ဆရာတော် ဦးကိတ္တိသာရ(အကယ်ဒမီ ကျော်ဟိန်း) ယနေ့ မနက်ပိုင်းက ပျံလွန်တော်မူ

ရန်ကုန် ၁၁ ဇူလိုင်

 

သြစတြေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့တွင် သီတင်းသုံးလျက်ရှိသော ဆရာတော် ဦးကိတ္တိသာရ(သရုပ်ဆောင် အကယ်ဒမီ ကျော်ဟိန်း)သည် ယနေ့(ဇူလိုင် ၁၁ ရက်)နံနက် မြန်မာစံတော်ချိန် ၉  နာရီ ၂၇ မိနစ်တွင် ပျံလွန်တော်မူကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းမှ သိရသည်။

 

ဆရာတော် ကိတ္တိသာရ (အကယ်ဒမီ ကျော်ဟိန်း) သည် ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် သြစတြေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့၌ ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တူတော်စပ်သူ သရုပ်ဆောင် ဒါရိုက်တာ သားညီက လူမှုကွန်ရက်တွင် ရေးသားထားသည်။ နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌ ဖြစ်သည့် ဦးကျော်သူကလည်း ဆရာတော်ပျံလွန်တော်မူသွားကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားထားသည်။

 

"ဦးကိတ္တိသာရ(အကယ်ဒမီ ကျော်ဟိန်း) ပျံလွန်တော်မူသွားပြီဆိုတဲ့ သတင်းကြားကြားချင်း ရှော့ခ်ရခဲ့တယ်။ တိုက်ဆိုင်တာက တူဖြစ်သူ ဒွေး(သားကြီး)နဲ့က ကွယ်လွန်တဲ့ရက် တူနေတာပါ။ မွေးနေ့မတိုင်ခင် ဘဝကူးသွားတဲ့ ဦးကျော်ဟိန်းက သူပြောခဲ့တဲ့စကားအတိုင်း သေမယ့်နေ့အထိ ပြင်ဆင်သွားတယ်"ဟု  နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်သူက ပြောသည်။

 

ဇူလိုင် ၁၄ ရက်သည် ဆရာတော် ဦးကိတ္တိသာရ၏ သက်တော် ၇၃ နှစ်ပြည့်မွေးနေ့ဖြစ်သည်။

 

သရုပ်ဆောင် မင်းသားကြီး ကျော်ဟိန်းအား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ ရန်ကုန်မြို့မှာ အဖ ဦးဂျွန်မောင်စိန်နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် ကျော်ကြီး၊ အမည်ရင်းကတော့ ကျော်ဌေး ဖြစ်သည်။ မွေးချင်း မောင်နှမ ၆ ယောက်ရှိပြီး ဦးကျော်ဟိန်းက ၄ ယောက်မြောက်သားလည်း ဖြစ်သည်။

 

မင်းသားကြီး ကျော်ဟိန်းသည် “အကာကအချစ်၊ အနှစ်ကမေတ္တာ” ၊ “မွန်းတည့်ချိန်တွင် နေဝင်သည်”၊ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ၊ “ဝေလည်းမွှေး ကြွေလည်းမွှေး” ၊ “နေကမွေးတဲ့ လ” စသည့် ရုပ်ရှင်ဇာတ်ကားများနှင့် အကယ်ဒမီ ၅ ဆု ရရှိခဲ့သည်။

 

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် ဦးကျော်ဟိန်းသည် ရုပ်ရှင်လောကမှ အနားယူပြီး ရဟန်းဝတ်ခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက် မြန်မာနိုင်ငံမှ ထွက်ခွာပြီး သမီးဖြစ်သူရှိသည့် ကင်မ်ဘာရာမြို့သို့ ကြွရောက်သီတင်းသုံးခဲ့ခြင်း ဖြစ်သည်။

 

မေသက်ထား