပါသည်။ နာရီဝက်နားပြီး ဗိုလ်မြတ်ထွန်းတံတားကိုဖြတ် ပန်းတနော်မြို့ကိုဝင် ပုသိမ်လမ်းအတိုင်း သွားကြပါသည်။ ကန်ကြီးထောင့်ကို ဝင် ပုသိမ်မြို့နယ်အဝင်မှ လမ်းခွဲပြီး မော်တင်စွန်းလမ်း တောင်တက်ခရီးကို စတင်ပါသည်။ တစ်တောင်ပြီးတစ်တောင် တက်လိုက် ဆင်းလိုက် ကွေ့ကောက်လိုက်နှင့် အက်စ်(S) ပုံသဏ္ဌာန်အကွေ့ ကုန်းတက်များနှင့် အကွေ့ ကုန်းဆင်းများစွာကို ခက်ခက်ခဲခဲ သွားရပါသည်။

 

အိပ်ပျော်နေသူများမှအပ တော်တန်ရုံ ခေါင်းမမူးတတ်သူများပင် မူးကြအန်ကြဖြစ်ရပါသည်။ ကားမောင်းသူများမှာ တော်တော်ကျွမ်းကျင်ကြပြီး ကား၏ကြံ့ခိုင်မှုကို ကြိုတင်စစ်ဆေး သတိထား  မောင်းကြရပါမည်။ ဤနေရာသည် ငရုတ်ကောင်းတောင်ဟု ခေါ်ပါသည်။ ငရုတ်ကောင်းမြို့နှင့် ၁၇ ဒသမ ၇ မိုင် ဝေးကြောင်း၊ မော်တင်စွန်းသို့  ၄၁ ဒသမ ၅ မိုင် မောင်းရဦးမည်ဖြစ်ကြောင်း၊ ပုသိမ်မြို့မှ ၅၈ ဒသမ ၄ မိုင်ဝေးကြောင်း လမ်းညွှန်မှတ်တိုင် ဆိုင်းဘုတ်များမှ သိရပါသည်။

 

ငရုတ်ကောင်းတောင်မှာ နာရီဝက်နားပြီး ဆက်လက်ထွက်ခွာလာရာ ကောင်းကင်မှာ ရောင်နီလေး ပျိုးလာရာမှ တဖြည်းဖြည်း မိုးလင်းလာပါသည်။ ဝန်းကျင်တစ်ခုလုံးကို ထင်ရှားပီပြင်စွာမြင်ရပြီး မြူများဆိုင်းနေသော တောင်ထိပ်ပိုင်းများကို မြူပင်လယ်မှာ ကျွန်းပေါ်သလိုတွေ့မြင်ရပါသည်။ တောင်ပေါ် ခရီးပင်ဖြစ်နေသဖြင့် တစ်တောင်ပြီးတစ်တောင် တက်လိုက်ဆင်းလိုက် ကွေ့ကောက်လိုက်နှင့် အက်စ်ပုံသဏ္ဌာန် အကွေ့ကုန်းတက်များနှင့် အကွေ့ကုန်းဆင်းများစွာကို ခက်ခက်ခဲခဲ သွားနေရဆဲဖြစ်ပါသည်။ မနက် ၈ နာရီခွဲ မှာတော့ တောင်ပေါ်အမြင့်ပိုင်းမှ ရေပြာပြာ ပင်လယ်ကို တွေ့ရပါပြီ။ လှလိုက်သည့် မြင်ကွင်းဖြစ်သဖြင့် ကြည့်မဝပါ။ ဤနေရာသည် ခမောက်မော်ရွာရှိ မော်တင်စွန်းအငူပင်တည်း။

 

ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် တည်ခိုးဆောင်များသော်လည်း သီဟအဖွဲ့သည် မြတ်မော်တင်ကျောင်း၊ ဝိပဿနာသိင်္ဂီကျောင်းတိုက် (ရုပ်တုကျောင်းတိုက်) မှာ တည်းခိုဖို့ဖြစ်ပါသည်။ မြတ်မော်တင်ကျောင်း၊ ဝိပဿနာသိင်္ဂီကျောင်းတိုက် (ရုပ်တုကျောင်းတိုက်) တွင် ပစ္စည်းများချ နေရာယူပြီးနောက် ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရာ မြတ်မော်တင်ကျောင်းသည် တောင်ကုန်းပေါ်တွင်ရှိပြီး ကျောင်း၏အရှေ့ဘက်သို့ ထွက်လိုက်သည်နှင့် စေတီဘုရား တစ်ဆူ၏ ပရိဝုဏ်နှင့် သာသနိကအဆောက် အအုံများ၊ ဈေးဆိုင်များ အလှူခံဌာနများကို တွေ့မြင်ရပါသည်။ ဤစေတီသည် ရှေးဟောင်းသမိုင်းဝင် မဟာမာကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ဖြစ်ပါသည်။ စေတီ၏ အရှေ့ဘက်တွင် သဲသောင်ကမ်းခြေ နှင့် ပင်လယ်ကြီးကို တွေ့ရပါသည်။ အရှေ့ ၊ မြောက်ဘက် မနီးမဝေးရှိ ရေတိမ်ကမ်း ( ကျောက်ဆောင်ကြီးပေါ်တွင် တည်ထားသောစေတီငယ်တစ်ဆူကို ထပ်မံဖူးတွေ့ရပါသည်။ ဤနေရာမှ ထိုနေရာသို့ စောင်းတန်းသုံးသွယ်ဖြင့် ဆင်းသွားနိုင်ပါသည်။ ဤမော်တင်စွန်း စေတီပရိဝုဏ်အတွင်းမှာပင် နောက်ထပ်စေတီများ တည်ထားသေးသည်။

 

မြတ်မော်တင်ကျောင်းမှာ နားနေကြပြီး နေ့လယ် ထမင်းစားကြပါသည်။ စားပြီးလျှင် ငွေတောင်ကမ်းခြေသို့ သွားရောက်လေ့လာရင်း ရေကစားကြမည်ဖြစ်ပါသည်။ တည်းခိုသောနေရာမှ ငွေတောင်သို့ ကမ်းခြေသွား ကားငယ်များဖြင့် တစ်ဆင့်သွားကြရပါသည်။ ၃ မိုင်ခန့် ဝေးပြီး ကမ်းခြေသဲသောင်တစ်လျှောက် မောင်းရပါသည်။ ငွေတောင်ကမ်းခြေ ရောက်သည့်အခါ အများသူငါတို့ ပင်လယ်ရေဆော့ ကစားနေကြပါသည်။ ကမ်းခြေသဲသောင်မှာ သဲနုများဖြစ်ကြ၍ ရေစပ်ဆင်ခြေလျှောမှာ ပြေပြစ်လှပါသည်။ ပင်လယ်ရေသည် ကြည်စိမ်းအေးမြနေပါသည်။ ရေစပ်မှာ လှိုင်းလုံးများနှင့်အတူ သဲပွင့်လေးများရောပါလာသဖြင့် ကမ်းစပ်မှ ၁၀ ပေကျော်ကျော် အထိဆင်းပါမှ သဲပွင့်များမပါသော ပင်လယ်ရေ ကြည်များမှာ ဆော့ကစားနိုင်ပါသည်။ ပင်လယ်ရေသည် ကြည်စိမ်းအေးမြပြီး တော်တော်ငန်ပါသည်။ နာရီဝက်ကျော် ရေစိမ်ဆော့ကစားပြီး ကမ်းပေါ်တက်၊ ဈေးဆိုင်များမှာ တစ်ယောက် ကျပ် ၅၀၀ ဖြင့် ရေချိုပြန်ချိုးရပါသည်။ အစားအစာများလည်း မှာယူစားသောက် နိုင်ပါသည်။

 

ငွေတောင်ကမ်းခြေမှ ဟိုင်းကြီးကျွန်းသို့ သွားမည်ဆိုသော်လည်း ကျောင်းသို့သာ ပြန်ပို့ပေးပြီး ညနေမှ သွားမည်ဖြစ်ပြန်သည်။ ညနေမှာတော့ အိပ်ပျော်နေသဖြင့် ကျန်ခဲ့သည်။ အိပ်ရာနိုးတော့ မော်တင်တောင်ပေါ်ဘုရား ရှေးဟောင်းသမိုင်းဝင် မဟာမာကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကိုဖူးရင်း ဘုရားသမိုင်းနှင့် ဘုရားပရိဝုဏ်အနှံ့ လေ့လာမှတ်သားခဲ့သည်။

 

မြတ်မော်တင်ဘုရား၊ ဖောင်တော်ဦးစေတီ၊ နဂါးရုံစေတီတို့ကို ဖူးမြော်ပြီး ဖောင်တောင်ဦး စေတီဘေးရှိ စောင်းတန်းမှဆင်းကာ ဖောင်တော်ဆိပ်စေတီသို့ သွားရောက်ဖူးမြော်ကြသည်။ ဖောင်တော်ဆိပ် စေတီသည် ကမ်းခြေကျောက်တုံး ကျောက်ဆောင်များပေါ်တွင် တည်ထားသဖြင့် ကမ်းစပ်မှ ပေ ၃၀၀ ခန့် ကွာဝေးမည်ထင်သည်။ ဘုရားသို့သွားရာ လမ်းဝဲယာမှာ ငှက်ပျောတုံးငယ်များဖြင့် ဖောင်ဖွဲ့ပြုလုပ်ထားသော နဂါးစာကျွေး ဖောင်ငယ်လေးများ ဆိုင်၊ ပင်လယ်ခရုခွံများဖြင့် ပြုလုပ်ထားသည့် လက်ဆောင်ပစ္စည်းဆိုင်၊ အမှတ်တရ ဘုရားပုံတော်နှင့် သမိုင်းစာအုပ် ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ဒေသထွက် ပင်လယ်စားသောက်ကုန်ဆိုင်များ၊ မုန့်ဆိုင်များ၊ အလှူခံဌာနများဖြင့် စည်ကားနေပါသည်။

 

ဘုရားသို့သွားရာလမ်းသည် နေ့လယ် ဒီရေတက်ချိန်တွင် ရေမမြုပ်သော်လည်း ညဒီရေမှ မြုပ်တတ်သည်ဟု မှတ်သားရပါသည်။ ဖောင်တောင်ဆိပ်စေတီပေါ်သို့ စေတီ ဖိနပ်တော်နှစ်ဆင့် လှေကားထစ်များမှ တက်ရောက်ပူဇော်ရပြီး တောင်ပေါ်မြတ်မော်တင်ဘုရား၊ ဖောင်တော်ဦးစေတီ၊ နဂါးရုံဘုရားများနှင့် အနောက်ဘက်ရှိ နတ်တောင်စေတီတို့ကို လှမ်းမျှော်ဖူးမြင်နိုင်သဖြင့် လွန်စွာ စိတ်ကြည်နူးရပါသည်။

 

ပင်လယ်ရေပြင်မှ လေကောင်းလေသန့်များကို တဝကြီးရှူနိုင်သဖြင့် ကျန်းမာရေးအတွက် အလွန်ကောင်းမည်မှာ သေချာလှ သည်။ ဖောင်တော်ဆိပ်စေတီမှ မြတ်မော်တင် စေတီသို့ ပြန်တက်ပြီး တည်းခိုရာ ကျောင်းသို့ ပြန်နား ညစာစားကြသည်။ ညရောက်သည့် အခါ မြတ်မော်တင်စေတီရင်ပြင်တွင် ဘုရား ဝတ်ပြုပြီးတရားမှတ် မေတ္တာပို့ သစ္စာဓိဋ္ဌာန်ပြု ဆုတောင်းခဲ့ကြသည်။ မြတ်မော်တင်ကျောင်း၌ တစ်ညအိပ်ပြီး မနက်စောစောတွင် တောင်ပေါ် မြတ်မော်တင်စေတီ၊ ဖောင်တော်ဦးစေတီ၊ နဂါးရုံဘုရားများနှင့် တောင်ခြေကမ်းစပ် ဖောင်တော်ဆိပ်စေတီကို ထပ်မံပူဇော်ကြပါသည်။ နံနက် ၉ နာရီတွင် ရှင်ဥပဂုတ္တဖောင်မျှောပွဲနှင့် ကြုံသဖြင့် သီဟအဖွဲ့များ ပါဝင်ဆင်နွှဲ ကြပါသည်။

 

ထို့နောက်နေ့လယ်စာကို အလှူရှင်တစ်ဦးက ကျွေးပြီး မွန်းတည့် ၁၂ နာရီတွင် သီဟအဖွဲ့ ပြန်ကြပါသည်။ အပြန် ပုသိမ်မြို့သို့ ဝင်ပြီး ဆံတော်ရှင် ရွှေမုဋ္ဌောဘုရားကြီးသို့ ဝင်ဖြစ်သည်။ လာလမ်းအတိုင်း ပြန်ကြရာ ညက ကောင်းစွာမမြင်တွေ့ရသော တောင်တက် တောင်ဆင်း ခရီးရှုခင်းများကို ရင်တလှပ်လှပ် သည်းတဖိုဖို ခံစားရပါသည်။ ၂-၅-၂၀၁၃ နေ့က ပျံလွန်ခဲ့သော သက်တော် (၁၀၀) ဝါတော် (၈၀)ရှိ ငါးပြေမ ဆရာတော်ဘဒ္ဒန္တဝဏ္ဏသာမိ၏ စံကျောင်းတော်သို့ ဝင်ရောက်ဖူးမြော်ရာ ဆရာတော်သည် မှန်ခေါင်းအတွင်း အိပ်နေသလို အသားအရေက ပကတိ ဖြူစင်ဝင်းပပြီး ဦးခေါင်းတော်မှာ ဆံစကလေးများကိုပင် ဖူးတွေ့ရသည်။

 

ဤစံကျောင်းတော်ရှိ ဓမ္မာရုံတွင် ဝေယျာ ဝစ္စအဖွဲ့ ကလည်း လာသမျှပရိသတ်ကို အာဟာရဒါန တစ်မျိုးမျိုးဖြင့် စတုဒိသာကျွေးကြရာ ရခိုင်မုန့်တီနှင့်ဖြစ်သည်။ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ငါးပြေမဆရာတော် စံကျောင်းမှ ထွက်ခွာလာကြရာ ဂျိတ်ကွင်းရွာကိုကျော်လျှင် ရွာစဉ်ပြတ်သွားပြီး ငရုတ်ကောင်းတောင် ရွှေမင်းသမီးဆိုင်ကို ကျော်ပြီး ခေတ္တနားကြသည်။ ထိုမှ ဆက်လက်ထွက်လာရာ သစ်တို ရွာ၊ တောကြီးရွာတို့ကိုလွန်ပြီး ပုသိမ်မြို့နယ် အတွင်းသို့ ရောက်သည်။

 

ဆံတော်ရှင်မြတ်မော်တင်နှင့် အခြားဖောင်တော် တန်ခိုးကြီးဘုရားများကို ဖူးနိုင်ဖို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြပါစေကြောင်း နိဗ္ဗာန်အကျိုးကိုမျှော် နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။

 

ကြေးမုံ